• Today is: Thursday, April 18, 2024

နမ့်စန်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို စစ်ကားနဲ့ ဝင်တိုက်ပြီးဖမ်းခေါ်သွား

နမ့်စန်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို စစ်ကားနဲ့ ဝင်တိုက်ပြီးဖမ်းခေါ်သွား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ ဇန်နဝါရီလ ၉ရက်၊ ညပိုင်းအချိန်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်မှ စစ်ကားနဲ့ ဝင်တိုက်ပြီး ဖမ်းခေါ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေထံကနေ သိရပါတယ်။

နမ့်စန်မြို့၊ ပြည်ထောင်စုလမ်းမကြီး၊ BOC ဓာတ်ဆီဆိုင်အနီးမှာ ဇန်နဝါရီလ ၈ရက်၊ ည ၁၀နာရီဝန်းကျင်အချိန်က ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကားနဲ့ နောက်ကနေဝင်တိုက်ပြီး ဖမ်းခေါ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ည၁၀နာရီ၊ ၁၀မိနစ်လောက်က ဖြစ်သွားတာပါ။ နောက်ကနေကားနဲ့ဝင်တိုက်ပြီး ကားပေါ်တင်ခေါ်သွားတာ၊ တိုက်ခံရတဲ့ကောင်မလေးက ထိခိုက်ပွန်းပဲ့တာတွေလောက်ပဲဖြစ်သွားတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက FJMMကို ပြောပါတယ်။

အဆိုပါအမျိုးသမီးမောင်းနှင်လာတဲ့ YAMAHA Finoအမျိုးအစား အဖြူရောင်ဆိုင်ကယ်ကိုလည်း ကားပေါ်တင်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၉ရက်ကလည်း နမ့်စန်မြို့၊ ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဂိမ်းဆော့ကာ အရက်ဘီယာဝိုင်းဖွဲ့သောက်စားနေတဲ့ လူငယ်အုပ်စုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- CJ (ပုံဟောင်း)