• Today is: Sunday, April 14, 2024

အမျိုးသားလူထု၏ အဓိပ္ပာယ် နှင့် ဆင်တူသုံးသော စကားလုံးများ

အမျိုးသားလူထု၏ အဓိပ္ပာယ် နှင့် ဆင်တူသုံးသော စကားလုံးများ

စည်းနရီ | အတွေးအမြင်

နွေဦးတော်လှန်ရေးတွင် ထုတ်ဝေသော စာတမ်းတခုတွင် ပါဝင်နေသည်မှာ Nation အား သီးခြားအဓိပ္ပာယ်ဖွင့်ဆိုချက် သေချာမရှိပဲ State ကတော့ သေချာရှိသည်ဟု ရေးထားသည်။ ထိုဖော်ပြချက်မှ Nation ကို အမျိုးမျိုး ဖွင့်ဆိုနေကြသည်ဆိုသည်က မှန်တော့မှန်သည်။ အမျိုးသားလူထုဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသလဲဆိုသည့်ကိစ္စကိုမူ ပညာရှင်များက အမျိုးမျိုးဖွင့်ဆိုကြသည်။

တဘက်က နိုင်ငံတနိုင်ငံအတွင်းရေးကို အခြားတနိုင်ငံက ဝင်မရှုပ်ရေးမူဝါဒကြောင့် နိုင်ငံတနိုင်ငံဆိုသည်ကို တိကျစွာ သတ်မှတ်ရန် လိုသည်။ ထိုသို့လည်း သတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် အမျိုးသားလူထုဆိုသည်မှာ နိုင်ငံကဲ့သို့ ဥပဒေသတ်မှတ်ချက်ဖြင့် တည်ဆောက်ထားသော အရာမဟုတ်ပေ။ သမိုင်းအထိုင် ယဉ်ကျေးမှုအခြေခံဖြင့် စိတ်ချင်းဆက်သွယ်ထားသောလူထုကြီး (Psychosocial ground) ဖြစ်သည် (Ting, 2008)[1]

သို့ဖြစ်၍ ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကိုကြည့်ပြီး သတ်သတ်မှတ်မှတ်မရှိဟု ပြောဆိုခြင်းသည် အပြည့်မမှန်ပေ။ အလှတရားကို လူအမျိုးမျိုး၊ ဘာသာရပ်အမျိုးမျိုးက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြနိုင်သော်လည်း သာမန်အားဖြင့် လှသည့်ပစ္စည်းဝတ္ထုကိုတော့ လူတိုင်းသိကြပါသည်။ ပညာရပ်ဆိုင်ရာ ဖွင့်ဆိုချက်များနှင့် တိုက်ဆိုင်မသိသည့်တိုင်အောင် အလှတရား၊ နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ကို သူ့အတိုင်းအတာနှင့်သူ ပြောဆိုဆက်သွယ်နိုင်သည်အထိ လူတိုင်းနားလည်ကြလေသည်။

အမျိုးသားရေးဝါဒဆိုသည်မှာ လူမျိုး၊ လူထု၊ အမျိုးသားထု (Nation) တခုသည် လူတယောက် အသွင်သညာ (identity) ဖြစ်တည်မှုအတွက် အခြေခံဖြစ်ကာ အရေးပါသည့်အစိတ်အပိုင်းတခုဖြစ်သည်ဟု ယူဆသော အယူအဆဖြစ်သည်ဟု အဖွင့်အားဖြင့် ဆိုချင်ပါသည်။ ပထမဆုံး Nation ဆိုသည့်သဘောကို အကောက်အယူပြောပါမည်။

Nation ကို သိမှသာ Nationalism ကို ခွဲခြားနားလည်နိုင်မည် ဖြစ်သည်။ Nation ဆိုသောစကားသည် လက်တင်စကား Natio မှ လာသည်။ သူနှင့်ဆင်တူသောစကားမှာ ဂရိစကား Ethnos ဖြစ်သည်။ မွေးသည်ဆိုသော အဓိပ္ပာယ်မျိုး ဖြစ်သည်။ ပြင်သစ်စကားလုံးဟောင်း Nacion ဆိုသည်မှာ မွေးခြင်း၊ အဆင့်သတ်မှတ်ခြင်း၊ မျိုးဆက်၊ အမျိုးအစားခွဲခြင်း၊ နိုင်ငံ၊ ဇာတိမြေစသည့် အဓိပ္ပာယ်များကို ဆောင်သည်။

Ethnikos ဆိုသည့် ဂရိစကားမှာ အယူအစွဲ တမူကွဲကာ ထူးသူများ၊  ယဉ်ကျေးမှုနှင့် ထုံးတမ်းကွဲသူများ၊ အစုစုဖြင့်နေထိုင်သောလူများ စသည့် သဘောများကို ဆိုလိုသည် (Sciolist, 2023)[2]။  လက်ရှိခေတ်တွင် မြန်မာလို Nation ကို အမျိုးသား၊ အမျိုးသားလူထု၊ လူမျိုး၊ နိုင်ငံ စသည်ဖြင့် ဘာသာပြန်တတ်သည်။ National ကို အမျိုးသားအဆင့်၊ နိုင်ငံအဆင့်ဟု ဘာသာပြန်တတ်သည်။ Ethnic ကို တိုင်းရင်းသား၊ လူမျိုး စသည်ဖြင့် ဘာသာပြန်တတ်သည်။

သို့သော် Nations နှင့် State ကို ရောပြောသည်လည်း တွေ့ရတတ်သည်။ United Nations ကို ကုလသမဂ္ဂဟု ဆိုသည်။ “ကုလ” ဟူသည် အမျိုးကောင်းသားများဖြစ်သဖြင့် “အမျိုးကောင်းသားများ၏ အစုအဖွဲ့ဟူသော” သဘောဖြစ်သည်။ သို့သော် လက်တွေ့တွင် နိုင်ငံများက စုဖွဲ့နေခြင်းဖြစ်သည်။ ပို၍တိတိကျကျပြောရလျှင် ကမ္ဘာစစ်ကဲ့သို့သော အခြေအနေမျိုး ထပ်မံမဖြစ်ကြတော့လိုသည့်အတွက် နိုင်ငံများအား စီမံခန့်ခွဲသော အစိုးရများကစုဖွဲ့ကြခြင်းသာ ဖြစ်ပေသည်။ အမျိုးသားလူထုအစုံပါသော နိုင်ငံသည်လည်း ကိုယ်စားပြုမှုတခုသာရသည့် နိုင်ငံခေါင်းဆောင်များက စေလွှတ် စုဖွဲ့သော အစုအဖွဲ့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို United States ဟုခေါ်ပြီး တိုက်ရိုက်ဘာသာပြန်လျှင် “ညီညွတ်သောနိုင်ငံများ”ဟုပင် ဘာသာပြန်ရပေမည်။

တကယ်က နိုင်ငံရေးဝေါဟာရများသည် နိုင်ငံပေါ် မူတည်၍ အယူအဆအနည်းငယ် ကွာသွားတတ်သည်။ ဥရောပတွင် နိုင်ငံတော်တော်များများမှာ မကွဲပြားလှသော လူမျိုးတမျိုးတည်းသာရှိသော နိုင်ငံများဖြစ်သည်။ ဥပမာ ဂျာမဏီ၊ ပြင်သစ်နိုင်ငံများကဲ့သို့ လူမျိုးတခုတည်းက အလွန်များပြားကြီးစိုးသော နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများတွင် အမျိုးသားအဆင့်နှင့် နိုင်ငံတော်အဆင့်ဟူသော စကားအသုံးအနှုန်းသည် အလွန်မကွာခြားလှပေ။

ထို့အပြင် ခေတ်သစ်လူပြောများနေသော အမျိုးသားရေးဝါဒဆိုသည့် စကား၏မူရင်းမှာ လူမျိုးတခုကို နိုင်ငံတခုစုဖွဲ့ရန် ကြိုးစားခဲ့သောဥရောပကိုအခြေပြုသည့် လှုပ်ရှားမှုဖြစ်သည်။ အမျိုးသားနိုင်ငံများ၏ မြစ်ဖျားခံရာ ဥရောပတွင် နိုင်ငံနှင့် အမျိုးသားလူထုသည် များစွာကွာခြားခြင်းမရှိလှပေ။ ထို့ကြောင့် United Nations ဆိုသောစကားတွင် ပါဝင်သော “နေးရှင်း” သည် နိုင်ငံတခု၏ လူထုတခုလုံးကိုပင် ခြုံငုံကာ ခေါ်သောသဘောမျိုးဖြစ်ပါသည်။ ဥရောပလက်ဝဲလက်ယာနှင့် အမေရိကန်လက်ဝဲလက်ယာ မတူသလိုပင် စကားလုံးတူသော်လည်း အခေါ်အဝေါ်အဓိပ္ပာယ်ကို သေချာကွဲပြားရန်လိုသည်။

ထို့အပြင် အမေရိကန်ကဲ့သို့ နိုင်ငံများမှာမူ တမူထူးသော ဖွင့်ဆိုချက် ရှိပြန်သည်။ သူတို့နိုင်ငံမှာ ကမ္ဘာအရပ်ရပ်မှ ရွှေ့ပြောင်းလာသူများ၏နိုင်ငံဖြစ်သည်။  ထိုနိုင်ငံများမှာ Melting Pot စွတ်ပြုတ်အိုးသဖွယ် ဖြစ်ကြသည်။ မူလရှိသော ဌာနေတိုင်းရင်းသားများကို ဖိနှိပ်ထားကာ ရောက်လာသော အခြားနိုင်ငံများတွင် မွေးဖွားလာကြသူများက သူတို့ယဉ်ကျေးမှုများကို အမေရိကန်ယဉ်ကျေးမှုအတွင်း ပျော်ဝင်စေကြပြီး ပေါင်းစည်း သွားသည်။

ထို့ကြောင့် အချို့သောအမေရိကန်နိုင်ငံ၏ မူဝါဒများသည် အခြားနိုင်ငံများနှင့် မတူညီနိုင်သည့် လက္ခဏာရှိသည်။ အမျိုးသားစုံရှိသော အချို့နိုင်ငံများက စွတ်ပြုတ်အိုးသဖွယ် အားလုံးကို ရောကျိုမနေပဲ သီးရွက်စုံသုတ်ပန်းကန် (Salad Bowl) ကဲ့သို့ စုံလင်သလိုထင်ရှားကွဲပြားနေသည့်ပုံကို ဖော်ပြကြသည်။ ထို့ကြောင့် နိုင်ငံများတွင် ရံဖန်ရံခါ Nation ဟုလည်းကောင်း၊ Ethnic ဟုလည်းကောင်း၊ Race ဟုလည်းကောင်း သုံးနှုန်းခြင်းသည် နိုင်ငံကိုလည်းကောင်း၊ လူမျိုးကိုလည်းကောင်း၊ လူမျိုးစုကိုလည်းကောင်း ရောနှောကာခေါ်ဝေါ်ခြင်းဖြစ်နိုင်သည်။ စာဖတ်သောအခါ မည်သည့်အရာကို ဆိုလိုသနည်းဆိုသည်ကို အသေအချာ ခွဲခြားဖတ်ရန် လိုပါသည်။

ထို့အပြင် အရေးကြီးသော နိုင်ငံရေးအသုံးများကို ဖော်ပြလိုပါသည်။

  • Ethnic (လူမျိုးစု) – လူများစွာသည် မိမိတို့၏ အမျိုးအဆွေကို အခြေခံ၍ ထိန်းသိမ်းစောင့်ရှောက်ရန် မျှော်လင့်မှုခံရသော ယဉ်ကျေးမှုအမှတ် သင်္ကေတများ ရှိကြသည်။ ယဉ်ကျေးမှုသည် အင်စတီကျူးရှင်း ဉာဏအဆောက်အအုံများအနက်မှ တခုဖြစ်သည်။ မွေးဖွားသည့်ကာလမှ သင်ယူရရှိကာ ကြီးပြင်းလာခဲ့သည့် ယဉ်ကျေးမှုတရပ်ကိုအခြေခံကာ မိမိ၏ဘဝပုံစံ၊ လူအများနှင့် ဆက်ဆံသည့် ပုံစံစသည်တို့ကို ဖွံ့ဖြိုးပြောင်းလဲ စေသည်။
  • Indigenous (ဌာနေတိုင်းရင်းသား) – ဒေသတခုတွင် ကြာမြင့်စွာနေထိုင်ခဲ့ကြပြီး ဘဝနေထိုင်မှုနှင့် ကိုးကွယ်ယုံကြည်မှုများက ထိုဒေသနှင့် တွယ်စပ်ကပ်ငြိနေသည့် လူနည်းစုကိုမူ ဌာနေတိုင်းရင်းသားဟု ဆိုသည်။ ဆင်တူသောသဘောရှိသည့် တိုင်းရင်းသားဆိုသော စကားလုံးသည် ၁၉၂၀ နောက်ပိုင်း ဂျီစီဘီအေအသင်း ဝံသာနုလှုပ်ရှားမှုများမှ ပိုမိုလူသုံးများလာသည်။ “တိုင်းရင်းသား” ဟူသည့် ဖော်ပြချက်သည် လွတ်လပ်ရေးကြေညာစာတမ်းတွင် ၂ နေရာ ပါဝင်ခဲ့သည်။ တဘက်ကလည်း တိုင်းရင်းသားလူမျိုးများဆိုသော စကားအသုံးအနှုန်းသည် ရှုပ်ထွေးမှုရှိကာ ၂၀၀၈ ဖွဲ့စည်းပုံတွင်ပင် ရှင်းပြဖွင့်ဆိုခြင်း မပြုခဲ့ပေ။
  • Nation (အမျိုးသားစု၊ အမျိုးသားလူထု) – အမျိုးသားစုများ၊ အမျိုးသားလူထုများသည် မည်သည့်ကာလက ပေါ်ပေါက်လာသနည်းဆိုသည့်အချက်အပေါ် အမြင်များ ကွဲပြားကြသည်။
    • Primordialism ခေါ် ပဝေသဏီမှအခြေတည်ခြင်းအယူအဆအရ လူမျိုးစုများသည် လက်ရှိမြေနေရာတွင် နှစ်ပေါင်းများစွာနေခဲ့ပြီး ထိုရေမြေတို့ကို ထိုလူမျိုးစုသွေးမှ ပေါက်ဖွားလာသူများသာ ပိုင်ဆိုင်သင့်သည်ဟု ဆိုသည်။ လူဟူ၍ စဖြစ်ကတည်းက ဒီနေရာတွင် နေလာသည်ဟူသော အယူအဆမျိုးဖြစ်သည်။ ယခုခေတ် ကမ္ဘာတွင်မူ ထို Primordialism အယူအဆသည် လူမှုရေးအရ၊ မနုဿဗေဒအရ၊ မျိုးရိုးဗီဇဇီဝပညာနှင့်၊ သိပ္ပံပညာအရ ထောက်ခံမှုမရှိသလောက် နည်းသွားပြီ ဖြစ်သည်။ သို့ရာတွင် ထိုအယူအဆတွင်လည်း စဉ်းစားစရာအချက်များရှိသည်။ ဥပမာအားဖြင့် သုတေသနအချို့တွင် ကလေးငယ်များသည်ပင် မိမိတို့နှင့် အမျိုးတူသော၊ ပုံစံတူသော လူများကို ပိုမိုနှစ်သက်ကြောင်းကို တွေ့ရသည်(Kelly et al., 2005)။[3]
    • Benedict Anderson က အမျိုးသားစုသည် လူသားတို့က စိတ်ကူးအခြေပြု၊ အာရုံပြုကာ တည်ဆောက်ထားသော လူ့အသိုင်းဝိုင်း၊ နိုင်ငံရေး အသိုက်အမြုံဖြစ်သည်ဟု ဆိုသည်။ စိတ်ကူးဖြင့် ဆက်စပ်ထားသော လူ့အသိုင်းအဝိုင်းဟု ဆိုနိုင်သည်။ ခေတ်သစ်ကာလ ပုံနှိပ်အရင်းရှင်စနစ်မှတဆင့် အမျိုးသားရေးဝါဒပေါ်လာမှုကို ဦးစားပေးရှင်းပြသည်(Anderson, 1983)[4]
    • သူ့အယူအဆသည် ဥရောပဗဟိုပြုတွေးထားသည့်အတွက် ဥရောပနိုင်ငံများအတွက် မှန်သော်လည်း အခြားနိုင်ငံများအတွက် အပြည့်အဝရှင်းပြနိုင်ခြင်း မရှိပေ။ အထူးသဖြင့် အရှေ့တိုင်း၏အမျိုးသားရေးစိတ်များသည် အနောက်နိုင်ငံမော်ဒယ်များကိုယူကာ တောက်လောင်လာသည်ဟူသော အယူအဆကိုလည်း စိန်ခေါ်ရန်လိုသည်ဟု ထောက်ပြနိုင်ပါသည်။ ထို့အပြင် ယဉ်ကျေးမှုနှင့် ဘာသာတရားအရေးပါမှုကိုလည်း ထည့်သွင်းရှင်းပြမှုအားနည်းသည်။ အမျိုးသားရေးဝါဒများ၏ မတူညီပုံနှင့် အမျိုးသားရေးစိတ် တည်ဆောက်မှုကွဲပြားခြင်းများကို ရှင်းပြခြင်း မရှိပေ။
    • Ernest Gellner ကမူ အမျိုးသားစုများသည် မော်ဒန်ကာလပေါ်အယူအဆ လူမှုရေးရာတည်ဆောက်မှု တခုသာ ဖြစ်သည်ဟု ဆိုသည်။ သူ့အယူအဆအရ စက်မှုတော်လှန်ရေးဖွံ့ဖြိုးမှုများနှင့်အတူ အမျိုးသားလူထုများ ဖြစ်တည်လာကြပြီး စက်မှုလုပ်ငန်းများ ထွန်းကားလာသည့် မော်ဒန်ခေတ်နှင့်အတူ ပျံ့နှံ့သွားသည်ဟု ယူဆသည်(Gellner, 1983)။[5] သူကိုယ်တိုင်၏ မိသားစုက နာဇီလက်မှ ရှောင်ပြေးခဲ့ရသူများဖြစ်သည်။ သူ့အယူအဆပြဿနာက မော်ဒန်ခေတ်သစ် လက်နက်နိုင်ငံကို အဓိကအခြေခံကျသော အမျိုးသားရေးယူနစ်အဖြစ် ယူဆခြင်းဖြစ်သလို နိုင်ငံအတွင်းမှ ကွဲပြားသွားသော လူမျိုးများ၊ ယဉ်ကျေးမှုများနှင့် သမိုင်းများကို သိပ်မခြုံငုံမိပေ။ ထို့အပြင် သူ့အယူအဆကလည်း မော်ဒန်ခေတ်ဥရောပကို အခြေပြုနေသောအယူအဆဖြစ်သည့်အတွက် မြန်မာအပါအဝင် အချို့နိုင်ငံများ၏ အမျိုးသားရေးစိတ်ပေါ်လာမှုကို အပြည့်အဝ မရှင်းပြနိုင်ပေ။
    • Anthony D. Smith က မူ အမျိုးသားစုသည် ရှိရင်းစွဲလူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဖြစ်ရပ်များမှ ထွန်းကား ဖွံ့ဖြိုးလာသည့်အတွက် သင်္ကေတသဘော ဖြစ်သည်ဟု ဆိုပါသည် (Smith, 1998)။[6] သူ့အယူအဆက အမျိုးသားလူထုများ၏ ယဉ်ကျေးမှု ကွဲပြားချက်၊ စုပေါင်းသမိုင်းကြောင်း၊ မတူညီသောဒေသများ၏ ဖြစ်တည်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာ့လှိုင်းများကို ခြုံငုံမိသည့် အယူအဆဖြစ်သည်။

ပြန်ခြုံပြောရလျှင် အမျိုးသားလူထုတွေ ဘယ်လိုဖြစ်လာသလဲဟု ရှုမြင်သော ပညာရှင်များစွာရှိသည်။ သို့ရာတွင် “အနုပညာဆိုတာဘာလဲ”ဆိုသည်ကို ပညာရပ်ဆိုင်ရာ ရှင်းပြဖွင့်ဆိုမှုများ မတူသည်ကိုကြည့်ပြီး “အနုပညာဆိုတာဘာလဲလို့ မသိနိုင်ဘူး” ဟု ပြောခြင်းက မသင့်တော်ပေ။ အမျိုးသားလူထုတခုသည် “စိတ်ပိုင်းဆိုင်ရာအားဖြင့် ချိတ်ဆက်နေပြီး သရုပ်သညာတူသည်ဟု ခံစားကြသော သမိုင်းတူကြသလို ဆင်တူဆက်သွယ်နိုင်သည့် ဘာသာစကားနှင့် ယဉ်ကျေးမှုဝေမျှချိတ်ဆက်လျှက်ရှိသော ဒေသတခုကို အခြေပြုသည့် လူထု” ပင်ဖြစ်သည်။

လူမျိုးစုနှင့်ယှဉ်လျှင် အမျိုးသားလူထု၏ အုပ်စုရပိုင်ခွင့်များကို မည်မျှစည်းရုံးထိန်းသိမ်းသနည်းဆိုသည့်စွမ်းရည်မှာ လွန်စွာသာလွန်မြင့်မားသည်။ ပိုမိုလွယ်ကူသည့် ဖွင့်ဆိုချက်အနေဖြင့် “အမျိုးသားလူထုဟူသည် နိုင်ငံရေးယူနစ်တခုရပိုင်ခွင့်ကို အတူတကွ ဆုပ်ကိုင်ထားသည့် လူမှုဆက်ဆံရေးဟန်ချက် (Social Harmony)  ကို မျှဝေသော လူမျိုးစုတစု၊ သို့မဟုတ် တခုထက်ပိုသည့် လူမျိုးစုများ” ဟု စာရေးသူက ဖွင့်ဆိုလိုပါသည်။

ဤအကြောင်းအရာအပေါ် အယူအဆက ဘာကြောင့်အရေးကြီးပါသနည်း။

အမျိုးသားလူထုတခုသည် ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာဖန်တီးခွင့် ရှိလေသည်။ စိတ်ဆန္ဒရှိပါက မိမိတို့အမျိုးသားစု၏ လူမှုရေးရာခံစားချက်၊ ခံစားချက်ရေးရာ ချိတ်ဆက်မှုများအခြေပြုကာ မိမိတို့နေထိုင်လိုသည့် လူမှုဖွဲ့စည်းပုံစနစ်ကို မိမိတို့ဘာသာ ဖန်တီးကြရန် အခွင့်အရေးရှိသည်။ စာရေးသူကိုယ်တိုင်မှာ Anthony D. Smith ၏ ရှုထောင့်အမြင်ကို ပိုနှစ်သက်သူဖြစ်သည်ကို ဝန်ခံလိုပါသည်။ Benedict Anderson နှင့် Earnest Galler တို့၏ အယူအဆများမှာ ဥရောပကို ပိုမိုဗဟိုပြုသည်။ Smith ၏ အယူအဆမှာ မြန်မာနိုင်ငံနှင့် ပိုမိုနီးစပ်သောကြောင့်ဖြစ်သည်ကို အောက်ဖော်ပြပါအချက်များဖြင့် ပဏာမမီးမောင်းထိုးပြလိုပါသည်။

  • သမိုင်းဆိုင်ရာ ဆက်နွှယ်မှုကို ပစ်ပယ်မရခြင်း – အမျိုးသားလူထု (Nation) တခုသည် ရှည်လျားသော သမိုင်းကြောင်းနှင့် ထိုသမိုင်းကြောင်း၏ ကောင်းမွေဆိုးမွေများမှ ရရှိခဲ့သည် ကောင်းမြတ်မှုများ၊ ဒဏ်ရာများကို အခြေခံကာ တည်ရှိကြသည်။ လူမျိုးစုများဘဝက ရှိခဲ့သည့် သမိုင်းဇစ်မြစ်များသည် ခိုင်မာသော အမျိုးသားရေးလက္ခဏာတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ခြင်း၊ တိုးတက်ခြင်း တို့အတွက် ပံ့ပိုးပါဝင်ကြပါသည်။
  • ယဉ်ကျေးမှုများ၏ ရှုပ်ထွေးမှုကို နားလည်ရန်လိုအပ်ခြင်း – ယဉ်ကျေးမှုများကို ကြည့်ရှုလျှင် သင်္ကေတများ၊ ထုံးတမ်းအစဉ်အလာနှင့် ပုံပြင်ဒဏ္ဍာရီများ၏ အခန်းကဏ္ဍကို နားလည်ရန် လိုအပ်ပါသည်။ သာမန်အဆိုအကနှင့် အဝတ်အထည်များကိုသာ ယဉ်ကျေးမှုဟု နားလည်ရန် မဟုတ်ပေ။ အထူးသဖြင့် သင်္ကေတများသည် ထိုလူမျိုး၏ ဂုဏ်ယူမှုနှင့် နာကျည်းချက်များကို နားလည်ရန် အရေးကြီးပါသည်။ မတူညီသောလူမျိုးတို့ စုစည်းလာပုံကို နားလည်ရန်လည်း မျှဝေလက်ခံထားသည့် ဒဏ္ဍာရီများ၏ အခန်းကဏ္ဍမှာအရေးကြီးပါသည်။ ယင်းအခန်းကဏ္ဍကို နားမလည်ပဲ လူမျိုးစုများကို လူမျိုးအဖြစ် ပူးပေါင်းရန် ခက်ပေသည်။ နိုင်ငံတော်နှင့် လူမျိုးများကို ခိုင်မာသည့် အမျိုးသားရေးဝိဉာဏ်ထူထောင်လိုပါ ယင်းဓလေ့နှင့် သင်္ကေတများကို နားလည်ရန် လိုအပ်ပါသည်။
  • အမျိုးသားလူထုများ၏ ခံနိုင်ရည်ရှိမှုနှင့် တည်မြဲခြင်း – အမျိုးသားလူထုများသည် နိုင်ငံရေးနှင့် လူမှုရေးပြောင်းလဲမှု များကို ရင်ဆိုင်ရာတွင်ပင် တည်မြဲမှုနှင့် ခံနိုင်ရည်ရှိမှုအတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ပါသည်။ နမူနာအားဖြင့် နိုင်ငံတနိုင်ငံက အခြားနိုင်ငံတခုကို တိုက်ခိုက်သိမ်းသွင်းနိုင်လိုက်လျှင်ပင် နိုင်ငံအတွင်းရှိ အမျိုးသားလူထု၏ အမျိုးသားရေးဝိဉာဉ်ကို လွယ်ကူစွာပယ်သတ်၍ မရနိုင်သည့်သဘာဝကို ရှင်းပြနိုင်ပေသည်။ နောက်ထပ်ဥပမာ တခုမှာ ဗမာ့ကွန်မြူနစ်တော်လှန်ရေး မှိန်သွားသည့်အခြေအနေတွင်ပင် လူမျိုးစုလွတ်လပ်ခွင့်တော်လှန်ရေးများက အားကောင်းဆဲဖြစ်သည်ကို တွေ့နိုင်သည်။ အမျိုးသားဝိဉာဉ်အတွက် မရှိမဖြစ်လိုအပ်သော ယဉ်ကျေးမှုအခြေခံကို ဆက်လက်ထိန်းသိမ်းထားနိုင်သလို ရှင်သန်မှုအပြည့်ဖြင့် လိုက်လျောညီထွေဖြစ်အောင် အသွင်ပြောင်းနိုင်သည့် အရည်အသွေးလည်း ရှိပါသည်။
  • လူမျိုးပေါင်းစုံတည်ရှိနိုင်မှုကို အသိအမှတ်ပြုရန်လိုခြင်း – သမိုင်းသင်္ကေတများကို အခြေခံရှုမြင်သော နားလည်မှုရှုထောင့်သည် နိုင်ငံတခုတည်းတွင် သို့မဟုတ် ပထဝီဝင်ဒေသတခုတည်းအတွင်းတွင် လူမျိုးအများအပြားတည်ရှိကြောင်း အသိအမှတ်ပြုသည်။ ယဉ်ကျေးမှုဆိုင်ရာ ဗဟုဝါဒကို အသိအမှတ်ပြုခြင်းသည် မတူကွဲပြားသော အမျိုးသားရေးလက္ခဏာများကို နားလည်သဘောပေါက်ရန်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အရေးကြီးပါသည်။ ခေတ်သစ်ဝါဒီ (Modernists) အယူအဆတွင် ပုံနှိပ်မီဒီယာ၏ အခန်းကဏ္ဍကို အလွန်အမင်းဇောင်းပေးထားခြင်းကြောင့် လူမျိုးစုများ ကွယ်ပျောက်ကာ တသားတည်း ဖြစ်လိမ့်မည်ဟု ဟောကိန်းရှိလာနိုင်သော်လည်း လက်တွေ့တွင် ယင်းကဲ့သို့မဟုတ်ပေ။ မတူညီသောအသိုင်းအဝိုင်းများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခွင့်အရေးများကို လေးစားတန်ဖိုးထားသည့် ပိုမိုပါဝင်ပြီး သာတူညီမျှချဉ်းကပ်မှုကိုအားပေးရေးအတွက် သမိုင်းနှင့် ဓလေ့များကို ချန်လှပ်ရန် မဖြစ်နိုင်ပေ။
  • မျိုးဆက်များ၏ ယဉ်ကျေးမှုနှောင်ကြိုးများကို အသိအမှတ်ပြုရန်လိုအပ်ခြင်း- လူ့အသိုက်အမြုံများအတွင်း အချင်းချင်းဆက်ဆံမှုများအပေါ် အလေးပေးမှု စဉ်းစားသည့်အခါ ဆင်တူသည့် ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ရိုးရာများနှင့် အမျိုးသားရေးလက္ခဏာများသည် အဆင့်ဆင့်လက်ဆင့်ကမ်းသော နှောင်ကြိုးများဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ သမိုင်းဆိုင်ရာ အတွေ့အကြုံများ၊ တန်ဖိုးများ၊ စာရိတ္တနှင့်ကျင့်ဝတ်များကို သက်ဆိုင်ရာပုံပြင်ဇာတ်လမ်းများနှင့် အမူအရာမှလည်း လက်ဆင့်ကမ်းကြသည်။ ဥပမာ ပဒေသရာဇ်စိတ်များသည့် လူမျိုးစုတို့တွင် ဘုရင်တို့ကို အမွှမ်းအလွန်တင်သော ပုံပြင်များပြောကြသလို စွန့်စားလိုသောလူမျိုးများတွင် စွန့်စားသူတို့၏ ပုံပြင်များရှိကြသည်။ လူမျိုးစုဝင်များအကြား စည်းလုံးညီညွတ်မှုဖြစ်တည်ရန်နှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။ ထို့အပြင် မျိုးဆက်များကို လက်ဆင့်ကမ်းနိုင်ခြင်းသည် အရေးကြီးပါသည်။ များစွာသောလူတို့အတွက် ယဉ်ကျေးမှုနှောင်ကြိုးများသည် သူတို့အတွက် စည်းလုံးခြင်း၊ မိမိတို့အသိုက်အမြုံကို အဓိပ္ပာယ်ရှိစေခြင်း၊ မိဘဘိုးဘွားအမွေကို ဂုဏ်ယူနိုင်စေခြင်းတို့ ရရှိစေပါသည်။

အထူးသတိပြုရန်မှာ လက်ဆင့်ကမ်းလာသော တန်ဖိုးထားမှုတိုင်းသည် ကောင်းမွန်မည် မဟုတ်သော်လည်း လူများစွာအတွက် ယင်းနှောင်ကြိုးများမှ မိမိတို့ အသိုက်အမြုံများ၏ အဓိပ္ပာယ်၊ ကျင့်ဝတ်၊ သမိုင်းသင်ခန်းစာနှင့် ရသများကို လက်ဆင့်ကမ်းရရှိစေနိုင်ပါသည်။

[1] Ting, H. (2008). Social Construction of Nation—A Theoretical Exploration. Nationalism and Ethnic Politics, 14(3), 453-482. doi:10.1080/13537110802301418

[2] https://www.etymonline.com/

[3] Kelly DJ, Quinn PC, Slater AM, Lee K, Gibson A, Smith M, Ge L, Pascalis O. Three-month-olds, but not newborns, prefer own-race faces. Dev Sci. 2005 Nov;8(6):F31-6. doi: 10.1111/j.1467-7687.2005.0434a.x. PMID: 16246233; PMCID: PMC2566511.

[4] Anderson, Benedict (2006). Imagined Communities: Reflections on the origins and spread of nationalism.

[5] Gellner, Ernest (1983). Nations and Nationalism.

[6] Smith, Anthony D. (1998). Nationalism and Modernism.