• Today is: Monday, May 27, 2024

တောင်ကြီးမြို့မှာ ညစဉ်ညတိုင်း MPT ဆက်သွယ်ရေး လိုင်းပြတ်တောက်နေ

တောင်ကြီးမြို့မှာ ညစဉ်ညတိုင်း MPTဆက်သွယ်ရေးလိုင်းပြတ်တောက်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၉၊ ၂၀၂၃

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၆ရက်ကနေ ဒီဇင်ဘာ ၁၉ရက်၊ ညနေ ၅နာရီကစတင်ပြီး ညစဉ်ညတိုင်း MPT ဆက်သွယ်ရေး လိုင်း ပြတ်တောက် နေတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေအခြေစိုက်ရာ တောင်ကြီးမြို့မှာ စစ်ကောင်စီလက်အောက်ခံ MPTဆက်သွယ်ရေးလိုင်းဟာ ဒီဇင်ဘာလ ၆ရက်ကတည်းက စတင်ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီလ ၆ရက်နေ့၊ ညနေ ၅နာရီကတည်းက စပြတ်တာ။ ဖုန်းဆက်လို့မရလို့၊ စာပို့လည်းမရဘူး၊ အင်တာနက်သုံးလို့မရဘူး။ မနက်အစောပိုင်းမှပဲပြန်ရတယ်၊ နေ့တိုင်းဖြစ်နေတာ”လို့ ဒေသခံတစ်ဦးက FJMMကိုပြောပါတယ်။

MPTဆက်သွယ်ရေးလိုင်းပြတ်တောက်နေပေမယ့် အခြားပြည်တွင်းဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ Atom၊ Mytel၊ Ooredoo ဆက်သွယ်ရေးလိုင်းတွေကတော့ ပုံမှန်အတိုင်း အသုံးပြုလို့ ရနေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့မှာ လက်ရှိ MPTဆက်သွယ်ရေးလိုင်းအပြင် လျှပ်စစ်ဓာတ်အားလည်း ဆိုးဝါးစွာ ပြတ်တောက်နေပြီး တစ်ရက်ကို ၈နာရီခန့်သာ လျှပ်စစ်ဓာတ်အား ရရှိနေတယ် လို့လည်း သိရပါတယ်။