• Today is: Sunday, April 14, 2024

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အယူအဆသမိုင်း-အပိုင်း (၂)

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အယူအဆသမိုင်း

ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပိုင်း (၂)

စည်းနရီ  | အတွေးအမြင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၏ အစောဆုံးအယူအဆများကို ခေါမအတွေးအခေါ်ပညာရှင်များ၏ ရေးသားမှုများတွင် တွေ့ရသည်။ ထင်ရှားသူတဦးမှာ အရစ္စတိုတယ်ဖြစ်ပြီး သူတို့လက်ထက်ကပင် မြို့ပြနိုင်ငံများ၏ မိမိတို့ဘာသာ အုပ်ချုပ်ခွင့်နှင့် မိမိတို့ဘာသာ ဥပဒေပြုရေးတို့ကို ဖော်ပြခဲ့သည်။ သို့ရာတွင် တကယ်တမ်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး လှုပ်ရှားမှုများ အနောက်နိုင်ငံများတွင် အရှိန်ရလာသည်မှာ ၁၈ ရာစု ဉာဏ်အလင်းပွင့်ကာလမှသာ ဖြစ်သည်။

ဉာဏ်အလင်းပွင့်ကာလတွင် လူတဦးချင်းစီ၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ အကြား လူမှုပဋိညာဉ်များအရေး ထွန်းကားလာသည်။ ဂျွန်လော့ခ်ကဲ့သို့သော အတွေးခေါ်ရှင်များသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို နားလည်မှုအတွက် အရေးပါခဲ့သည်။ လော့ခ်သည် လူတဦးချင်းစီတွင် သဘာဝအခွင့်အရေးများရှိပြီး လူတိုင်းအသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တို့ပါဝင်ကြောင်း ပြောခဲ့သည်။

လော့ခ်က တရားဝင်သော နိုင်ငံရေးစုဖွဲ့မှုဟူသည် အုပ်ချုပ်ခံရသူများထံမှလာသော နိုင်ငံရေးအချုပ်အခြာအာဏာ နှင့် လူထု၏ မိမိတို့နိုင်ငံရေးစုဖွဲ့မှုကံကြမ္မာကို မိမိတို့ဘာသာ ပြဌာန်းပိုင်ခွင့်မှ ပေါ်လာခြင်း၏ အရေးကြီးပုံကို အထင်အရှားထောက်ပြခဲ့သည်။[1]

၁၉ ရာစုတွင် ဆက်လက်ပြီး အမျိုးသားရေးဝါဒများ တိုးပွားလာမှုသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် အလွန်သက်ဆိုင်ခဲ့သည်။ ထိုကာလ ဥရောပအမျိုးသားရေးဝါဒဟူသည် ထင်ရှားဖြစ်တည်သော အမျိုးသားလူထုတခု သို့မဟုတ် လူမျိုးစုတခု၏ မိမိတို့နိုင်ငံတခုကို မိမိတို့ ရယူတည်ထောင်ကာ မိမိတို့ဘာသာ အုပ်ချုပ်နိုင်ရေး လှုပ်ရှားမှုများလည်း ဖြစ်သည်။[2] ယင်းရှုထောင့်မှ ဥရောပတွင် အမျိုးသားရေးဝါဒ ထွန်းကားခဲ့သလို အခြားအရပ်ဒေသများတွင် ကိုလိုနီစနစ်မှ ရုန်းထွက်ရေးလှုပ်ရှားမှုများလည်း ပေါ်လာခဲ့သည်။

၂၀ ရာစုအတွင်း ကိုလိုနီစနစ်ဖျက်သိမ်းရေး (Decolonization) လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေး စံသတ်မှတ်ချက်များ (Normative) ကဲ့သို့သော သမိုင်းဖြစ်ရပ်များ ပေါ်ထွန်းလာမှုသည်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပေါ် နားလည်မှုအား များစွာသက်ရောက်မှု ရှိခဲ့သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ပင်မအခြေခံမူလည်း ဖြစ်ခဲ့သည်။

ဒုတိယကမ္မာစစ်အပြီး ကိုလိုနီအင်ပါယာများကို ဖြိုချခွာဆုတ်ပစ်ခြင်းနှင့်အတူ ကိုလိုနီပြုခံလူထုတို့၏ မိမိကံကြမ္မာမိမိကိုယ်တိုင်ဖန်တီးနိုင်ခွင့်လည်း ရုတ်ချည်းတိုးမြင့်လာသည်။ ကုလသမဂ္ဂပဋိညာဉ်တွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အလေးပေး ထည့်သွင်း ဖော်ပြလာပြီး နိုင်ငံတကာတွင် ထွန်းတောက်လာသည့် လှုပ်ရှားမှုကို အရေးတယူ ပြုခဲ့ရသည်။[3]

လီနင်နှင့် စတာလင်၏ အခန်းကဏ္ဍ

ဗလာဒီမာလီနင်ဦးဆောင်သော ဘော်ရှီဗစ်များသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် သက်ဆိုင်သော အတွေးအခေါ်များ ဖွံ့ဖြိုးလာမှုတွင် အရေးပါခဲ့သည်။ လီနင်အတွက် လုပ်သားလူထုများ၏ ရည်မှန်းချက်များအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်ဟု ယုံကြည်သည်။ လုပ်သားလူထုသည် သူတို့အတွင်းမှမဟုတ်သော အာဏာတခုဖြင့် အုပ်ချုပ်ခံရလျှင် လွတ်လပ်ခြင်းမရနိုင်ဟု ယုံကြည်သည်။

၁၉၁၇ ခုနှစ် ဘော်ရှီဗစ် တော်လှန်ရေးပြီးသွားသောအခါ လီနင်၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးအမြင်က အသက်ဝင်လာသည်။ ဖင်လန်၊ ပိုလန်နှင့် ဗော်လ်တစ်နိုင်ငံများအတွက် လွတ်လပ်ရေးပေးခဲ့ကြသည်။ ဆိုဗီယက်ယူနီယံကို ဖက်ဒရေးရှင်းစနစ်ဖြင့် တည်ထောင်ပေးခဲ့ကြပြီး ရီပတ်ဗလစ် သမ္မတပြည်နယ်များအတွက် အဆင့်အတန်းမြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးကို ဖန်တီးပေးခဲ့သည်။[4]

စတာလင်အနေဖြင့်မူ လီနင်ရှိစဉ်က လီနင်နှင့် သဘောဆင်တူရှိသော စာတမ်းများကို ရေးသားခဲ့သော်လည်း လီနင်ကွယ်လွန်သည့်အခါ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့် အခွင့်အရေးသည် ဆိုဗီယက်ပြည်ထောင်စု၏ အကျိုးအမြတ်အောက်မှာသာ တည်ရှိရမည်ဟု ယူဆခဲ့သည်။ ထိုအကျိုးဆက်အားဖြင့် လူနည်းစုအမျိုးသားလူထုများကို ဖိနှိပ်ခဲ့သည်။ နောက်ဆုံးတွင် ၁၉၉၁ တွင် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားသည်။

ယနေ့ခေတ်ကမ္ဘာနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မူဘောင်

၂၀ ရာစုအစောပိုင်းကာလများတွင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုင်ရာ အတွေးအခေါ်ကို ထင်ထင်ရှားရှား သုံးစွဲခဲ့သူမှာ အမေရိကန်၏ ၂၈ ယောက်မြောက်သမ္မတ Woodrow Wilson ဖြစ်သည်။ သူ့အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အား အာမခံချက်ပေးခြင်းဖြင့် ငြိမ်းချမ်းတည်ငြိမ်သော ကမ္ဘာသစ်ကို ဖန်တီးနိုင်မည်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။ “အမျိုးသားလိုလားချက်များကို လေးစားကြရမည်။

ယခုအချိန်မှစကာ လူထုတခုသည် မိမိတို့ သဘောတူညီချက်ရှိမှသာ စိုမိုးခံခြင်းနှင့် အုပ်ချုပ်ခံရခြင်း ဖြစ်စေရမည်။ ‘ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည်’ စကားအသုံးအနှုန်းမျှသာမဟုတ်ပဲ လုပ်ကိုလုပ်ရမည့် ဥပဒေသပင်ဖြစ်သည်” ဟု ဆိုခဲ့သည်။[5] ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဥပဒေသကို  အတ္တလန်တိတ်ချာတာနှင့် ကုလသမဂ္ဂပဋိညာဉ်တွင်လည်း ဖော်ပြခဲ့သည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လက်တွေ့ဖော်ထုတ်ရာတွင် သမိုင်းဆိုင်ရာ ထင်ရှားသော ဖြစ်ရပ်များစွာ ရှိခဲ့ရာ အာဖရိကနှင့် အာရှရှိ ကိုလိုနီစနစ်ကို ဖျက်သိမ်းခြင်းများ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းနှင့် ကိုဆိုဗို လွတ်လပ်ရေး စသည်တို့ ဖြစ်သည်။ သို့ရာတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးသည် ဝေဝေဝါးဝါးဖြစ်ကြောင်းနှင့် မတည်ငြိမ်မှုနှင့် ပဋိပက္ခများဆီ ဦးတည်သွားမှုကိုလည်း ထောက်ပြကြပြန်သည်။

မည်သို့ပင် ဝေဖန်သည်ဖြစ်စေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် သက်ဆိုင်သော ဥပဒေသများသည် နိုင်ငံတကာဥပဒေတွင် အခြေခံကျပြီး ငြင်းဆိုမရသည့် jus cogens ဥပဒေသ ဖြစ်သည်။[6] ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် လူထုတိုင်း ကိုယ့်နိုင်ငံရေးစုဖွဲ့မှုကို ကိုယ်တိုင် ရွေးချယ်နိုင်ပြီး မည်သည့်အစိုးရမှ လူထုသဘောမတူပဲ အုပ်ချုပ်ခွင့်မရှိသည့် သတိပေးချက် အမှတ်အသားအဖြစ် ဆက်လက်တည်ရှိပေသည်။

နိုင်ငံတကာမူဘောင်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အယူအဆ ဖွံ့ဖြိုးတိုးတက်မှုလာကို များသောအားဖြင့် အမေရိကန်သမ္မတ Woodrow Wilson နှင့် ဆက်စပ်ပြောဆိုသော်လည်း ၎င်း၏ အယူအဆကို လက်တွေ့အကောင်အထည်ဖော်ရန် ခက်သည်။ နောက်ပိုင်းပေါ်လာသော ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ လူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ညွှန်းထားသော်လည်း အပြင်ဗဟိဒ္ဓဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခွင့်မပြုပဲ အတွင်းရေးကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ ခွင့်ပြုသည်။

ထို့နောက် ရဝမ်ဒါ၏ လူမျိုးတုံးသတ်ဖြတ်မှု[7] အပါအဝင် နိုင်ငံတကာ အကျပ်အတည်းများ ဖြစ်ပွားမှုတို့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ဆွေးနွေးမှုကို ပြန်လည်အသက်သွင်းလာသလို ခွဲထွက်ရေး ပြန်လည်ကုစားရေး အယူအဆကို လှုံ့ဆော်ခဲ့သည်။ သို့သော် နိုင်ငံတကာမူဘောင်များတွင် တဘက်သတ် ခွဲထွက်ခွင့်ကို လက်ခံထားသော မည်သည့်အရာမျှ မရှိသည်ကိုလည်း မှတ်သားရန် အရေးကြီးပေသည်။

အချိန်စဉ်မှတ်တမ်း

၁၇၇၆   –     အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးကြေငြာစာတမ်းတွင် “လူသားတိုင်းသည် တန်းတူညီမျှ ဖန်တီးခြင်းခံရပြီး ဘုရားသခင်မှ နှင်းအပ်သော ပယ်သတ်မရသည့် ရပိုင်ခွင့်များတည်ရှိရာ ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပျော်ရွှင်မှုကို ရှာဖွေဖမ်းဆုပ်ခွင့်တို့ ပါဝင်၏” ဟူ၍ ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု (ထိစဉ်ကာလက ကွန်ဖက်ဒရိတ်အမေရိကပြည်ထောင်များ) သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးအတွက် ဗြိတိသျှအောက်မှ တော်လှန်ထွက်လာသည့် နိုင်ငံပင်ဖြစ်သည်။

၁၇၈၉   –     ပြင်သစ်တော်လှန်ရေးစတင်သည်။ ပြင်သစ်တော်လှန်ရေးသမားများသည် လူသား အခွင့်အရေးများကို ကြေငြာခဲ့သလို နိုင်ငံသား အခွင့်အရေးများကို ဖော်ပြခဲ့သည်။ ကြေငြာချက်တွင် “လူထုတိုင်း၌ မိမိတို့အကျိုးစီးပွားအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်သည်ဟု ယုံကြည်မှုအပေါ်အခြေခံ၍ မိမိတို့အစိုးရပုံစံကို ကိုယ့်ဘာသာတည်ဆောက်နိုင်ခွင့်ရှိသည်” ဟုဖော်ပြခဲ့သည်။

၁၈၄၈   –     တော်လှန်ရေးများသည် ၁၈၄၈ တွင် ဥရောပတခွင် ပြန်နှံ့ခဲ့ရာ အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးများမှ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အယူအဆများက လွန်စွာအရေးပါခဲ့သည်။

၁၉၁၇   –     ရုရှားတော်လှန်ရေးကြောင့် ဇာဘုရင် ပြုတ်ကျသွားသည်။ တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဘော်ရှီဗစ်များက အမျိုးသားလူထုတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကြောင်း အခိုင်အမာဆိုခဲ့သည်။

၁၉၁၈   –     အမေရိကန်သမ္မတ Woodrow Wilson မှ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဥပဒေသ အရေးကြီးပုံကို ခိုင်မာစွာ ဖော်ပြခဲ့သည်။

၁၉၄၅   –     ကုလသမဂ္ဂ ကို တည်ထောင်သည်။ ကုလသမဂ္ဂပဋိညာဉ်တွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ဥပဒေသ ပါဝင်ခဲ့သည်။

၁၉၆၀   –     ကိုလိုနီပြုခံနိုင်ငံများနှင့် လူထုများအား လွတ်လပ်ခွင့်အာမခံသော ကြေငြာချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ လက်ခံခဲ့သည်။ ယင်းကြေငြာချက်တွင် ကိုလိုနီပြုခံလူထုတိုင်းအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အခိုင်အမာ လက်ခံခဲ့သည်။

၁၉၉၁   –     ဆိုဗီယက်ယူနီယံပြိုကွဲသည်။ ထိုဖြစ်ရပ်သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဥပဒေသ၏ ကြီးမားသော အနိုင်ပိုင်းမှုတခုဟု ဆိုသော် လွန်ရာမကျချေ။

၁၉၉၉   –     ကိုဆိုဗိုနိုင်ငံသည် ဆားဗီးယားနိုင်ငံမှ လွတ်လပ်ရေးရပြီဖြစ်ကြောင်း ကြေငြာသည်။ ထိုဖြစ်ရပ်ကို အငြင်းပွားဖွယ်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှာဖွေခြင်း ဥပမာတခုအဖြစ် ယူဆကြသည်။

ကုလသမဂ္ဂသည် စတင်တည်ထောင်သောကာလများတွင် အဖွဲ့ဝင် ၅၁ နိုင်ငံသာ ရှိခဲ့သော်လည်း ယခု ၂၀၂၃ တွင် ၁၉၃ နိုင်ငံဖြစ်နေပြီဖြစ်သည်။[8] ထို့အပြင် နိုင်ငံအများအပြားသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလာကြသလို ဒေသအများအပြားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်လာကြသည်။ ထိုအခြေအနေကို ကြည့်ပါလျှင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အယူအဆကို ခိုင်မာစေခြင်း၊ တနည်းဆိုရလျှင် လူထုတိုင်း မိမိတို့ နိုင်ငံရေးစုဖွဲ့မှု အဆင့်အတန်းကို မိမိတို့ဘာသာ ရွေးချယ်စေနိုင်ခြင်းကို တွေ့ရပါလိမ့်မည်။

[1] Locke. J. … Two d