• Today is: Friday, April 19, 2024

ဘောလခဲမြို့မရဲစခန်းက ရဲနဲ့ ရဲမေ (၆) ဦး KNDF ထံ ခိုလှုံ

ဘောလခဲမြို့မရဲစခန်းက ရဲနဲ့ ရဲမေ (၆) ဦး KNDF ထံ ခိုလှုံ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၆၊ ၂၀၂၄
 
ကရင်နီပြည်နယ် ဘောလခဲမြို့မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၆)ဦး ကရင်နီအမျိုးသားများတပ်မတော် (KNDF)တပ်ရင်းတွေထံ ဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ KNDF ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့မှာ ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသား (၃)ဦး ၊ အမျိုး သမီး (၂) ဦးတို့က လက်နက် (၅)လက်နဲ့ ကျည်ဆန်တွေနဲ့ CDM ပြုလုပ်လာပြီး ဒီဇင်ဘာလ (၅) ရက်နေ့မှာလည်း ရဲတပ်သား အမျိုးသားတစ်ဦးက မိသားစုနဲ့အတူ လက်နက် (၁) လက်တို့က CDM ပြုလုပ်လာကြတယ်လို့ သိရပါတယ်။
 
ဘက်ပြောင်းခိုလှုံလာခဲ့သူ၊ CDM ပြုလုပ်လာတဲ့သူတွေ ဆန္ဒရှိတဲ့ အတိုင်း သွားလာနေထိုင်ခွင့်တွေ ပေးထားပြီး ခံစားခွင့်နဲ့ ဆုကြေးငွေ တွေကိုလည်း ပေးအပ် ချီးမြှင့်ခဲ့တာပါ။
 
အခုလို လမ်းမှန်ပေါ်လျှောက်ပြီး ပြည်သူနဲ့ ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြသူတွေကို ကြိုနေမှာ ဖြစ်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှုကိုလည်း ပြည့်ဝစွာ အာမခံပါတယ်လို့ KNDF က အသိပေးဖော်ပြထားပါတယ်။
 
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဘက်ကလည်း ဘက်ပြောင်းရေး အစီအမံ မူဝါဒနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလက ထုတ်ပြန်ပြီး အသိပေးထားပါတယ်။
 
ဓါတ်ပုံ – KNDF