• Today is: Tuesday, April 16, 2024

ဗဟုအမျိုးသားလူထုဖြစ်တည်မှု နှင့် နိုင်ငံရေးတည်ဆောက်မှု

ဗဟုအမျိုးသားလူထုဖြစ်တည်မှု နှင့် နိုင်ငံရေးတည်ဆောက်မှု

စည်းနရီ | အတွေးအမြင်

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးတွင် ပြောလေ့ကြားရလေ့ရှိသော အကြောင်းအရာများမှာ လူမျိုးရေး၊ အမျိုးသားနိုင်ငံရေး၊ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် စသည်တို့ဖြစ်သည်။ ထိုစကားများက ဘာကိုဆိုလိုပါသလဲဆိုသည့် အနက်အဓိပ္ပာယ်ကို နားလည်ရန် လိုအပ်သည်။ ပြဿနာတခုက ပြောနေသည့်သူများကော၊ ဝေဖန်နေသည့်သူအများစု အနေဖြင့်ပါ စကားလုံးများ၏ ဆိုလိုရင်းကို အသေးစိတ် စဉ်းစားထားခြင်း၊ နားလည်ခြင်းများ မရှိနေခြင်းပင်ဖြစ်သည်။ ကြားပါများ၍ စကားကို ရနေကြသော်လည်း အနှစ်သာရ ယူဆပုံတွင် ကွာဟနေကြသည်။

နိုင်ငံရေးနှင့် နိုင်ငံတော်

နိုင်ငံရေးဟု မြန်မာလို လွယ်လွယ်ခေါ်လိုက်သော်ငြား လက်နက်နိုင်ငံကြီးတခုတည်း၏အရေးကို မဆိုလိုပေ။ သဘာဝအားဖြင့် အာဏာနှင့် ဩဇာအမျိုးမျိုးကို မည်သို့စီမံခန့်ခွဲမည် (Excercise of Power) ကို ပုံဖော်ခြင်းများ အားလုံးကို နိုင်ငံရေးဟု ဆိုရသည်။ အင်္ဂလိပ်စကားတွင် Politics ဆိုသော အသုံးမူလရင်းမြစ်သည် လူထု၏နေ့စဉ်ဘဝကို ဆိုလိုသော်လည်း လက်တွေ့တွင်မူ နိုင်ငံရေးဆိုသည့် အသုံးအနှုန်းကို နိုင်ငံနှင့်မဆိုင်သောနေရာများနှင့် လူတဦးချင်းစီအတွက်ပါ အသုံးပြုနေသည်လည်း ရှိသည် (Morgenthau, 2012)[1]။ နိုင်ငံရေးတွင် မျက်နှာစာနှစ်ခုရှိရာ ပထမမျက်နှာစာမှာ အုပ်ချုပ်သူ၊ အုပ်ချုပ်ရေးနှင့် အုပ်ချုပ်ခံတို့ကြားရှိ အစီအစဉ်နှင့် ဆက်သွယ်ချက်များကို ဖော်ပြပြီး ဒုတိယမျက်နှာစာမှာ အဆုံးသတ်မရှိ ကျယ်ပြန့်သောလူမှုရေး ကိစ္စများတွင် အသုံးပြုသည် (Gallie, 1973)[2]။ နိုင်ငံရေးကောင်းသူဟု ပြောလိုက်လျှင် စဉ်းစားတွေးခေါ်နိုင်သူ၊ ငြင်းခုန်နိုင်သူ၊ အပြောအဆိုလိမ္မာသူ၊ အစီအစဉ်ချတတ်သူ၊ လွှမ်းမိုးနိုင်သူ စသည်ဖြင့်လည်း ဆိုလိုသည်။ ယခုစာတမ်းတွင်မူ နိုင်ငံရေးဟူသည် အစိုးရ၏ အုပ်ချုပ်မှု၊ ပြည်သူ့ရေးရာ၊ ပဋိပက္ခဖြေရှင်းခြင်း၊ သဘောတူညီချက်များရရန် ညှိနှိုင်းခြင်း၊ အရင်းအမြစ်များကို မျှဝေခြင်း စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

“နိုင်ငံရေးကို အမြင်ကျယ်ကျယ်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုပါလျှင် လူတို့အနေဖြင့် သဘောတူနေထိုင်ကြသည့် ယေဘူယျစည်းမျဉ်းများကို ချမှတ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းများဟု ဆိုနိုင်သည်” (Heywood, 2013)[3]ဟု Heywood က ဖွင့်ဆိုသည်။ David Easton ကမူ နိုင်ငံရေးဟူသည် “လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးထားမှုများကို ဩဇာအာဏာဖြင့် ချမှတ်ခြင်း”ဟု ဖွင့်ဆိုသည်။ လူတိုင်းတွင် ဖြစ်ချင်သည့် ဆန္ဒ၊ မဖြစ်ချင်သည့် ဆန္ဒများ ရှိကြသည်ဖြစ်ရာ လူ့အသိုင်းအဝိုင်းလည်ပတ်ရာတွင် ယှဉ်ပြိုင်မှုနှင့် ပဋိပက္ခသည် အမြဲပါလာရမည်သာဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးတွင် ပဋိပက္ခကို ရှောင်လွှဲမရပေ။ Warren အနေဖြင့်မူ နိုင်ငံရေးသည် ပဋိပက္ခနှင့် အာဏာဩဇာ၏ ဆုံမှတ်ဟု ဆိုသည် (Warren, 1999)[4]။ Michael Laver ကမူ “သန့်စင်သော ချစ်မေတ္တာနှင့် ကြမ်းတမ်းသော စစ်ပွဲတို့အကြားတွင် နိုင်ငံရေးရှိသည်”ဟု ရေးလေသည် (Van der Eijk, 2018)[5]

နိုင်ငံရေးသမားတိုင်းသည် မည်သည့်အာဏာကို မည်သို့အသုံးပြုနိုင်မည့်အရေးကို ဖော်ဆောင်ကြရသည်။ နိုင်ငံရေးသည် မည်သူက ဘယ်ဟာကို ရမလဲ၊ ဘယ်တော့ရမလဲ၊ ဘယ်လိုရမလဲဟူသည့်အချက်များအား ဆွေးနွေးခြင်းဟု Lasswell က ဆိုသည် (Lasswell, 1936)[6]။ လူများစုဖွဲ့လာသည်နှင့် အားသာမှု၊ အားနည်းမှု၊ ဩဇာတိက္ကမ ရှိမှု၊ မရှိမှု၊ ရိုးသားမှု၊ ကောက်ကျစ်မှုများ ပါလာကြသည်ကို ချန်ထားမရပေ။ ထို့ကြောင့် အားကြီးသူက အားနည်းသူကို အနိုင်မကျင့်ရန်၊ ကောက်ကျစ်သူက ရိုးသားသူကို အနိုင်မယူရန် နိုင်ငံရေးလုပ်ရသည်။ ဆွေးနွေးရသည်။ ပြဿနာတခုကို “နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည်” ဟုဆိုလိုက်လျှင် စစ်မက်ဖြစ်ပွားမှု၊ အကြမ်းနည်းသုံးမှုကို ရှောင်ကြဉ်ကာ ဆုံးဖြတ်ချက်တခုရအောင် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ အသိုက်အမြုံတခုစီမှ၊ အလုပ်ခွင်မှသည် ကမ္ဘာကြီးတခုလုံး နိုင်ငံရေးနှင့်မကင်းပေ။

မြန်မာနိုင်ငံအတွက်မူ နိုင်ငံရေးဟူသည်ကို အပြုသဘောမဆောင်လှသောအမြင်ဖြင့် ရှုမြင်တတ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင် နိုင်ငံရေးသည် လူတန်းစားတခု၏ အလုပ်ဖြစ်ကာ သာမန်လူများနှင့် မဆိုင်လှဟု ရှုမြင်ကြသည်။ မြန်မာဆိုရိုးတွင် “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်သား”ဟု ဖော်ပြကာ သာမန်လူတို့ နားလည်နိုင်သည့်အလုပ် မဟုတ်ဟုဆိုသည်။ နေ့စဉ်စကားတွင် “နိုင်ငံရေးတွေပါကွာ”ဟု ပြောလိုက်သည်ဆိုပါက အမှန်တကယ်စိတ်ပါလက်ပါလုပ်ခြင်းမဟုတ်သည့် သဘောမျိုးကိုရည်ညွှန်းသည်။ ပဒေသရာဇ်ခေတ်က မင်းဧကရာဇ်သည် “သက်ဦးဆံပိုင်” ဖြစ်သည်ဟုသတ်မှတ်သည်။ ရန်သူမျိုးငါးပါးတွင် မင်းဆိုးမင်းညစ်ကို ထည့်ထားပြီး ဘုရားရှိခိုးတိုင်း ရန်သူမျိုးငါးပါးမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းသည်။ ဗမာ့သမိုင်းတွင် မိမိနှင့် လူမျိုးတူသူအုပ်ချုပ်သည့် ဘုရင်စနစ်ကို တော်လှန်ခဲ့သည့်သမိုင်းဟူ၍ တစ်ကြိမ်မှ မရှိခဲ့ပေ။ ဘုရင်သည် အများအားဖြင့် ဗုဒ္ဓဘာသာနှင့် ချိတ်ဆက်ပြီး သာသနာ့ဒါယကာခံလိုကြသလို ဘုရားလောင်းဟုလည်း ဘွဲ့ခံလိုကြသည်ကိုလည်း သမိုင်းတလျှောက် တွေ့ရ၏။ အင်းဝခေတ် ရွှေယင်မြော် ရှင်ဥက္ကံသမာလာ ဆရာတော်၏ သတ်ပုံအတိုင်း တနင်္ဂနွေမင်းလက်ထက်မှ သတ်မှတ်ခဲ့သောမြန်မာဝေါဟာရ အဓိပ္ပာယ်ကို ဝဏ္ဏဗောဓနကျမ်းတွင် “မင်းကို မြတ်နိုးတတ်သောကြောင့်၊ သူတော်ကောင်းတို့ကို မြတ်နိုးတတ်သောကြောင့် မြမ္မာမည်၏” ဟုလည်း ဖော်ပြပါ၏။[7]

မဟာလူသားဝါဒက ပိုမိုကြီးမားစွာတည်ရှိသည်ဖြစ်ရာ ခေါင်းဆောင်များကိုရွေးချယ်သည့်အခါ မဟာဗျူဟာများကိုလေ့လာကာ ရွေးချယ်ကြခြင်းထက် ကြည်ညိုလေးစားဖွယ်ရာဖြစ်သည့်ခေါင်းဆောင်များက ပိုမိုအာဏာရတတ်လေသည်။ တရားမျှတမှုအမြင်တွင်လည်း ပုဂံခေတ်ကပင် “ပုဂံညှပ်ကြီး”တွင် လက်ထည့်သစ္စာဆိုစေကာ မမြင်ရသည့် အင်အားများမှ တရားစီရင်ခြင်း ဒဏ္ဏာရီများ[8]၊ တရားကိုနတ်စောင့်သည်ဟူသော အယူအဆနှင့် နောင်တမလွန်တွင် စီရင်ခံရခြင်းတို့ကို ယုံကြည်ကြရာ ယခုထက်တိုင် တရားမျှတမှုအမြင်သည် အင်စတီကျူးရှင်းရှုထောင့်ထက် အနုညာတ အဆင်ပြေသွားကြဖို့ လိုသည်ဟူသောအမြင်က အခြေခံရှိနေတတ်လေသည်။ ရှေးဘုရင်တို့အနေဖြင့် နယ်မြေချဲ့ထွင်ခြင်းများကို ပြုရာတွင်လည်းကောင်း၊ အငြင်းပွားမှုများကို ဖြေရှင်းရာတွင်လည်းကောင်း “အာဏာသည်သာ ရပိုင်ခွင့်အခြေခံ” ဟု တွေးတောကာ အကြမ်းပတမ်းပြုမူလေ့ ရှိသည်ကိုလည်း ဟံသာဝတီပဲခူး၊ မဏိပူရ၊ ရခိုင်၊ အယုဒ္ဓယတို့၏ ဒေသပုံပြင်များနှင့် သမိုင်းမှတ်တမ်းများတွင် တွေ့ရနိုင်သည်။

နိုင်ငံဟုဆိုရာတွင် လက်ရှိခေတ်သစ်နိုင်ငံများသည် ရှေးက ပဒေသရာဇ်နိုင်ငံ၊ ကိုလိုနီနိုင်ငံ၊ စော်ဘွားပြည်ထောင်များနှင့် မတူပေ။ လက်ရှိခေတ်သစ်နိုင်ငံ (modern states) သည် ဥရောပတွင် အခြေတည်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေး၊ နိုင်ငံတစ်နိုင်ငံ သတ်မှတ်နယ်မြေ၏ အချုပ်အခြာအာဏာသီးခြားတည်ရေးတို့မှာ ၁၆၄၈ ခုနှစ်တွင်မှ Westphalia Treaty စာချုပ်ဖြင့် အစတည်ခဲ့သည်။ ၁၉၉၃ Montevideo ညီလာခံတွင်မှ ခေတ်သစ်နိုင်ငံများအတွက် သတ်မှတ်ရန် အချက်လေးချက်ကို သဘောတူ ပေါ်ပေါက်လာသည်[9]။ ယင်းအချက်တို့မှာ အမြဲနေသောလူထု၊ သတ်သတ်မှတ်မှတ်မြေနယ်နိမိတ်၊ အစိုးရ နှင့် နိုင်ငံခြားဆက်ဆံရေးလုပ်နိုင်သည့်စွမ်းရည် ဟူသော အချက်များရှိရမည်ဟု သတ်မှတ်သည်။ မြန်မာ့နယ်မြေများသည် ခေတ်သစ်နိုင်ငံများအဖြစ် ရပ်တည်ခဲ့သည် မဟုတ်ပေ။ ပဒေသရာဇ်နယ်မြေများ  ဖြစ်သည်။ နယ်နိမိတ်လည်း တိတိကျကျသတ်မှတ်ခြင်းမရှိခဲ့ပေ (Taylor, 2009) (Harvey, 1983)[10]။ မြန်မာပဒေသရာဇ်၊ တိုင်းရင်းသားပဒေသရာဇ်နှင့် အနောက်နိုင်ငံမြေရှင်ပဒေသရာဇ်တို့မှာ သဘောသဘာဝလည်း တူညီခြင်းမရှိပေ။

ခေတ်သစ်နိုင်ငံတခု၏ တိကျသော ဝိသေသလက္ခဏာများမှာ ခေတ်ကာလလိုအပ်ချက်အရပင် သဘောတူညီလိုက်ကြရပြီး သတ်သတ်မှတ်မှတ်ဖြစ်သွားရသည်။ ထိုနိုင်ငံတော်ဟူသည့် စုဖွဲ့မှုတွင်ပင် ဥပဒေအရ အဖွဲ့ဝင်ဖြစ်လာသူတို့သည် နိုင်ငံရေးအရပင် နိုင်ငံသားများ ဖြစ်ကြသည်။ နိုင်ငံသားတို့သည် နိုင်ငံရေးလွတ်လပ်မှုအပေါ်မူတည်ပြီး ထိုနိုင်ငံအတွင်း မဲပေးခြင်း၊ အစုအဖွဲ့များ စုစည်းခြင်း၊ နိုင်ငံရေးပါတီများတွင် ပါဝင်ခြင်း စသည်ဖြင့် နိုင်ငံရေးရာများကို ပြုလုပ်နိုင်ကြသည်။ သို့ရာတွင် ထိုအချက်များနှင့် ပြည့်စုံတိုင်းနိုင်ငံဟု သတ်မှတ်၍ရပြီဟု လွယ်လွယ်မတွေးစေလိုပါ။ အခြားနိုင်ငံများက နိုင်ငံဟု သတ်မှတ်ခြင်းဟူသည့်အချက်မှာ အနည်းငယ်ရှုပ်ထွေးသည်။ ဥပမာအားဖြင့် ပါလက်စတိုင်းသည် ကုလသမဂ္ဂတွင် တက်ရောက်သူအဖြစ်တည်ရှိသော်လည်း[11] နိုင်ငံတိုင်းက နိုင်ငံဟု မသတ်မှတ်သေးပါချေ။ ထို့အတူပင် မြောက်ပိုင်းဆိုက်ပရပ်စ်နှင့် ထိုင်ဝမ်တို့ကဲ့သို့သော နိုင်ငံများ၏ အခြေအနေကလည်း နိုင်ငံတိုင်းက နိုင်ငံဟုသတ်မှတ်ခြင်း မရှိသေးသည့် လက်တွေ့တွင်သာတည်ရှိနေသေးသည့်နိုင်ငံ (De Facto States) တို့၏ ဖြစ်တည်မှုနှင့် ပတ်သက်ကာ ငြင်းခုံစရာများရှိသည်ကို ထောက်ပြနိုင်ပါသည် (Nielsen, 2023)[12]

 

[1] The Concept of the Political, Hans J. Morgenthau, 2012

[2] An Ambiguity in the Idea of Politics and its Practical Implications, W.B. Gallie, 1973

[3] Heywood, A. (2013). Politics. Palgrave Macmillan.

[4] Warren ME, What is political?

[5] Van der Eijk, C. (2018). The Essence of Politics. Amsterdam University Press. doi:10.1017/9789048544738

[6] Lasswell, H. D. (1936). Politics: Who Gets What, When, How. Whittlesey House, McGraw-Hill Book Co.

[7] ဦးတင်ဧတည်းဖြတ်သည့် “ဝဏ္ဏဗောဓနသတ်အင်း”

[8] မောင်ကြည်ပန်း (မြင်းကပါ)။ ကန်တော့ပလ္လင်ဘုရားသမိုင်း။

[9] Montevideo Convention, 1933

[10] Taylor, R. H. (2009). The State in Myanmar. London: Hurst.

Harvey, G. E. (1983). History of Burma (3rd ed.). London: Kegan Paul International.

[11] UN Resolution 181 (1947)

[12] Nielsen, D. K. (2023, January 12). The geopolitics of de facto states. PONARS Eurasia, 19(1). https://www.ponarseurasia.org/the-geopolitics-of-de-facto-states-d19/