• Today is: Thursday, April 18, 2024

လောက်ကိုင်မြို့ရဲ့ ၇၀ရာခိုင်နှုန်းခန့်ကို MNDAA က သိမ်းပိုက်ထားကြောင်းဆို

လောက်ကိုင်မြို့ရဲ့ ၇၀ရာခိုင်နှုန်းခန့်ကို MNDAA က သိမ်းပိုက်ထားကြောင်းဆို

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၇၊ ၂၀၂၃
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ဒီကနေ့၊ မွန်းတည်အချိန်ထိ မြို့ရဲ့ ၇၀ရာခိုင်နှုန်းခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်တယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်ကနေစတင်ပြီး ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား လာပြီး နောက် လောက်ကိုင်မြို့ရှိ ရဲစခန်းအားလုံးနဲ့ ပြည်သူ့စစ်စခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
“တရုတ်ကဝရမ်းထုတ်ထားတဲ့ ပယ်ရှောက်ချိန်အိမ်ကိုလည်း ဝင်စီးထားပြီ။ အခုဆိုရင် မြို့ဧရိယာရဲ့ ၇၀ရာခိုင်နှုန်းလောက်ကို ထိန်းထားနိုင်ပြီ။ မြို့သိမ်းတိုက်ပွဲဆိုတော့ အပျက်အစီးနဲ့ အထိအခိုက်က များတာပေါ့လေ”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
 
လောက်ကိုင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ်ကာလအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ရာနဲ့ချီ လက်နက်ချအညံ့ခံခဲ့သလို သေဆုံးနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အလောင်းများစွာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
 
လက်ရှိအချိန်မှာတော့ လောက်ကိုင်မြို့မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲစစ်ဌာနချုပ်နဲ့ စစ်စခန်း တစ်ခု သာကျန်ရှိတော့တာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပြင်းထန် လုပ်နေပြီး အရပ်သားလူထု ထိခိုက်မှုတွေလည်း များပြားနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ရက်ကလည်း ကလောမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ-၅၅ ကနေ လောက်ကိုင်ကို စစ်ကူပို့လိုက်တဲ့ တပ်ရင်းတစ်ရင်းလုံးဟာ လောက်ကိုင်ကိုရောက်ပြီးနောက် တစ်ရက်မှာပဲ အလင်းဝင်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- CJ (တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားတဲ့ လောက်ကိုင်မြို့မြင်ကွင်း)