• Today is: Tuesday, April 16, 2024

အမျိုးသားရေးဝါဒနှင့် ချင်းအမျိုးသားရေး တည်ဆောက်ခြင်း

အမျိုးသားရေးဝါဒနှင့် ချင်းအမျိုးသားရေး တည်ဆောက်ခြင်း

Salai Thang Houng | အတွေးအမြင်

ကမ္ဘာ့နိုင်ငံတော်တော်များများသည် ပြည်တွင်းစစ်များ၊  ပြည်တွင်းပဋိပက္ခများနှင့် ကြုံကြရသည်။  သို့သော် နိုင်ငံအတွင်း ပြည်သူတို့၏ တောင်းဆိုမှုပုံစံခြင်းများနှင့် ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ မတူညီကြပေ။ ထို့ကြောင့် ပြည်တွင်စစ်ကို အဆုံးသတ်အောင်အဖြေရှာရာတွင် ဖြစ်ပွားရသည့်အကြောင်းရင်းသည် အလွန်ပင် အရေးကြီးသည်။

နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအချက်များ၊  နိုင်ငံရေးဆိုင်ရာအကြောင်းတရားများ၊  စီးပွားရေးဆိုင်ရာအကြောင်းတရားများ၊  ယဥ်ကျေးမှုဆိုင်ရာအကြောင်းတရားများသည် ပြည်တွင်းပဋိပက္ခကို ဖြစ် ပွားစေသော အဓိကအကြောင်းတရားများ ဖြစ်ကြသည်။   မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခသည် ဤအချက် သုံးချက်စလုံးကြောင့် ဖြစ်‌သော်လည်း အဓိကသည် နိုင်ငံ‌ရေးဆိုင်ရာလူမျိုးစုပဋိပက္ခသာ ဖြစ်သည်။  ထို့ကြောင့် လူမျိုးစုပဋိပက္ခကိုအဖြေရှာသည့် နည်းလမ်းဖြင့်အဖြေရှာမှသာ ပြီးဆုံးနိုင်မည်ဖြစ်သည်။

သုတေသီမှတ်တမ်းများအရ လူမျိုးစုစစ်ပွဲများကိုအဆုံးသတ်အဖြေရှာရာတွင် အရပ်ဘက်နိုင်ငံရေးကို ဖန်တီးပေးခြင်း၊  လူမျိုးစုကိုယ်ပိုင်လက္ခဏာကို ပြန်လည် တည်ဆောက် ပေးရုံဖြင့် ပြေလည်သွားသောစစ်ပွဲများ မရှိသေး‌ပေ။  ထို့ကြောင့် လူမျိုးစုတစ်စုချင်းစီ၏ အချုပ်အခြာအာဏာကို အခြေမခံပဲ လူဦးရေကိုအခြေခံသော အရပ်ဘက်နိုင်ငံရေး (Demography)  ကို တည်ဆောက်ပေးခြင်းသည် လူမျိုးတုံးသတ်ဖြတ်ခြင်းကို အား‌ပေးရာ ရောက်သည်။

ထို့‌ကြောင့် လူမျိုးစုကို အခြေခံသည့် ပြည်တွင်းစစ်ကို အဖြေရှာရာတွင် နိုင်ငံတကာမှ ကြားဝင်ဖြေရှင်းကူကြသော ဒေသဆိုင်ရာ အင်အားစုနိုင်ငံများ၊  အင်အားကြီးနိုင်ငံများ၊ ကုလသမဂ္ဂအနေဖြင့် လူနည်းစုတိုင်းရင်းသားများ  (သို့) နိုင်ငံငယ်များကို မိမိကိုယ်ကို အပြည့်အဝကာကွယ်နိုင်သည့် အခြေအနေအထိရောက်အောင် ကူညီပေးခြင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့သည် လူနည်းစုတို့အတွက်အကျိူးစီးပွားကို ကာကွယ်နိုင်သည်အထိ ပြီးပြည့်စုံအောင်ဆောင်ရွက် ကူညီပေးရန် လိုအပ်သည်ဟုဆိုကြသည်။

ကြားဝင်ဖြေရှင်းသူများသည် ပိတ်ဆို့အရေးယူခြင်း၊  စစ်ရေးအရ အကူညီပေးခြင်း၊  စစ်ရေးအရတိုက်ရိုက်ပါဝင်ခြင်းများကို ဆောင်ရွက်နိုင်သည်။  သို့သော် ကျူးကျော်သူ၊  ကျူးကျော်ခံရသူ မည်သူမှန်း ဆုံးဖြတ်မရလျှင် ကြားဝင်ဆောင်ရွက်မှုများ ရှိမည်မဟုတ်‌‌ပေ။  ထို့ကြောင့် စစ်အာဏာရှင်နှင့် လူမျိုးကြီးဝါဒကို တော်လှန်နေကြသော ချင်းလူမျိုးများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ရပ်တည်ချက်နှင့် ချိူးဖောက်ခံရသောအခွင့်အရေးများကို ကမ္ဘာသိအောင် ချပြနိုင်ရန်လည်း လိုအပ်သည်။

မိမိတို့၏ပြိုင်ဘက်တို့သည်လည်း ထိုနည်းတူပင် ကြိုးစားကြမည်ဖြစ်သောကြောင့် နိုင်ငံခြားဆက်ဆံရေးသည်လည်း အရေးကြီးသောဗျူဟာတစ်ခုပင် ဖြစ်သည်။  ထို့ကြောင့် စစ်ရေးအင်အား၊  နိုင်ငံရေးနှင့် စစ်ရေးဟန်ချက်ညီမှု၊  ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်တို့သည် အရေးကြီးသည်။  ယခုနွေဦးတော်လှန်ရေးတွင် နိုင်ငံတကာအဖွဲ့စည်းများသည် စီးပွားရေးပိတ်ဆို့မှုများ၊  စစ်ဘေးဒုက္ခသည်များကို အကူညီပေးမှုများနှင့် အခြားသောနည်းလမ်းများဖြင့် ပါဝင်ကူညီနိုင်ကြ‌သော်လည်း စစ်ရေးအရ တိုက်ရိုက်ပါဝင်မှုမျိုးရှိမည် မဟုတ်ပေ။

ယ‌နေ့ကမ္ဘာပေါ်တွင်ကျင့်သုံးနေသော စနစ်အားလုံးသည် အုပ်ချုပ်မှုပုံစံ အမျိုးမျိုးတို့၏ ဆင့်ကဲဖြစ်စဥ်များသာ ဖြစ်သည်။  ဘုရင်စနစ်၊  ပဒေသရာဇ်စနစ်၊  ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့သည် ဗဟိုချုပ်ကိုင်မှုများခြင်းနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချထားခြင်းတို့သာ ကွာဟမှုရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် ကျင့်သုံးကြသော စနစ်များကို လေ့လာ ကြည့် ပါက ကွန်ဖက်ဒရေးရှင်းနိုင်ငံများ၊  ဗဟိုချုပ်ကိုင်မှုများသော တပြည်ထောင်နိုင်ငံများ၊  ဗဟိုချုပ်ကိုင်မှုလျော့ချထားသော တပြည်ထောင်နိုင်ငံများ၊  ဗဟိုချုပ်ကိုင်မှု လျော့ချ ထား သော ဖက်ဒရယ်နိုင်ငံများနှင့် ဗဟိုချုပ်ကိုင်မှုများသော ဖက်ဒရယ်နိုင်ငံများတို့ဖြစ်ကြပြီး ကွန်ဖက်ဒရေးရှင်းနိုင်ငံများမှလွဲ၍ ဗဟိုတွင်အနည်းနှင့်အများ အပြန်အလှန် မှီခိုနေရသည့် စနစ်များသာ ဖြစ်ကြသည်။

စနစ်အားလုံးသည်လည်း လူ့အဖွဲ့အစည်းတို့၏ အမျိုးသားရေးဝါဒပုံစံ အမျိုးမျိုးတို့မှ ‌ပေါ်ပေါက်လာသော စနစ်များ ဖြစ်ကြသည်။  အမျိုးသားရေးဝါဒသည် လွတ်မြောက် ခြင်းနှင့် ဖိနှိပ်မှု၊  အောင်နိုင်မှု၊  လက်အောက်ခံမှု၊  တိုးတက်မှုနှင့် ကြီးမြတ်မှုသဘောကို ဆောင်သည်နှင့်အညီ အမျိုးသားရေးဝါဒ ရည်မှန်းချက်စွဲကိုင်ခြင်းမရှိ သောလူမျိုးသည် အဖိနှိပ်ခံရမည်သာ ဖြစ်သည်။

အမျိုးသားရေးဝါဒသည် အခြေအနေအချိန်အခါ၊  နေရာဒေသအပေါ်မူတည်၍ အသုံးချသည့်ပုံစံချင်းမတူညီသောကြောင့် အဓိပ္ပါယ်ဖွင့်ဆိုရန်မှာ ရှုပ်ထွေးသည်။ ယနေ့မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသောအမျိုးသားရေးဝါဒပုံစံသည် နိုင်ငံရေးစနစ်တခု အပြောင်းအလဲဖြစ်ပေါ်လာစေရေးအတွက် တိုက်ပွဲဝင်တောင်းဆိုနေကြခြင်းဖြစ်သည်။ လူမျိုးတစ်စု၊  အဖွဲ့အစည်းတစ်ခုအတွက် မဟုတ်ချေ။  ဗမာအများစုတို့က ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများ အတွက်သာဖြစ်သည်ဟု မှားယွင်းစွာ ယူဆခဲ့ကြသည်။

နိုင်ငံရေးဆိုင်ရာအတွေးအခေါ်ပညာရှင်များက လူမျိုးဆိုသည်မှာ တူညီသောကံကြမ္မာဖြင့် စုစည်းထား‌ သောလူထုတစ်ရပ်လုံး၊  တူညီသောသဘောထားရှိပြီး ကိုယ်ပိုင်နိုင်ငံအဖြစ် ပြသနိုင်သောလူမျိုး၊  ဒဏ္ဍာရီနှင့်မှတ်ဉာဏ်များ၊  အများဆိုင်ရာယဥ်ကျေးမှု၊  သတ်မှတ်ထားသောနေရပ်မြေ၊  စီးပွားရေးစုစည်းမှု၊  အဖွဲ့ဝင်အားလုံး၏ တူညီသောရပိုင်ခွင့်နှင့် တာဝန်များကို ပိုင်ဆိုင်ခြင်း၊  စိတ်ကူးကြည့်သော နိုင်ငံရေးအစုအဝေး၊  မိမိတို့၏သမိုင်း၊  ယဥ်ကျေးမှု၊  တူညီသောမျိုးရိုးဇာတိတို့ဖြင့် တုပ်နှောင်ထားသောလူတစ်စု၊  ပိုင်နက် နယ်မြေ၊  ဘာသာစကား၊  ကိုးကွယ်ယုံကြည်မှု  (သို့)  တူညီသောမျိုးနွယ်များကို ချစ်ခင်ခြင်း စသည်တို့ဖြစ်ကြသည်။

အမျိုးသားရေးဝါဒဆိုသည်မှာ နိုင်ငံရေးအရတရားဝင်မှု၊  တရားဝင်အစိုးရပုံစံသည် အမျိုးသားရေးကိုယ်ပိုင်အုပ်ချုပ်ရေး  (Nation Self-government)  ဖြစ်ခြင်း၊  လူတစ်စုနှင့် သက်ဆိုင်သော သဘောထား၊  တူညီသောနိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်ရန် ဆန္ဒရှိကြခြင်းတို့ဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိလူသားတိုင်းသည် လူမျိုးတစ်မျိုးအဖြစ် တည်ရှိရန်နှင့် လူ့အဖွဲ့အစည်းအတွက် အခြေခံဖြစ်သော အမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားရန် လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ်  (Patriotism)  သည် နိုင်ငံတစ်ခုတည်းအတွက်သာ အလေးထားပြီး နိုင်ငံရေးလုပ်ဆောင်မှုတွင် ပါဝင်ခြင်းမရှိပေ။  ထို့ကြောင့် လူတစ်ဦးချင်းတိုင်းတွင် ရှိနေသောမျိုးချစ်စိတ်ဓာတ်မှတဆင့် အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ကြပြီး မိမိတို့၏နိုင်ငံရေးရည်မှန်းချက်အပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားရန် လိုအပ်သည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးဝါဒ၏ ခြားနားမှုကို ရိုးရှင်းစွာ ဥပမာပြရမည်ဆိုလျှင် ကျေးရွာတစ်ရွာတွင် သော‌က်ရေအခက်ခဲရှိသည်ဟု ဆိုကြပါစို့။  ထိုပြဿနာကို ဖြေရှင်းရန်အတွက် ထိုကျေးရွာရှိ လူ တစ်ဦးချင်းစီတိုင်းတွင် ရေကန်ဆောက်လုပ်ရန်နှင့် ကျေးရွာ၏အဝေးတ‌စ်နေရာတွင်ရှိသော ချောင်းရေကို ရေပိုက်ဖြင့် သွယ်ကာဖြေရှင်းလိုသော စိတ်ဓာတ်များရှိကြမည် ဖြစ်သည်။

ဤသို့တစ်ဦးချင်းတွင် တည်ရှိလာသော စိတ်ကူးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စည်းရုံးလှုံ့ဆော်မှုများ၊  ဆွေးနွေးတိုင်ပင်ခြင်း၊  ငွေကြေးကောက်ခံခြင်း၊  လုပ်အားစိုက်ထုတ်ခြင်းနှင့် တခြားသူများ၏အကူညီများ လိုအပ်လာမည်ဖြစ်ပြီး ဦးစီးဆောင်ရွက်မည့်ခေါင်းဆောင်သူများလည်း လိုအပ်မည် ဖြစ်သည်။  နိုင်ငံရေးလောက၌ တစ်ဦးချင်းတွင် ဖြစ် တည်လာသော စိတ်ကူးသည် မျိုးချစ်စိတ်ဓာတ်နှင့်ဆင်တူပြီး လက်တွေ့အကောင်ထည်ဖော်ရန် စတင်လုပ်ဆောင်ခြင်းသည် အမျိုးသားရေးဝါဒနှင့် ဆင်တူသည်။

အမျိုးသားရေးလှုပ်ရှားမှုသည် နိုင်ငံရေးအသွင်ဆောင်လာပါက စိန်ခေါ်မှုများကိုရင်ဆိုင်ရာတွင် လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ရသည့်အထိ ကျယ်ပြန့်လာနိုင်သည်။  အမျိုးသားရေးလှုပ်ရှားမှုများတွင် လက်နက်ကိုင်လမ်းစဥ်ရွေးချယ်မှုသည် လူမျိုးတစ်မျိုး၏ ကိုယ့်ကြမ္မာဖန်တီးခွင့်အတွက် နောက်ဆုံးရွေးချယ်မှုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတည်ငြိမ်ရေးအတွက် အကြီးမာဆုံးသော စိန်ခေါ်မှုလည်းဖြစ်သည်။   လူမျိုးစုများ၏ ကိုယ့်ကြမ္မာဖန်တီးခွင့် တောင်းဆိုမှုများတွင် စစ်အာဏာရှင်များကို ဖြုတ်ချကာ အရပ်သားအစိုးရပုံစံမျိုး ဖန်တီးပေးရုံဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ကြောင်း လူမျိုးစုပဋိပက္ခအဆုံးသတ်ရေး လေ့လာသူများက ဆိုကြသည်။

ထို့‌ကြောင့် ပြည်တွင်းစစ်ကိုချုပ်ငြိမ်းစေလိုလျှင် အရပ်ဖက်အစိုးရကို ဖန်တီးပေးရုံသာမက လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊  ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မိမိတို့၏အချုပ်အခြာအာဏာကို ခုခံကာကွယ်နိုင်သည့်  အခြေအနေရောက်သည့်အထိ သ‌ဘောတူစာချုပ်ချုပ်ဆိုရန် လူမျိုးစုများ အချင်းချင်းကြားတွင် လိုအပ်လာသည်။  ထိုသို့ထောက်ခံမှုရရှိရန်လည်း လုပ်ဆောင်ကြိုးပမ်းရမည့်အရာသည်လည်း လွယ်ကူသောအရာမဟုတ်ချေ။  မိမိလူမျိုးတို့ပုံဖော်လိုသော နိုင်ငံရေးအဆင့်အတန်းအပေါ်တွင် မူတည်၍ စိန်ခေါ်မှုများစွာရှိမည်။  နိုင်ငံအဆင့်၊  ပြည်နယ်အဆင့်၊  ဒေသန္တရအစိုးရ စသည့်အ‌ခြေနေပေါ်တွင် မူတည်သည်။

အမျိုးသား  (Nation)  ဟုဆိုရာတွင် လူမျိုးအောက်တွင် မျိုးနွယ်စု (Tribe) ၊  မျိုးရိုးစု (Clan) ၊  မိသားစုအုပ်စု (Family group)  စသဖြင့် ထပ်ဆင့်ကွဲပြားမှုရှိသည်။  ဤတွင်သတိထားရမည်မှာ မိမိလူမျိုးဟုဆိုရာတွင် တချို့သော အမျိုးသားရေးဝါဒီတို့က လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြားမုန်းတီးရေး၊  အတိတ်ကမကျေနပ်မှုများကိုသာ တန်းမြင်တတ်ကြပြီး မိမိတို့အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်နှင့် သွေဖီသွားသောအတွေးအခေါ်မျိုးရှိတတ် ကြသည်။  ဤသို့သောဖြစ်ရပ်မျိုးသည် တခါတရံတွင် မိမိလမ်းကို ပြန်ပိတ်မိနေတတ်သည်။

လစ်ဘရယ်အမျိုးသားရေးဝါဒ (Liberal Nationalism)  သည် လူအများတို့၏ဆန္ဒ  (General will) အယူအဆကို ဖော်ထုတ်သည်။  နိုင်ငံပေါင်းစုံပါဝင်သော အင်ပါယာ၊  ကိုလိုနီ၊  နိုင်ငံခြားလွှမ်းမိုးမှုနှင့် ဖိနှိပ်မှု မှန်သမျှကိုဆန့် ကျင်ရမည်။  ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ရပ်တည်ရမည်။  ကိုယ်ပိုင်အုပ်ချုပ်ရေး  (Self-Government)  နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်  (Self-Determination)  အတွက် ရပ်တည်သည်။  ဖွဲ့စည်းပုံပဓာနဝါဒ  (Constitutionalism)  ကို ယုံကြည်လက်ခံသည်။

လစ်ဘရယ်အမျိုးသားရေးဝါဒသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြား ဟန်ချက်ညီမှုနှင့် သဟဇာတဖြစ်မှုကို ဦးစားပေးပြီး လူမျိုးမစွဲသောဝါဒ  (Cosmopolitanism)  နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းရေးဝါဒကို လက်ခံမျှော်လင့်သည်။  နိုင်ငံရေးစနစ်တိုင်းတွင် အားနည်းချက်၊  အားသာချက်များ ရှိကြမည်မှာအမှန်ပင်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် အမျိုးသားရေးတို့အကြား ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များအပေါ် မူတည်၍ လူမျိုးစုများကို ပို၍ဖိနှိပ်သကဲ့သို့ ဖြစ်နေတတ်ပြီး ပြည်တွင်းစစ်ကို ပိုမိုကြီးထွားစေနိုင်သည်။  အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများတွင် ဖြစ်တတ်သည်။  ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေ သောအကြောင်းအရာများထဲမှ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအချက်များ  (Structural Factors)  များလည်း အပါအဝင်ဖြစ်သည်။

ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အကြောင်းအချက်များတွင် အားနည်းသောနိုင်ငံများ  (Weak state)  နိုင်ငံလုံခြုံရေးဆိုင်ရာစိုးရိမ်မှု  (Intral-state security concerns) လူမျိုးစု ပထဝီဝင်  (Ethnic geography)  တို့ပါဝင်သည်။  အထူးသဖြင့် လွတ်လပ်ခါစနိုင်ငံများသည် ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်များ ရှိနေတတ်သည်။

ထိုသို့သော နိုင်ငံများတွင် ပီပြင်သောနိုင်ငံရေးအဖွဲ့စည်းမရှိခြင်း၊  နိုင်ငံရေးအရ တရားဝင်မှု  (Political Legitimacy)  လိုအပ်ခြင်း၊  ထိခိုက်လွယ်သော နယ်နိမိတ် ပြဿနာ များရှိခြင်း စသည့် အားနည်းချက်များရှိသည်။  ဖွဲ့စည်းပုံအားနည်းသောခါ အာဏာလုပြိုင်ပွဲများ၊  ဒေသဆိုင်ရာခေါင်းဆောင်များ လွတ်လပ်လာပြီး စစ်ခေါင်းဆောင်များ ဖြစ်ပေါ် လာတတ်သည်။

ကျွန်ပ်တို့မြန်မာနိုင်ငံသည်လည်း ဖွဲ့စည်းပုံတွင် လူမျိုးစုများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအားနည်းခဲ့သည်ဟု ဆိုရမည်။  ဗမာတို့သည် သူတို့၏အမျိုးဘာသာ၊  သာသနာနှင့် ပတ်သက်၍ တိုင်းရင်းသားတို့ပါဝင်လာမှုအပေါ် စိုးရိမ်မှုများရှိသကဲ့သို့ တိုင်းရင်းသားတို့သည်လည်း မိမိတို့၏ လူမျိုး၊  စာပေ၊  ယဥ်ကျေးမှု၊  နယ်နိမိတ်နှင့် တိုင်းရင်းသား ဆိုင်ရာအခွင့်အရေး ထိပါးမှုအပေါ် စိုးရိမ်မှုများ ရှိသည်။

ထို့ကြောင့် ဗမာတို့သည်လည်း မိမိတို့၏အမျိုးဘာသာသာသနာကို ကာကွယ်ရန် ဥပဒေကို တဖက်သတ်ပြဌာန်းကြပြီး တိုင်းရင်းသားတို့အပေါ် ဖိနှိပ်မှုများ လုပ်ဆောင်လာကြခြင်း ဖြစ်သည်။  စစ်အာဏာရှင်တို့အသုံးချသော အမျိုးသားရေးဝါဒတွင် အထိရောက်ဆုံးဖြစ်ခဲ့သည်။  ထို့အတူတိုင်းရင်းသားတို့သည်လည်း မိမိတို့၏ လူမျိုးဝါးမျိုးခံရမှု၊  စာပေ၊ ယဉ်ကျေးမှု၊  တိုင်းရင်းသားအခွင့်အရေးတို့ကို ကာကွယ်ရန် လက်နက်ကိုင်တော်လှန်မှုများ ရှိလာသောကြောင့် ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော ဖွဲ့စည်းပုံများသည် တိုင်းရင်းသားတို့၏ ရသင့်ရထိုက်သောအခွင့်အရေး  (ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ရေး)  ကို ပြဌာန်းခွင့် မရရှိ စေခြင်း၊  ပြည်သူလူထုတို့၏ ရသင့်ရထိုက်သောအခွင့်အရေးကို ဖွဲ့စည်းပုံမှ တန်းတူညီမျှမှု မပေးစွမ်းနိုင်ခြင်းတို့ကြောင့် တိုင်းပြည်အတွက် စိုးရိမ်ပူပန်မှုများ ကြီးထွားလာပြီး အစိုးရအားတော်လှန်ပုန်ကန်မှုများရှိလာပြီး ပြည်တွင်းစစ်ကို ပိုမိုကြီးထွားလာစေသည်။

ထို့‌ကြောင့် တိုင်းရင်းသားတို့၏အခွင့်အရေးကို အပြည့်အဝအာမခံချက်ပေးသော ဖွဲ့စည်းပုံအခြခံဥပဒေ မပေါ်ပေါက်လာသေးသ၍ နွေဦးတော်လှန်ရေးအောင်ပြီး အရပ်သားအစိုးရ ပြန်လည်အုပ်ချုပ်စေကာမူ ပြည်တွင်းပဋိပက္ခသည် ချုပ်ငြိမ်းနိုင်မည် မဟုတ်ပေ။  ထိုသို့မဖြစ်စေရန် ပြည်သူလူထုအနေဖြင့်လည်း လူ့အခွင့်အရေးနှင့် အမျိုးသားရေးဝါဒတို့အကြား ဆက်စပ်မှုကို နားလည်ရန် လိုအပ်သည်။

တိုင်းရင်းသားဆိုင်ရာ အခွင့်အရေးသည် မိမိလူမျိုး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊  ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် အမျိုးသားရေးလှုပ်ရှားမှုတွင် အမျိုးသားရေးဝါဒကို အသုံးပြုရမည်ဖြစ်သည်။  နိုင်ငံတကာတွင်သော်လည်ကောင်း၊  ကုလသမဂ္ဂတွင်လည်ကောင်း လက်မှတ်ရေးထိုးအတည်ပြုကြသော အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်အားလုံးသည် နိုင်ငံတစ်နိုင်ငံတွင် လွယ်လင့်တကူအသက်ဝင်ရန်မှာ မလွယ်ကူပေ။  ထိုနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းရေးဆွဲပြီးမှသာ အသက်ဝင်လာမည် ဖြစ်သည်။  မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် မချုပ်ငြိမ်းနိုင်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုများတွင် အပစ်ခတ်ရပ်စဲရေးသက်သက်သာရှိပြီး တိုင်းရင်းသားတို့အား မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ထိုနည်းတူပင် ချင်းလဲင်းတည်ဆောက်ရေးတွင် ချင်လဲင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် မျိုးနွယ်စုများ၏ ထိလွယ်ရှလွယ်ရှိသော ပြဿနာများကို မည်သို့မည်ပုံ စီမံခန့်ခွဲမည်ဆိုသည့်အချက်သည် အရေးကြီးသည်။  ဤတွင် သတိပြုရမည့်အချက်မှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအချက်များ  (Structural factor)  သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (Constitution)  တွင် လူမျိုးစုများသည် မည်ကဲ့သို့သော အချိူးအစားဖြင့် လွှတ်တော်တွင်ထားရှိမည်၊  အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို မည်သို့မည်ပုံထားရှိမည်၊  အာဏာခွဲဝေမှုပုံစံ  (Division of power)  တွင် အာဏာမျှဝေကျင့်သုံးမှု  (Share-rule)  နှင့် ကိုယ်တိုင်ကိုယ်ကျကျင့်သုံးပိုင်ခွင့်  (Self-rule)  သဘော တရားရှိမရှိနှင့် အာဏာပိုင်းခြားမှုပုံစံ  (Separation of power)  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို မည်သို့ပုံဖော်သည်ဆိုသည့်အချက်များကိုဆိုလိုသည်။ ယခုချင်းတော်လှန်ရေးအင်အားစုများအတွက် နိုင်ငံရေးအခင်းအကျင်းတွင် ပြဿနာဖြစ်နေကြသည်မှာ လူမျိုးနွယ်စုများနှင့် မြို့နယ်အခြေခံသည့် CDF များအကြား ကိုယ်စားပြုမှုပြဿနာသာ ဖြစ်သည်။ အာဏာပိုင်းခြားမှု  (Separation of power)  တွင်ပြဿနာမရှိပေ။

ယခုချိန်တွင် ချင်းလူမျိုးတို့အတွက် အဓိကသမိုင်းပေးတာဝန်ဖြစ်သော ချင်းလဲင်းကောင်စီလည်း အကောင် ထည်ဖော်လာနိုင်ကြပြီ ဖြစ်သည်။  ဤသည် ချင်းလူမျိုးတို့၏ အမျိုးသားတည်ဆောက်ရေး (Nation Building) အတွက် အဓိကအုတ်မြစ်ဖြစ်သည်ဟု ယုံကြည်ကြိုဆိုကြသည်။  ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ပြီး  အတူတကွအောင်ပွဲဆင်နိုင်ရန်မှာ ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထုတို့၏ အဓိကမျှော်လင့်ချက်ပင် ဖြစ်သည်။  မျှော်လင့်နေကြသော ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပေါ်ပေါက်လာပြီဖြစ်သည်။  လူမျိုးနွယ်စုများ မျှော်လင့်နေကြသော ‌ဒေသန္တရဆိုင်ရာအခွင့်လမ်းများလည်း လမ်းပွင့်လာပြီဖြစ်၍ တော်လှန်ရေးတွင် အတူတကွ စည်းလုံးကြရန်သာအရေးကြီးလာသည်။

မျိုးနွယ်စုဟုဆိုရာတွင် တချို့အမျိုးသားရေးဝါဒီတို့သည် အမြင်ကျဥ်းမြောင်းသည်ဟု ထင်မြင်ယူဆ တတ်ကြသည်။  အမှန်စင်စစ် ဒေသန္တရအစိုးရသည် မြို့ကြီးပြကြီးများနှင့်ဝေးလံခေါင်တီးပြီး ပြည်နယ်အစိုးရမှ လက်လှမ်းမမှီနိုင်သော နေရာဒေသများအတွက် တိုးချဲ့ရန် လိုအပ်နေခြင်းဖြစ်သည်။  ချင်းပြည်အတွင်းရှိ ဒေသန္တရအစိုးရတည်ဆောက်ရေးသည် ရှိပြီးသောမြို့နယ်များနှင့် လိုအပ်သေးသောအခြေနေများကို တိုးချဲ့လိုခြင်းသာ ဖြစ်ကြောင်းနှင့် လူမျိုးရေးပြဿနာအဖြစ် ရှုမြင်ခြင်းကို ရှောင်ရှားသင့်သည်။  ဤသို့ ဒေသန္တရအစိုးရအပေါ် အလေးထားစဥ်းစားရခြင်းသည် အနာဂတ်ချင်းလဲင်းဖွံ့ဖြိုးရေးတွင် ချင်းပြည်သူများသည် တန်းတူညီမျှသော ပညာရေး၊ ကျန်းမာရေးကို ပေးစွမ်းနိုင်သည်သာမက ချင်းလဲင်းအစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်း ပြည်သူများအပေါ် တန်းတူညီစွာ သက်ရောက်မှု ရှိစေရန်ဖြစ်သည်။  ထို့ကြောင့်ချင်းလဲင်းကောင်စီပေါ်ပေါက်လာရေးနှင့် ကိုယ်စားပြု မှုသည် အလွန်အရေးကြီးသည်။

ဤသို့သော အရှုပ်ထွေးများ မပြီးပြတ်သေးပဲ တော်လှန်ရေးကြီးပြီးဆုံးသွားပါက ချင်းလဲင်းအတွင်း နိုင်ငံရေးသည် ကိုလိုနီခေတ်အလွန်မြန်မာနိုင်ငံကဲ့သို့သာဖြစ်ပြီး ဒီမိုကရေစီအာဏာရှင်အောက် တွင်ကျရောက်ခြင်း (သို့မဟုတ်) အစိတ်စိတ်အမွှာမွှာကွဲပြားနေသော ဒေသပိုင်ဆိုင်မှုအဖြစ်သာ နှစ်ပေါင်းများစွာကျင်လည်ရ အုံးမည်ဖြစ်သည်။  ဤသို့မဖြစ်စေရန် ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ဖွဲ့စည်းပုံဆိုင်ရာ အကြောင်း အရာများထဲမှ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအချက်များ (Structural Factors) ကိုအားနည်းချက်များမရှိအောင် သတိပြုရေးဆွဲပြဌာန်းသင့်သည်။  မိမိတို့စွဲကိုင်သော အခြေခံမူများ ကောင်းမွန်နေရန် လိုအပ်သည်။  ဖက်ဒရယ် နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဖြစ်ပြီး ဥပဒေကသာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကို လုပ်ဆောင်သည်။  ဥပဒေသည် မည်မျှတရားမျှတမှုရှိသည်ကို ထိုတိုင်းပြည်၊  ထိုပြည်နယ်ကို ပုံဖော်လိုသည့် ပြည်သူလူထုနှင့်အစိုးရတို့အကြား သဘောတူညီထားသည့် အခြေခံမူများက ပြန်လည်ထိန်းကြောင်းသည်။

ရှေးရိုးစွဲအမျိုးသားရေးဝါဒ (Conservative Nationalsim)  သည်၁၉ရာစုအစောပိုင်းတွင် အစွန်းရောက်ပြီး အန္တရာယ်ရှိသော အမျိုးသားရေးအင်အားစုဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည်ဟု ယူဆခဲ့ကြသည်။  အဘယ်ကြောင့်ဆိုသော် ကွန်ဆာဗေးဒစ်အမျိုးသားရေးသမားတို့သည် နိုင်ငံအတွင်းဝင်ရောက်လာသူများကို ကန့်သတ်ထားခြင်း၊  ယဥ်ကျေးမှုပေါင်းစုံဝါဒ (Multicuturalism) ကြောင့် မတည်ငြိမ်မှုဖြစ်သည်ဟု ယူဆကြပြီး လူနည်းစုတို့သည် လူများစုအဖွဲ့စည်းများနှင့် ပေါင်းစည်းရမည်ဟု လက်ခံကြသောကြောင့် ဖြစ်သည်။

ပြည်‌ထောင် စုနိုင်ငံကဲ့သို့သောနိုင်ငံမျိုးကို တည်ထောင်ခြင်းထက် အမျိုးသားနိုင်ငံအဖြစ်ရပ်တည်ရေးကို အလေးပေးကြသည်။  နိုင်ငံသားတို့သည် အမြင်ချင်၊ စရိုက်ချင်း၊ အသွင်ပြင်လက္ခဏာများတူညီရမည် ဟုယူဆကြပြီး မတူကွဲပြားမှုများ ကြောင့် တိုင်းပြည်မတည်ငြိမ်မှုများဖြစ်ပေါ်ရသည်ဟု လက်ခံကြသည်။  လွတ်လပ်‌ရေးလှုပ်ရှားမှုကာလနှင့် လွတ် လပ်ရေးအလွန် ဗမာ့နိုင်ငံ‌ရေးလှုပ်ရှားသူများသည် ဤအယူအဆကိုလက်ခံကြဟန်တူသည်။

ပင်လုံစာချုပ်တွင် ပြည်ထောင်စုအသွင်ဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရန် သဘောတူခဲ့ကြသော်လည်း တစ်ပြည်ထောင်စနစ်ဖြင့် နိုင်ငံကိုတည်ဆောက်ပြီး ဗမာ့အမျိုးသားနိုင်ငံအဖြစ်တည်ဆောက်ရန်ကြိုးစားခဲ့ကြသည်။  ထိုသို့သောအယူအဆ အမှားသည် တိုင်းပြည်တည်ငြိမ်ရေးထက် ပြည်တွင်းစစ်ကိုပိုမိုကြီးထွားစေသည်မှာ ခေတ်အဆက်ဆက်မြန်မာ့ နိုင်ငံရေးအခြေနေများကိုလေ့လာပါက သက်သေအဖြစ် တွေ့မြင်နိုင်သည်။

ထို့အတူပင် ရှေးရိုးစွဲအမျိုးသားရေးဝါဒရှုထောင့်မှ ကြည့်ပြီး ချင်းနိုင်ငံ‌‌ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးတွင် လူမျိုးနွယ်စုများပြားခြင်းက ချင်းလဲင်းအမျိုးသားတည်ဆောက်‌ရေးနှင့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင် အဟန့်အတားဖြစ်နေသည်ဟု ထင်မြင်ယူဆချက်များရှိနေသရွေ့ နိုင်ငံ‌ရေးအရ တန်းတူညီမျှမှုဟူသော အချက်အပေါ် သံသယဝင်စရာအဖြစ် ရှိနေအုံးမည်သာ ဖြစ်သည်။  တခါတရံတွင် အတိတ်ကာလ အမျိုးသားရေးဝါဒကို ပြန်တောင်းဆိုခြင်း၊  နိုင်ငံခြားသား (အခြားလူမျိုး) များကို မောင်းထုတ်ရန်တောင်းဆိုခြင်း၊  အမျိုးသားရေးလှုပ်ရှားသူတို့သည် နယ်မြေတစ်ခုကို အတင်းအကြပ်သတ်မှတ်၍ ပြောင်းရွှေ့စေခြင်းမျိုးကိုလည်း ပြောဆိုတတ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တို့သည်လည်း တော်လှန်ရေးရှည်ကြာသည့်အခြေအနေတွင် အမျိုးသားရေးရပ်တည်ချက်များ ကွာခြားမှုရှိလာနိုင်သည့်အခြေအနေတွင် ရှိသည်။  ရခိုင်လူမျိုးတို့၏ အမျိုးသားရေး တောင်းဆိုမှုသည် အတိတ်ကာလက တည်ရှိခဲ့သော ရခိုင်ဘုရင်၏အုပ်ချုပ်ရေးနယ်နိမိတ်ကို ပြန်လည်တောင်းဆိုကာ ရခိုင်နိုင်ငံတော်ပြန်လည်တည်ထောင်လိုကြသည်ဟူသော အကြောင်းအ‌ရာကို ကြားရကြပေလိမ့်မည် ။  ဤအကြောင်းအရာမှန်ကန်သည်ဆိုပါက ရခိုင်တို့၏အမျိုးသားရေးရပ်တည်ချက်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ရည်မှန်းချက်နှင့် တမူထူးခြားသည်ဟု ဆိုရမည်။

ရှေးယခင်ကတည်းက ကိုယ့်ချင်းကိုယ်မင်းဖြင့် ရပ်တည်ခဲ့ကြသော မွန်လူမျိုးတို့သည်ပင်လျှင် ကိုယ်ပိုင်နိုင်ငံပြန်လည်တောင်းဆိုသော အရိပ်အမြွတ်မတွေ့ရပေ။  မိမိလူမျိုး၏ဂုဏ်သိက္ခာကို အကြောင်းပြု၍ တစ်ခြားလူမျိုးတို့အားဖိနှိပ်ခြင်း၊  ကျူးကျော်တိုက်ခိုက်ခြင်း၊  တစ်ခြားလူမျိုးတို့၏အကျိူးကို ဖျက်ဆီးသောအကြောင်းတရားများ ဖန်တီးခြင်းတို့သည် ဖောက်ပြန်သောအမျိုးသားရေးဝါဒ ( Perverted feminism)  သ‌ဘောကို ဆောင်သည်။  လွတ်လပ်ရေးအလွန်ကာလ ဗမာတို့၏အမျိုးသားရေးဝါဒသည် ကိုလိုနီမတိုင်ခင်က တည်ရှိခဲ့သော ဗမာ့အမျိုးသားရေးဝါဒထဲသို့ တိုင်းရင်းသားများကို ရိုက်သွင်းရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။  ဤသည်လည်း အတိတ်ကိုပြန်လည်တောင်းဆိုသော အမျိုးသား‌ရေးဝါဒပင် ဖြစ်သည်။

နယ်ချဲ့အမျိုးသားရေးဝါဒ (Expansionst nationalism) သည် ကျူးကျော်မှုနှင့် စစ်ဝါဒဖြစ်ပြီး လူမျိုးတစ်မျိုး၏ အမျိုးသားရေးဂုဏ်သိက္ခာကို အကြောင်းပြုပြီး အင်ပါယာပိုင်ဆိုင်မှု၊ စစ်သွေးကြွဇာတိမာန် (Joingoism) နှင့် လူမျိုးအရသာလွန်ကြီးမြတ်မှု (သို့မဟုတ်) လွှမ်းမိုးမှုကို ယုံကြည်သည်။  ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။  ကိုလိုနီနယ်ချဲ့များ မဝင်လာမီ ဗမာဘုရင်တို့သည် အမျိုးသားကြီးမြတ်မှုကို အလေးပေးကြသော်လည်း နယ်ချဲ့စနစ်ကိုမူ ကျင့်သုံးအလေးထားကြဟန်မတူပေ။  ဗမာ့စစ်ပွဲအများကိုလေ့လာပါက ယိုးဒယား၊  မွန်၊ ရခိုင်၊  ရှမ်းများနှင့်တိုက်ပွဲများမှအပ ရှင်ဘုရင်များ၊ မင်းညီမင်းသားများ အာဏာလုပွဲများသာ ပို၍တွေ့ရသည်။  ကိုလိုနီအလွန် တိုင်းရင်းသားလက်နက်ကိုင်များ မကြီးထွားလာခင် ပြည်တွင်းစစ်ကိုဖန်တီးခဲ့သူများသည်လည်း အာဏာလုကြသောဗမာ အချင်းချင်းပင် ဖြစ်ကြသည်။

တဆက်တည်းမှာပင် ပင်လုံစာချုပ်ကိုချိူးဖောက်ကာ  တိုင်းရင်းသားနယ်မြေများကို စစ်ရေးအရ အနိုင်ယူချဲ့ထွင်လာကြသည်ကို တွေ့ရသည်။  အဘယ့်ကြောင့်ဆိုသော် ၁၉၄၇ ဖွဲ့စည်းပုံတွင် တည်ရှိခဲ့သော တိုင်းနှင့်ပြည်နယ် နယ်နိမိတ်နှင့် ယခုတိုင်းနှင့်ပြည်နယ်နိမိတ်ဖွဲ့စည်းပုံတို့သည် များစွာကွာဟမှု ရှိသည်။  ဤသည်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်နယ်ဖွဲ့စည်းရေးတွင် အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှ တစ်ခုအပါဝင်ဖြစ်လာသည်။

ထို့အတူ ချင်းလဲင်းအမျိုးသားပြန်လည်တည်ဆောက်ရေးတွင် နယ်နိမိတ်များသည် ဖြေရှင်းရခက်သော ပြဿနဖြစ်လာမည်။  နယ်ချဲ့ကြ၍ဖြစ်လာသော ပြဿနာမဟုတ်သော်လည်း အစိုးရအဆက်ဆက်တွင် လူမျိုးနွယ်စုကိုအခြေခံ၍ ဒေသန္တရအစိုးရကိုပုံဖော်ခဲ့ကြ ခြင်းမဟုတ်သောကြောင့် မြို့နယ်တိုးချဲ့မှုများရှိလာပါက ယခင်ကရှိခဲ့သောမြို့နယ်နယ်နိမိတ်များ အပြောင်းလဲ ဖြစ်လာမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

ကိုလိုနီဆန့်ကျင်ရေးနှင့်ကိုလိုနီခေတ်အလွန်အမျိုးသားရေးဝါဒ (Anticolonial and Postcolonial Nationalism)  ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် အရေးပါသောဝါဒတစ်ခု ဖြစ်သည်။  မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးသည် ကိုလိုနီဆန့်ကျင်ရေးအမျိုးသား လှုပ်ရှားမှုကို အသုံးချကြသည်။  ၎င်း၏အကျိူးရလဒ်မှာ ကိုလိုနီခေတ်အလွန်တွင် တိကျသောနယ်နိမိတ်များ ရှိသည့် နိုင်ငံများနှင့် ဖွဲ့စည်းပုံများပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။

သို့သော် ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံတွင်  ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အုပ်ချုပ်ရေးရှည်ကြာနေမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်၊ လွတ် လပ်ရေးရခါစ နိုင်ငံရေးသမားများနှင့် ပြည်သူတို့၏နိုင်ငံရေးဆိုင်ရာရင့်ကျင့်မှု အားနည်းခြင်းတို့ကြောင့် ဆိုရမည်။  ကျဥ်းမြောင်းသော ဗမာလူမျိုးကြီးဝါဒကြီးထွားလာပြီး တိုင်းရင်းသားများအပေါ် နယ်မြေကျူးကျော်မှုများ၊  ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်၊  နိုင်ငံရေးဆိုင်ရာလွတ်လပ်ခွင့်များ ပိတ်ပင်ကန့်သတ်မှုများသည် ကိုလိုနီခေတ်မ တိုင်မီ တည်ရှိခဲ့သော ဗမာလူမျိုးတို့၏ အမျိုးဘာသာသာသနာအတွက်ဂုဏ်ယူလိုသော ရှေးရိုးစွဲအမျိုးသားရေး ကိုပြန်လည်ဆုပ်ကိုင်ထားခြင်း၏အသီးအပွင့်များဖြစ်သည်။

ကိုလိုနီခေတ်အလွန်တွင် တိုင်းရင်းသားတို့သည်လည်း မိမိတို့လူမျိုးစုတို့အတွက်နိုင်ငံရေးအရ အမျိုးသားရေးလှုပ်ရှားမှုများ ပိုမိုကြီးထွားသည်။  တိုင်းရင်းသားတို့ ဆုပ်ကိုင်ထားသော အမျိုးသားရေးဝါဒမှာ ဖက်ဒရယ်ဒလစ်ဇင်ဝါဒ (Federalism)  ဖြစ်ပြီး လစ်ဘရယ်အမျိုးသားရေးဝါဒမှ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ၏အနှစ်သာရကို ပုံဖော်လိုခြင်း ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ပင်လုံတွင် ကတိကဝတ်ဝှက်ထားခဲ့သော ဖက်ဒရယ်စနစ်သ‌ဘောတရားသည် နှစ်ပေါင်း (၇၀) ကျော်ကြာပြီး ၂၀၂၀ ခုနှစ် ပတ်ဝန်းကျင်တွင်သာ ပြည်သူတို့မှာ မတောက်တခေါက်ကြားလာရသည့် အခြေအနေဖြစ်လာသည်။  စစ်အာဏာရှင်တို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အကြောင်းကို စကားအားဖြင့်ပြောရန်ပင် ပိတ်ပင်ထားကြ သောကြောင့် ဖြစ်သည်။

လက်ရှိအမျိုးသားရေးဝါဒသည် အဓိကသ‌ဘောတရားများဖြစ်ကြသော အမျိုးသားရေးလက္ခဏာများ  (Nation Characteristics)  ဘာသာစကား၊ ပထဝီအနေအထား၊ ယဥ်ကျေးမှု၊ လူမျိုးတူညီမှု၊  ဒဏ္ဍရီပုံပြင်များ၊  သမိုင်း၊ ဘာသာ၊ ယုံကြည်ကိုးကွယ်မှု တို့ကို  ဖော်ထုတ်ခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး (Self-government) ၊  ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ကို တောင်းဆိုခြင်းဖြစ်သည်။  ကျွန်ပ်တို့ ချင်းလူမျိုးများသည် အထက်ပါအကြောင်းအရာနှစ်ခုစလုံးကို အကောင်အထည်ဖော်ရန် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။  ကျွန်ုပ်တို့၏ရပ်တည်ချက်သည် နိုင်ငံသား၊ နိုင်ငံရေးနှင့်ဆိုင်သောအမျိုးသားရေးဝါဒ  (Civic Nationalism) မျိုး ဖြစ်ရန် လိုအပ်သည်။

နိုင်ငံသားဆိုင်ရာအမျိုးသားရေးဝါဒသည် တူညီသောအခွင့်အရေးများရှိကြသော နိုင်ငံသားများ၏ အစုအဖွဲ့ဖြစ်ပြီး နိုင်ငံရေးစနစ်တို့၏ အလေ့အထများနှင့်တန်ဖိုးများ၊ မျိုးချစ်စိတ်မှတဆင့် အမျိုးသားရေးဖြင့် စုစည်းထားသော အစုအဝေးဖြစ်သည်။  ဆင်ခြင်တုံးတရားဖြင့် ဆုံးဖြတ်နိုင်စွမ်းသောရွေချယ်မှုမျိုးကို ဖြစ်ပေါ်စေသည်။  အမျိုးသားရေးဝါဒီတစ်ဦးအဖို့ ထိုပုဂ္ဂို၏လေးနက်တွယ်တာမှုသည် ရွေးချယ်မှုသည် အမွေဆက်ခံခြင်းသဘောမျိုးသာ ဖြစ်သည်။

ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေသော အကြောင်းတရားများတွင် ခွဲခြားဆက်ဆံခံရသော နိုင်ငံရေးအဖွဲ့အစည်းများ  (Discrimination political institutions) ၊ ချန်လှပ်ထားသော အမျိုးသားရေးဆိုင်ရာသဘောတရားများ  (Exclusionary ideologies) ၊  အုပ်စုအချင်းချင်းကြားနိုင်ငံရေး (Inter-group politics) စသည့် နိုင်ရေးဆိုင်ရာအကြောင်းတရားများ ပါဝင်သည်။  ချင်းလဲင်းတွင် (Chinland) တွင်လည်း ယခင်ကတည်ရှိခဲ့သော နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်ရေးစနစ်များတွင် မျိုးနွယ်စုများအကြား ခွဲခြားဆက်ဆံခံရမှုများ၊  နိုင်ငံ‌ရေးတွင်ချန်လှပ်ခံရသောလူ မျိုးနွယ်စုများရှိမည်အမှန်ပင်။

ထို့ကြောင့် အနာဂတ်ချင်းနိုင်ငံရေးတွင် ထိုသို့မဖြစ်စေရန် လူမျိုးနွယ်စုတို့အနေဖြင့် လိုလားကြသော ဒေသန္တရတောင်းဆိုချက်များကိုလည်း အလေးနက်ထားသင့်သည်။  ယခုနွေဦးတော်လှန်ရေးတွင် မိမိတို့မျိုးနွယ်စုကိုအခြေခံသော CDF အဖွဲ့အစည်းများ ရှိသကဲ့သို့ တချို့မျိုးနွယ်စုများသည် မိမိနှင့်သက်ဆိုင်သောမြို့နယ် အခြခံ CDF များတွင် ပါဝင်တော်လှန်တိုက်ပွဲဝင် ကြသည်။

ဤကဲ့သို့ ကိုယ်ပိုင်ဒေသကာကွယ်ရေးမရှိခြင်း၊ အင်အားမကောင်းခြင်းကို အကြောင်းပြု၍ နိုင်ငံရေးတွင် ချန်လှပ်ထားခြင်းမပြုသင့်ပေ။ ယခင်နိုင်ငံရေးသမားတို့ ကစားခဲ့သူများကြောင့် တချို့သောလူမျိုးနွယ်စုတို့သည် မြို့နယ်အသီးသီးတွင် ပြန့်ကျဲနေထိုင်ကြပြီး နိုင်ငံရေးနှင့်အခြားလူမှုရေးကိစ္စရပ်များ၊ စာပေများမြှင့်တင်ခွင့်များတွင် စုပေါင်းလုပ်ဆောင်ရန်များစွာ အခက်အခဲရှိကြသည်။

လူမျိုးနွယ်စု (၅၃) မျိုးရှိသည်ဟူသော ယူဆချက်များနှင့် ၈မျိုးသာရှိသည် ဟူသောအယူအဆများကို သက်သေပြနိုင်သောသူများလည်း မရှိသေးပေ။  ထို့ကြောင့် လက်ရှိတွင် ရှိနေကြသော ချင်းလဲင်းပြည်သူများ၏ လက်ခံမှုအခြေနေပေါ်တွင်သာ မူတည်သည်။  မျိုးနွယ်စုများပြားခြင်းသည်လည်း ပြဿနာမဟုတ်ပေ။  စီမံခန့်ခွဲမှု သည်သာ အဓိကဖြစ်သည်။

တော်လှန်‌ရေးကာလတွင်ပင် သဘောထားကြီးမှုမထားနိုင်ပါက ယခင်ကကြုံခဲ့ရ သောအခြေအနေကို ပြန်သုံးသပ်ကာ အနာဂတ်အတွက်စိုးရိမ်မှုများ၊  တရားမျှတမှုအပေါ် သံသရများတိုးပွားလာပြီး ချင်းနိုင်ငံရေးအ‌‌ရွေ့နှင့် ချင်းလဲန်းတည်ဆောက်ရေးသည် နှောင့်နှေးနေအုံးမည်သာ ဖြစ်သည်။  မြို့နယ်အခြေပြုရှိပြီးသော လူမျိုးနွယ်စုများအနေဖြင့်မူ နိုင်ငံရေးအရ ရပိုင်ခွင့်သည် ရှိနှင့်ပြီးသားဖြစ်သောကြောင့် စိုးရိမ်စရာမရှိပေ။  တော်လှန်ရေးအောင်ရန်သာ လိုအပ်သည်။

သတိပြုရမည်မှာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်သည့်အခြေအနေတွင် အခွင့်အရေး နိုင်ငံရေးသမားတို့သည် အမျိုးသားရေးကို နည်းဗျူဟာတစ်ခုအနေဖြင့် အသုံးချတတ်ကြ သည်။  နိုင်ငံရေးနှင့် တော်လှန်ရေးအုပ်စုများသည် အင်အားကောင်းလာပြီး အလျော့မပေးပဲ အချင်းချင်း နှိုင်းယှဥ်အားပြိုင်မှုများကြောင့် အထက်အလွှာနိုင်ငံရေးသမားတို့အတွက် အခွင့်အရေးယူစရာ ဖြစ်နေတတ်သည်။  ယဥ်ကျေးမှုနှင့် သဘောထားအမြင်များကြောင့်လည်း ပဋိပက္ခများဖြစ်တတ်သည်။  ချင်းပြည်နယ်တွင် မျိုးနွယ်စုများပြားသည်နှင့်အမျှ ရိုးရာယဥ်ကျေးမှုများလည်း ကွာခြားကြသည်။

အထူးသဖြင့် လူမှုရေး၊  အဆိုအက၊ အတီးအမှုတ်နှင့် တချို့တွင်ကိုယ်ပိုင်စာပေများလည်း ရှိကြသည်။  ထို့သို့ ကွဲပြားသောသဘောတရားများကို ခွဲခြားဆက်ဆံခြင်း၊ နိုင်ငံရေးအရ ကန့်သတ်သတ်ခြင်း၊  မိမိတို့နှင့်တူညီနေကြောင်း အတင်းအကြပ် လက်ခံစေခြင်းတို့သည် စည်းလုံးညီညွတ်ခြင်းထက် ပြိုကွဲမှုနှင့် မတည်ငြိမ်မှုများကိုသာ တိုးပွားလာစေမည် ဖြစ်သည်။

ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေသောအကြောင်းအရာများထဲတွင် သဘောတရားရေးရာအားပြိုင်မှု (Ideological struggle)  ရာဇဝတ်သားတို့ နိုင်ငံတော်၏အချုပ်အခြာအာဏာကို တိုက်ခိုက်မှု၊  ပြိုင်ဘက်အလွှာတို့အချင်းချင်း အားပြိုင်မှုများလည်း ပါဝင်သည်။  NLD နှင့် စစ်တပ်တို့အကြား ဖြစ်ပေါ်နေသောပြဿနာမှာ ပြိုင်ဘက်များအား ပြိုင်ဆိုင်မှုအဆင့်သာ ဖြစ်သည်။  လူမျိုးစုပဋိပက္ခကို အဖြေရှာဖြေရှင်းရန် ကြိုးစားကြဟန်မရှိပေ။  အာဏာလွန်ဆွဲမှုမျှသာ ဖြစ်သည်။  အထက်အလွှာတို့၏ တရားဝင်မှုမရှိခြင်းသည်လည်း ပြဿနာဖြစ်သည်။

ယခုချိန်တွင် NUG အစိုးရ နှင့် စစ်ကောင်စီတို့သည်  တ‌ရားဝင်အစိုးရဖြစ်သည်ကို သတ်မှတ်ရန် ခက်ခဲသည်။  နှစ်ခုလုံးသည် နိုင်ငံတကာနှင့် ချိတ်ဆက်၍ အားပြိုင်ကြသည့် အခြေနေတွင်သာ ရှိသေးသည်။  စစ်ကောင်စီအစိုးရတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော်လည်း ပြည်သူတို့၏ထောက်ခံမှုမရှိသည့်အပြင် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများ ခံနေရသည်။  NUG ကို ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာမှ ထောက်ခံမှုများရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ရေးနယ်မြေ မရှိချေ။

တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း တရားဝင်မှုသည် အရေးကြီးသည်။  ထင်ရာစိုင်းနိုင်ငံရေးသမား၊ အခွင့်အရေးသမားတို့သည် အာဏာလုပွဲများတွင် လူမျိုးရေးရာဆွဲဆောင်မှုကို အားကိုးလျှက် မိမိတို့တည်ဆောက်လိုသော နိုင်ငံရေးအင်အားစုကို ပြိုကွဲစေပြီး နောက်လိုက်များကို မွေးတတ်ကြသည်။  ထိုသူတို့သည် တရားဝင်မှုမရှိဘဲ ဖျက်လိုဖျက်ဆီးကိုသဘောကိုသာ လုပ်ဆောင်နိုင်ကြသည်။

ထိုသို့ဖြစ်ရခြင်းသည် ရန်လိုသောအုပ်စုများသမိုင်းကြောင်း ရှိခြင်းများကြောင့်လည်း ဖြစ်သည်။  တော်လှန်‌ရေးရှည်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့သောအခြေနေများလည်း ဖြစ်ပေါ်လာနိုင်သောကြောင့် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထုအနေဖြင့်လည်း အထူသတိပြုရန်လိုအပ်ပြီး တရားမျှတမှုနှင့်စည်းလုံး ညီညွတ်မှုကို တည်ဆောက်ရေး၊  ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးကို စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်တိုက်တွန်းသင့်သည်။

အမှန်စင်စစ် နိုင်ငံတော်၏ကာကွယ်ရေးသည် ဗဟိုအစိုးရတွင်သာ တည်ရှိနေရမည် ဖြစ်သော်လည်း နှစ်ပေါင်းများစွာ စစ်ရေးအရအနိုင်ယူလာခဲ့ စစ်အာဏာရှင်တို့အပေါ်သင်ခန်းစာယူကာ ပြည်နယ်တွင်လည်း ဖက်ဒရယ်တပ်မတော်ထားရှိရမည်ဟူသော ယူဆချက်များရှိလာသည်။  သို့သော်လည်း ပြည်နယ်တခု နိုင်ငံရေးရည်မှန်းချက် တူညီသည့်လူမျိုးစုတစ်စုတွင် တပ်မတော်တစ်ခုသာ ထားရှိသင့်သည်။  ပြည်နယ်အစိုးရ တစ်ခုအောက်တွင် တပ်မတော်အဖွဲ့အစည်း (၂) ဖွဲ့၊  (၃) ဖွဲ့ထားရှိရန်မှာ မဖြစ်နိုင်ပေ။

လက်ရှိ တော်လှန်‌ရေးကာလတွင် တချို့ CDF များ အင်အားကောင်းလာခြင်းသည် ဝမ်းသာစရာဖြစ်သော်လည်း ရေရှည်ချင်းလဲင်းအမျိုးသားတည်ဆောက်‌ရေးတွင် ပြိုကွဲမှုကိုသာ ဦးတည်သွားနိုင်သည့်အခြေအနေတွင် ရှိသည်။  လက်ရှိတွင် ချင်းလဲင်းအမျိုးသားတည်ဆောက်‌ရေးတွင် မစည်းလုံးမညီညွတ်နိုင်ခြင်းသည် ပြည်သူများကြောင့်မဟုတ်၊  အာဏာရှင်တို့၏ သွေးခွဲမှုကြောင့်လည်းမဟုတ်၊  ဝါဒရေးရာအားပြိုင်မှုကြောင့်လည်း မဟုတ်ပေ။  အမျိုးသားရေးဝါဒသဘောတရားနှင့် တော်လှန်ရေးအလွန်တွင် တိုင်းပြည်ကို မည်သို့ထိန်းကြောင်းမည်ကို နားမလည်ပဲ ထင်ရာစိုင်း အတတ်ပြလိုကြသော ခေါင်းဆောင်များကြောင့်သာ ဖြစ်သည်။

ယခုမှစ၍ လက်နက်ကိုင်များကို ထိန်းကြောင်းနိုင်သော မူဝါဒများ မချမှတ်နိုင်ပါက တော်လှန်ရေးရှည်ကြာလာသောအခါ ပြည်သူတို့၏ထောက်ပံ့နိုင်မှုအားနည်းလာပြီး မလိုလားအပ် သော ဖိနှိပ်မှုများနှင့် အခွန်ကောက်ခံမှုများ၊  အကြပ်ကိုင်မှုများ၊  ခေါင်းဆောင်နောက်လိုက်မှုများနှင့် ရဲဘော်တို့သည် အာဏာလုပွဲများတွင် မြေစာပင်များဖြစ်လာနိုင်သည့်အခြေအနေသည် ကမ္ဘာ့တော်လှန်ရေးသမိုင်းများစွာတို့မှ သင် ခန်းစာယူစရာ ဖြစ်လာသည်။  ချင်းလဲင်းကောင်စီပေါ်ပေါက်ရေးအတွက် ကိုယ်စားပြုမှုများ အချိူးချရာတွင် လွှတ်တော်ကိုယ်စာလှယ်များ၊  မြို့နယ်အခြေပြုCDFများ၊  မျိုးနွယ်စုအခြေပြု CDF များနှင့် CNF ကို မည်သို့အချိုးကျပါဝင်စေမည်နည်း ဆိုသည့်အချက်သည် အရေးကြီးသည်။

လက်ရှိတွင် မြို့နယ်၊ ‌ဒေသနှင့် CNF တို့ကသာ ချင်းလဲင်းကောင်စီနှင့် ချင်းလဲင်းအစိုးရအခန်းကဏ္ဍကို ဦးဆောင်သင့်သည်။  ဖြစ်ပေါ်လာမည့်ပြဿနာများ ပြီးပြတ်အောင် မဖြေရှင်းခဲ့လျှင် တော်လှန်ရေးပြီးဆုံးသည့်အခါ ပို၍ရှုပ်ထွေးလာနိုင်သည်။ ဤသို့ဆိုရခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေးအလွန်ကာလ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် သင်ခန်းစာယူစရာများရှိသည်။

ကမ္ဘာ့တော်လှန်ရေးသမိုင်းများကို ပြန်လည်သုံးသပ်မည်ဆိုလျှင် တော်လှန်ရေးအင်အားစုများက အနိုင်ရရှိကြသော်လည်း နိုင်ငံရေးဆိုင်ရာရင့်ကျင့်မှုအားနည်းသောအစိုးရများ၊  ပြဿနာများကို ပြီးပြတ်အောင်မဖြေရှင်းခဲ့ပဲ ကျေအေးသည့်သဘောဖြင့် ငြိမ်းချမ်းရေးကို ဦးတည်ကြသောနိုင်ငံများသည် ပြန်လည်ပေါ်ပေါက်လာပြီး ဆယ်စုနှစ်ပင် နိုင်ငံ၏တည်ငြိမ်မှု ကိုမထိန်းသိမ်းနိုင်ခဲ့ကြပေ။

အနာဂတ်ချင်းလဲင်းတည်ဆောက်ရေးတွင် အရေးပါလာမည့် ဖက်ဒရယ်စနစ်နှင့် ဒေသန္တရအစိုးရများ သဘောတရားကို အကျဥ်းချုံး၍ ဖော်ပြပေးလိုသည်။ (Local Government) သည် ဖက်ဒရယ်စနစ်တွင် ဒေသန္တရအစိုးရများသည် ပြဿများကို ပိုမိုသိရှိခြင်း၊ လူထုအနေဖြင့် ဒေသန္တရအစိုးရများနှင့် ပူးတွဲလုပ်ကိုင်၍ ပြဿနာများကို အဖြေရှာနိုင်ခြင်း၊ လူထုအနေဖြင့် Competent အရည်အသွေး၊ Accountable တာဝန်ယူမှု၊ Transparent ပွင့်လင်းမြင်သာမှုတို့အတွက် ဒေသန္တရအစိုးရများက ပေးနိုင်သကဲ့သို့ ယဥ်ကျေးမှုနှင့် ဘာသာစကား ကိစ္စများကို ကိုင်တွယ်အဖြေရှာရာတွင် ဒေသန္တရအစိုးရများသည် အရေးကြီးသည်။

ထို့ကြောင့် ဒေသန္တရအစိုးရများသည် ယဥ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စသည့် မတူကွဲပြားမှုများကို လူထုများအတွက် အရည်အသွေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းနိုင်သော အလွှာဖြစ်သည်။ ဒေသန္တရအစိုးရများသည် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၏ အနိမ့်ဆုံးအလွှာဖြစ်ပြီး ပြည်နယ် အစိုးရများ၏ လူနည်းစု ဆိုင်ရာ အကျိူးစီးပွားများအတွက်ပေးထားသည့် ဒေသန္တရအစိုးရ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) နှင့်အားလုံးကို ကိုယ်စားပြုသည့် ယေဘုယျဘုံရည်ရွယ်ချက်များ (Shared Rule For general and common) စုပေါင်းပေးသည်။

လူထုနှင့်အနီးကပ်ဆုံးအစိုးရဖြစ်ပြီး လူထုနှင့်ထိတွေ့ဆက်ဆံရန် လွယ်ကူပြီးဒေသန္တရအစိုးရများတွင် ခရိုင်၊ မြို့နယ်၊  ကျေးရွာ၊ ရပ်ကွက် စသည့် အဆင့်များဖြင့် အစိုးရ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ ရှိသည်။ ယနေ့ခေတ် ဒေသန္တရအစိုးရများအပေါ် စိတ်ဝင်စားမှုရှိလာခြင်း၏အကြောင်းအရင်း  (၃) ရပ်ရှိပြီး မြို့ပြ၏နေရာများနှင့် ကျေးလက်ဒေသများသည် ဆင်းရဲနွမ်းပါးမှုနှင့် လစ်လျှူရှုခြင်းကို ခံနေကြရသည်။ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ပြဿနာပေါ်လာတတ်သည်။

ထို့ကြောင့်  မြို့ပြနှင့်ကျေးလက်ဒေသများ၏ လိုအပ်ချက်များနှင့် သီးသန့်ပြဿများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဒေသန္တရအစိုးရများက ကူညီဆောင်ရွက် ပေးသည်။ ပထမအကြောင်းအရင်းတွင် ဖွံ့ဖြိုးသောမြို့ပြများကိုသာ အာရုံစိုက်လာကြရာမှ ကျေးလက်များကို လစ်လျှူရှုခံလာရပြီး ပြဿနာများဖြစ်လာသည်။ ဤကိစ္စကိုဖြေရှင်းရန် ဒေသန္တရအစိုးရများကို တည်ဆောက်ရန် လိုအပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ပထမအကြောင်းအရင်းတွင် လူမျိုးစု၊ မျိုးနွယ်စုတို့ကို အခြေခံခြင်းမဟုတ်ဘဲ လစ်လျှူရှုခံရသော မြို့ပြများနှင့် ကျေးလက်ဒေသများရှိ လူထုတို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုဖြေရှင်းရန် ဒေသန္တရအစိုးရများကိုတည်ဆောက်ရန် လိုအပ်နေခြင်း ဖြစ်သည်။

အကြောင်းအရင်း (၂) တွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၌ ဒီမိုကရစ်တစ်ဖွဲ့စည်းတည်ဆောက်ပုံများရှိနေသော ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် စွမ်းရည်ပြည့်ဝသော တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာသော အစိုးရစနစ်သို့ ပြောင်းလဲစေလိုကြသည်။ အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို ကောင်းစွာစီမံခန့်ခွဲခြင်း၊  ပြင်ဆင်စေလိုခြင်းစသော ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ၊  သန့်ရှင်းသောလမ်းများ၊  ရေမြောင်းနှင့် မိလ္လာစနစ်များ၊  ယုံကြည်စိတ်ချရသော ပို့ဆောင်ရေးစနစ်များ၊  အသံဆူညံမှုနှင့် လေထုညစ်ညမ်းမှုကို ထိန်းသိမ်းခြင်း၊ သချိုင်းကုန်းများ စီမံခန့်ခွဲခြင်းတို့ကို ဒေသန္တရအစိုးရများက ဖြေရှင်းပေးနိုင်သည်။  ဥပမာအားဖြင့် ကောင်းမွန်သောမြို့၊ ကျေးလက်ဖွံဖြိုးရေးစီမံကိန်းကို မြို့ပြကြီးများကဲ့သို့ နေချင်စဖွယ်ဖြစ်အောင် ဖန်တီးရန်ဖြစ်ပြီး ဗဟိုနှင့်ပြည်နယ်အစိုးရများပင် မလုပ်ဆောင်နိုင်သော ဒေသအတွင်းလူထုပြဿနာကို ဖြေရှင်းနိုင်ပြီး ဒေသအတွင်းအခြေအနေ ပိုကောင်းလာအောင် ဒေသန္တရအစိုးရများက ဆောင်ရွက်နိုင်သည်။

အကြောင်းအရင်း (၃) အနေဖြင့် လူမျိုးနွယ်စုများကို အခြေခံ၍ ဒေသန္တရအစိုးရများကို တည်ဆောက်ခြင်း ဖြစ်သည်။  လူမျိုးတမျိုး၏ ယဥ်ကျေးမှုကိုမြှင့်တင်ရာတွင် လူမျိုးစုတစု၏ယဥ်ကျေးမှု၊   ဘာသာစကားတို့သာ ဖြစ်နေတတ်သည်ကို တွေ့ရသည်။ လူမျိုးပေါင်းစုံ နေထိုင်သော အသိုက်အဝန်းတွင် လူနည်းစုများ ဖြစ်သော လူမျိုးတို့သည်လည်း ၎င်းတို့၏ယဉ်ကျေးမှုကို လွတ်လပ်စွာထုတ်ဖော်ခွင့်ပြုပြီး နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ခြင်း၊  ဆုံးဖြတ်ချက်ချခြင်းစသော ဖြစ်စဥ်များတွင်လည်း ပါဝင်လိုကြသည်။ ထို့ကြောင့်လူနည်းစုများအား ဒေသန္တရအစိုးရကို တည်ဆောက်ပေးခြင်းဖြင့် ၎င်းတို့၏ ယဉ်ကျေးမှုကိုမြှင့်တင်ပေးခြင်း၊ ၎င်းတို့နေထိုင်ရာ ဒေသတွင် ကိုယ်ပိုင်ဘာသာစကားကို ပြောဆိုစေခြင်းဖြင့် လူနည်းစုများ၏ ပါဝင်မှုကို လမ်းဖွင့်ပေးသည်။

ပြည်နယ်အဆင့်နှင့် အမျိုးသားရေးအဆင့် မူဘောင်များတွင် လစ်လျှူရှုခြင်းခံရသောလူနည်းစုထဲမှ လူနည်းစုများအတွက် အခွင့်အလမ်းများ ပြဌာန်းပေးနိုင်သည်။ ဒေသန္တရအစိုးရများ အမျိုးအစားများတွင် မြို့ပြကြီးများ၊ ပြည်နယ်မြို့တော်များနှင့် မြို့လတ်၊ မြို့ငယ်များရှိ မြို့တော်ဝင်များမှစ၍ ရပ်ကွက်၊ ကျေးရွာများရှိ ဒေသအတွင်း အုပ်ချုပ်သူများပါဝင်ပြီး အလွှာပေါင်းစုံဖြင့် စုစည်းထားသောအရာဖြစ်သည်။ ဥပမားအားဖြင့် ခရိုင်အဆင့်စီမံကိန်းရေးဆွဲရေးနှင့် မူဝါဒချမှတ်ရေး၊ ရပ်ကွက်သို့မဟုတ် ခရိုင်လက်အောက်ခံအဆင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးရွာ သို့မဟုတ် ကျေးရွာအုပ်စု အဆင့်ဆင့် အကောင်အထည်ဖော်ခြင်း စသည်တို့ဖြစ်သည်။

အခြေခံပြဌာန်းချက်များအနေဖြင့် ရှေးကျသော ဖက်ဒရယ်အခြေခံဥပဒေများတွင် ဒေသန္တရအစိုးရများကို အသိအမှတ်ပြုသော သတ်မှတ်ပြဌာန်းချက်များ ထည့်သွင်းရေးဆွဲခြင်း မရှိခဲ့ပေ။  ဥပမာ အမေရိကန်၊ ကနေဒါ၊  ဆွစ်ဇလန်၊ သြစတေးလျ။ ခေတ်သစ်တွင်ပေါ်ပေါက်လာသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံများတွင် ဒေသန္တရအစိုးရများကို အသိမှတ်ပြု ထည့်သွင်းရေးဆွဲလာကြသည်။ ဥပမာ ဘရာဇီး၊  အိန်ဒီယ၊ မက်ဆီကို၊  နိုင်ဂျီးနီးယား၊  တောင်အာဖရီကနှင့် မလေးရှား။

တခါတရံတွင် လွှတ်တော်များမှတဆင့် ပြဌာန်းထားသော အခြားထပ်လောင်းဥပဒေများလည်း လိုအပ်သည်။ ပုံမှန်အားဖြင့် ဒေသန္တရအစိုးရများသည် ပြည်နယ်အစိုးရများကိုသာ တာဝန်ခံလေ့ ရှိသည်။ သို့သော် ပြည်နယ်အစိုးရ လုပ်ဆောင်ရသော လုပ်ငန်းတာဝန်များလာသည်နှင့်အမျှ ဗဟိုအစိုးရနှင့် တိုက်ရိုက်အပြန်အလှန် လုပ်ဆောင်ခြင်းများ တိုးလာပြီး၊  အရေးပါအရာရောက်သော တတိယအစိုးရအလွှာ ဖြစ်လာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များအပေါ်မူတည်၍ ဒေသန္တရအစိုးရများသည် အခွန်များကောက်ခံပိုင်ခွင့် ရှိကြသည်။ ဥပမာ ဝန်ဆောင်မှုပေးခြင်းမှ ရရှိသောအခွန် ဖြစ်သည်။  ဒေသန္တရအစိုးရများသည် များသောအားဖြင့် ငွေကြေးအရ အမှီအခိုကင်းလေ့မရှိပေ။ ဗဟို သို့မဟုတ် ပြည်နယ်အစိုးရများဆီမှ ငွေအလွှဲအပြောင်းကို လိုအပ်လေ့ ရှိသည်။ ထို့ကြောင်းချင်းပြည်နယ်တွင် ဖြေရှင်းမရသော ကိစ္စရပ်များသည် ကိုယ်စားပြုခြင်းနှင့် ဒေသန္တရအစိုးရများ တည်ဆောက်ရေးသည်သာ ဖြစ်သည်။

ယခင်က တည်ရှိခဲ့သော ဒေသန္တရအစိုးရပုံစံများသည် ဗဟိုမှဆုံးဖြတ်သောအစီအမံများဖြစ်ကြပြီး ဒေသန္တရအစိုးရ လိုအပ်ချက်အပေါ် ပြည်သူလူထုတို့၏ စိတ်ဝင်စားမှု အားနည်းမှုများကြောင့် အားနည်းချက်များရှိမည် ဖြစ်၍ မျိုးနွယ်စုတစ်စုနှင့်တစ်စုအကြား အပြစ်တင်စရာ ရှိလိမ့်မည်ဟု ထင်မှတ်စရာမရှိပေ။  သို့သော် အာဏာရှင်တို့မှ ပုံဖော်ဖန်တီးပေးသော အစီအမံများကိုဖက်တွယ်ထားပါက ချင်းပြည်စည်းလုံးညီညွတ်ရေးကို ထိခိုက်နေမည်သာ ဖြစ်သည်။

ချင်းလဲန်းအမျိုးသား တည်ဆောက်ရေး အကြောင်းအရာကို ပြန်လည်ခြုံငုံကြည့်မည်ဆိုလျှင် မိမိတို့အမျိုးသားရေးရပ်တည်ချက်တွင် မည်ကဲ့သို့သော အမျိုးသား‌ရေးဝါဒမျိုးကို စွဲကိုင်မည်၊  မည်သည့်အမျိုးသားရေး ဝါဒမျိုးကို ရှောင်ကျဥ်မည်ကို သတိပြုသင့်သည်။   တော်လှန်ရေးတွင် လက်နက်ကိုင်နှင့် နိုင်ငံ‌ရေးကို မည်ကဲ့သို့သောနည်းလမ်းများဖြင့် ဖော်ဆောင်သွားမည်၊  တော်လှန်ရေးကို အကြောင်းပြု၍ အမျိုးသား‌ရေးခေါင်းစဥ်ဖြင့် အမြတ်ထုတ်ကြသည့် အခွင့်အရေးနိုင်ငံ‌ရေးသမားများကို သတိပြုတတ်ရန်နှင့် တော်လှန်ရေးနှင့် သွယ်ဖီလာသောခေါင်းဆောင်‌နောက်သို့ မလိုက်မိစေရန်သတိပြုရန်၊ ပေါ်ပေါက်လာသော ချင်းလဲင်းကောင်စီနှင့် ချင်းလဲင်းအစိုးရတွင် တော်လှန်ရေးအင်အားစုများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

KIO ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “စစ်အုပ်စုနှင့်‌ ဒေါ်စုခေါင်းဆောင်တဲ့ NLD အုပ်စုတို့အနေဖြင့် ဗမာပြည်ဖွဲ့စည်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စစ်စစ်စနစ်ကို ၂၀၂၅ မတိုင်မီ အကောင်ထည်ဖော်ဖို့ လိုအပ်ပါတယ်။  ၂၀၂၅ ကျော်လွန် သွားလို့ရှိရင် တိုင်းရင်းသားတော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့စည်းတွေရဲ့ ဖက်ဒရယ် နိုင်ငံရေး သဘောထား အယူအဆ ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်” ဟူ၍ ပြောခဲ့ဖူးသည်။  နိုင်ငံရေးသည် အလှည့်အပြောင်းတစ်ခုစီတိုင်းတွင် လုပ်ဆောင်ရသည့် သဘော တရားဖြစ်ပြီး ထိုအပြောင်းလဲနှင့် ထပ်တူအပြောင်းလဲလုပ်ဆောင်နိုင်ရန် မိမိချင်းလူမျိုးများအနေဖြင့် အဆင်သင့်ဖြစ်နေရန် လိုအပ်သည်။  စစ်ရေး၊  နိုင်ငံရေးတို့တွင် အင်အားကြီးမား တောင့်တင်းရန် လိုအပ်နေသည်။