• Today is: Saturday, April 20, 2024

စစ်ခေါင်းဆောင် တောင်ကြီးရောက်နေလို့ အရပ်သားနေအိမ်တွေကို နိုင်ငံတော်အလံ လွှင့်ထူခိုင်းထား

စစ်ခေါင်းဆောင် တောင်ကြီးရောက်နေလို့ အရပ်သားနေအိမ်တွေကို နိုင်ငံတော်အလံလွှင့်ထူခိုင်းထား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၊ ၂၀၂၄
 
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ကို ရောက်ရှိနေလို့ အရပ်သားနေအိမ်တွေကို နိုင်ငံတော်အလံ လွှင့်ထူ ခိုင်းထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
စစ်ခေါင်းဆောင်ဟာ ကြိုတင်စီစဉ်အကြောင်းကြားထားတာမရှိဘဲ ဒီကနေ့မှာ ရောက်ရှိလာတာဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးတို့ကို လာရောက် ခဲ့တယ်လို့ သိရပါတယ်။
 
“ဌာနဆိုင်ရာတွေတောင် ကြိုမသိဘူး၊ ဒီနေ့မှသိကြတာ။ လုံခြုံရေးတွေလည်း ထပ်တိုးချထားတယ်၊ ဘာအတွက်လာတာလည်းဆိုတာလည်း မသိရသေးဘူး”လို့ သတင်းရင်းမြစ် တစ်ဦးက FJMM ကို ပြောပါတယ်။
 
စစ်ခေါင်းဆောင်ရောက်ရှိလာတာကြောင့် တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်းရှိ နေအိမ်တွေကို ဒီကနေ့ကနေ ဇန်နဝါရီလ ၄ရက်အထိ နိုင်ငံတော်အလံလွှင့်ထူးထားကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
 
“ထွေအုပ်ကခိုင်းလာလို့ မဖြစ်မနေတပ်ထားရမယ်ဆိုပြီး ရာအိမ်မှူးတွေက လာပြောသွားတယ်။ အလံလည်း တစ်အိမ်ကို တစ်ခုပေးသွားတယ်၊ စစ်ခေါင်းဆောင်ရောက်နေလို့ ၄ရက်နေ့အထိ တပ်ထားရမယ်လို့ပဲ ပြောသွားတာ”လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။
 
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ စဝ်စံထွန်းဆေးရုံဝင်းအတွင်းက သူနာပြုသင်တန်းကျောင်းကို ဒီကနေ့မှာ ကျောင်းအပ်ပွဲကျင်းပပြုလုပ်ဖို့ စီစဉ်ထားပေမယ့် စစ်ခေါင်းဆောင်ရောက်ရှိလာတာကြောင့် ရက်ရွေ့ဆိုင်းထားတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – တောင်ကြီးမြို့ မြင်ကွင်း (ပုံဟောင်း)