• Today is: Friday, April 19, 2024

ဘယ်သူခွဲခွဲ တို့မကွဲ

ဘယ်သူခွဲခွဲ တို့မကွဲ – ဝင်းမျိုးသူ | အတွေးအမြင်

အမှန်တိုင်း ဝန်ခံရရင် စစ်အုပ်စုအတွင်းမှာ ဘယ်လောက်ပဲ faction အုပ်စုတွေကွဲကွဲ ငါတို့ မစည်းလုံး လို့ မဖြစ်ဘူး၊ ကြိုက်တာ မကြိုက်တာ ဘေးအသာဖယ်ထားလို့ ကျောချင်းကပ်ကာ လက်ချင်း ချိတ်ဆက်လို့ တောင့်ခံထားနိုင်တာကတော့ အသိအမှတ်ပြုရမဲ့ အရည်အချင်းတခုပါပဲ။

ကျန်အဖွဲ့တွေက ထစ်ကနဲဆို ကွဲပြီးသားပဲ။ စုစည်းအားဖြစ်ဘို့ အတော်ခက်ပါတယ်။ စစ်အုပ်စုက ဘယ်သူခွဲခွဲ တို့မကွဲ စိတ်ဓာတ်ကတော့ လေ့ကျင့်သင်ကြား ရိုက်သွင်းထားမှုကြောင့်လည်းဖြစ်မယ်။

လုပ်ငန်းခွင် လိုအပ်ချက်အရလည်းဖြစ်မယ်။ စီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်အရလည်း ဖြစ်ပါလိမ့်မယ်။ Basic instinct for survival ရှင်သန်ရပ်တည်ရေးဗီဇစိတ် အစဉ်နိုးကြွားနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာကြည့်ရတာကတော့ အနည်းဆုံး စစ်အုပ်စုအတွင်း သုံးစုကွဲနေသယောင်ရှိပါတယ်။ လက်ရှိကာချုပ်ကို ဩဇာခံနေတာက တအုပ်စု ဒုချုပ် က ပိုစစ်သားပီသတယ်လို့ယူဆပြီး ဂိုဏ်း ဖွဲ့ချင်နေသူတွေကတအုပ်စုနဲ့ လက်ရှိ လုပ်ပုံကိုင်ပုံတွေကို စိတ်တိုင်းမကျ ဖြစ်နေတဲ့ ယခင် စစ်တပ် ဗိုလ်ချုပ်ကြီးများအုပ်စု က တအုပ်စု လို့မြင်မိပါတယ်။

ဘယ်လိုပင်ကွဲကွဲ အားလုံးရဲ့ဘုံလိုလားချက်ကတော့ မြန့်မာနိုင်ငံရေးကို စစ်တပ်က ကြိုးကိုင်တဲ့အတိုင်း ထာဝရစိုးမိုးချယ်လှယ်နိုင်ရးဆိုတာသံသယရှိစရာမလိုပါဘူး။

သူတို့တွေမှာတူညီတဲ့အချက်တွေက

၁။ မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့မတန်ဘူး ဖွင့်ပေးလို့မရဘူး ဗမာလူမျိုးဟာ အာဏာနဲ့ ထိန်းကွပ်ထားမှ တော်ရုံကြတယ်

၂။ စစ်တပ်ကသာလျှင် လုပ်ရည်ကိုင်ရည်အရှိဆုံး နိုင်ငံရေးသမားတွေဆိုတာလေပဲ ဘာမှ အစွမ်းအစမရှိ တပ်မတော်သားတွေဦးဆောင်မှရမယ်

၃။ တိုင်းရင်းသားတွေတယောက်တပေါက်နဲ့အလို လိုက်လို့မရဘူး လွှတ်ပေးလိုက်ရင် အစိတ်စိတ်အမွှာကွဲထွက်သွားမယ်

၄။ အရိုးကွဲသွားအောင်နာနာရိုက် ခပ်ကြမ်းကြမ်းသာကိုင် တခါထဲ အပိုးကျိုးသွားမယ် ဒီလိုလုပ်မှ အုပ်ချုပ်လို့ရမယ်

အစရှိသဖြင့် ဒီအချက်တွေအပေါ်မှာ အတော်လေး စိတ်သဘောထားတိုက်ဆိုင်တာတွေ့ရပါတယ်။

ဒါကိုပဲ ပုံစံမျိုးစုံနဲ့ ပွင့်ပွင့်လင်းလင်းပြောမယ် သွယ်ဝိုက်ပြောမယ်၊ ခပ်ပျော့ပျော့ ခံသာအောင်ပြောမယ် ခပ်ကြမ်းကြမ်းပြောမယ် လိုရင်းကတော့ ဒါပါပဲ။

လွန်ခဲ့သောနှစ် ၇၀ အတွင်း မြန်မာပြည် အဆင်းရဲဆုံးအောက်ကျနောက်ကျ ဖြစ်သွားရတာဟာလည်း စစ်အာဏာရှင်စရိုက်ဆိုးကြောင့်ဆိုတာကို လက်မခံတဲ့နေရာမှာလည်း အားလုံးကတစိတ်တဝမ်းတည်း ရှိကြပါတယ်။

ဘယ်လိုလေးလုပ်လိုက်ရင်ရပါတယ်၊ ဦးနေဝင်းခေတ်တုန်းကဘယ်လို ဦးသန်းရွှေခေတ်တုန်းကဒီလို ဒါတွေကို အသာလေးလှည့်ပြီး ဒီလုပ်လုပ်လိုက်ရင် လူထုကို ကိုင်လို့ရပါတယ် ဆိုတဲ့ တွေးတောချက် တွေမှာလည်း အတော်လေး တူညီကြပါတယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့အယူအဆဟာ အနောက်တိုင်းနိုင်ငံရေး အတွေးအခေါ်နဲ့ယှဉ်ပြောရရင် Thomas Hobbes ရဲ့ Leviathan အယူအဆမျိုးပါပဲ။

State of the nature လူတွေဟာသဘာဝအရ လွှတ်ထားရင် ပရမ်းပတာဆန်ပြီး မကောင်းတာ လုပ်ဘို့ပဲအားသန်တယ်။ ကိုယ်ကျိုးစီးပွါး ရှေ့တန်းတင်လွန်းပြီး အကြောင်းကြောင်းကြောင့် ထိခိုက် ပျက်ဆီးခံရရင် တဘက်သားကို တဆုံးလုပ်တတ်တယ်၊ အနှိုင်းအဆ အချိန်အဆ မရှိလက်လွန် တတ်တဲ့အမျိုးမို့ တရားမျှတမှုကင်းပြီး လူ့ဘောင်ဟာ အေးချမ်းသာယာမှုကင်းမယ်။

တခြားတယောက် ကမတော်တဆဝင်တိုက်မိလို့ လက်ကျိုးသွားရင် တောင် တော်ရာတန်ရာ အပစ်ပေး တာဝန်ယူတာဝန်ခံရမဲ့အစား အဲ့လူကို ပြန်သတ်တဲ့အထိ လုပ်လိုစိတ်ရှိတယ်။

ဒီလိုသဘော သဘာဝရှိတဲ့ အတ္တလွန်ကဲတဲ့လူတွေကို လွှတ်ပေးထားလို့မရဘူး၊ ဒီလိုလူတွေနဲ့ အေးချမ်း တည်ငြိမ်တဲ့ လောက ကိုတည်ထောင်လို့မရဘူး၊ ဒါကြောင့် အေးချမ်းသာယာတဲ့လောကမှာ နေလိုတဲ့ သူတိုင်းဟာ သူတို့ရဲ့ စိတ်ရိုင်းဆန္ဒတွေကို စွန့်လွှတ်ပြီး အတူတကွ နေကြပါမယ်ဆိုတဲ့ လူမှုရေး ပဋိညာဉ်တခု social contract အောက်မှာ အုပ်ချုပ်ခံ တွေအဖြစ်နေသွားဘို့လိုအပ်တယ်။

လူ့လောကကို တည်ငြိမ်အေးချမ်းအောင် ဘုရားသခင်အလိုကျ စီမံခန့်ခွဲနေတဲ့ အုပ်ချုပ်သူတွေရဲ့ အုပ်ချုပ်မှုကို လိုလိုလားလားခံယူရမှာဖြစ်တယ်။ ဒီအုပ်ချုပ်သူတွေ ညံဖျင်းလို့ မတော်မတရားတွေ ဖြစ်ခဲ့ရင်တောင်မှ လိုလိုလားလားနဲ့ သီးခံဘို့လိုတယ်။

ဘာလို့လဲဆိုတော့ အုပ်ချုပ်သူ ထိန်းကြောင်းမဲ့သူမရှိတဲ့အခါမှာ မင်းမဲ့စရိုက်ပိုဆန်ပြီး လူတွေဟာ တယောက်နဲ့တယောက်ရန်လိုစွာ အပြန်အလှန်တုန့်ပြန်သတ်ဖြတ်နေကြလို့ ဖြစ်တယ်ဆိုပြီး သောမတ်ဟောဘ်စ်က ဟောပြောခဲ့တာဖြစ်ပါတယ်။

လိုရင်းကတော့ ဘုရားသခင်က ခန့်အပ်ထားတဲ့ ပဒေသရာဇ် ဘုရင်အောက်မှာ အုပ်ချုပ်ခံတွေအဖြစ်နေကြ ဘုရင်ဆိုးလဲ သီးခံလိုက် နောက်မို့ဆို ဒီထက်ဆိုးနေလိမ့်မယ်လို့ ပြောတာဖြစ်ပါတယ်။

ဒါဟာ ဒီနေ့ခေတ်မှာဆိုရင်တော့ ကွန်မြူနစ်တွေနဲ့ သွားတူပါတယ်။

တရုပ်ပြည်ကွန်မြူနစ်အုပ်စိုးသူတွေက ပြည်သူတွေဒီမိုကရေစီစိတ်ကူးမယဉ်နဲ့ တယောက်တပေါက်နဲ့ အုပ်ချုပ်လို့ကိုမဖြစ်ဘူး၊ ဒီတော့ ဗဟိုဦးစီးစနစ်အောက်မှာ ငြိမ်ဝပ်ပိပြားစွာ နေပါ၊ ဗဟိုဦးစီးစနစ်ကသာ အားကောင်းတဲ့ အစိုးရတရပ်ကို ဖြစ်စေပြီး စီးပွါးရေးဖွံ့ဖြိုးရေးကို ပိုထိထိရောက်ရောက်လုပ်နိုင်မယ်။

ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေပြောနေရင် လမ်းတောင်ဖောက်လို့ရမှာမဟုတ်ဘူး။

ဒါကြောင့်ပြည်သူတွေရဲ့ လွတ်လပ်စွာနေလိုစိတ် နဲ့ လွတ်လပ်ခွင့်တချို့တွေကို စွန့်လွှတ်လိုက်ပြီး ကွန်မြူနစ်ဗဟိုဦးစီးမှု စနစ်အောက်မှာ စည်းကမ်းတကျနေထိုင်ဘို့ ကြိုးစားကြပါ။

စီးပွါးရေးတိုးတက်လာတဲ့အခါ ထိုက်သင့်တဲ့ဒီမိုကရေစီအခွင့်အရေးတွေ ခံစားခွင့် ရလာစေပါမယ် ဆိုတာက တရုပ်ကွန်မြူစနစ်က ကြွေးကျော်ထားတဲ့ ၂၀၄၀ ခုနှစ် တရုပ်စရိုက်လက္ခဏာနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ် ဒီမိုကရေစီ ပန်းတိုင်ပါပဲ။

မြန်မာပြည် version ဆိုရင်တော့ စစ်တပ်ရဲ့ ပေးတဲ့ ဒီမိုကရေစီလွပ်လပ်ခွင့်လောက်နဲ့သာကျေနပ်ပါ။ စစ်တပ်ရဲ့ နိုင်ငံရေးထိန်းချုပ်မှုအောက်မှာပဲ ငြိမ်ဝပ်ပိပြားစွာနေပါ။

၂၀၀၈ ခြေဥ အောက်မှာပဲ အခြေအနေကောင်းရင်ကောင်းသလို ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ ဖြစ်လာမယ်။ နောက်မို့ဆို စစ်တပ်မရှိရင် တိုင်းပြည်က မင်းမဲ့စရိုက်ဖြစ်ပြီး အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားမယ်၊ ဒီထက်ပိုပြီး ဒုက္ခမရောက်ချင်ရင် စစ်တပ်အုပ်ချုပ်မှုကိုခံလိုက် စစ်တပ်ရဲ့ နိုင်ငံရေး ဦးဆောင်မှု ထိန်းကြောင်းမှုကို အဓွန့်မတက်နဲ့ဆိုပြီး ပြောနေကြတာပါပဲ။

ဒါကြောင့် ဒီနေ့ဖြစ်နေတဲ့ နိုင်ငံအတွင်း ပဋိပက္ခတွေကိုကြည့်ရင့် military institution နဲ့ democratic institution(လွှတ်တော်၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး) တွေကြားကရှိတဲ့ အကျိုးစီးပွါးနဲ့ လုပ်ထုံး လုပ်နည်း ဝိရောဓိပြသနာ institutional conflict တခုတည်းသာမက အယူအဆ တန်ဘိုးထားမှု ခြင်းဆိုင်ရာ ထိတ်တိုက်ရင်ဆိုင်ရမှု value conflict ပါဖြစ်နေတာ ဖြစ်ပါတယ်။

Conflict management ကို သီအိုရီအရကော လက်တွေ့ပါ နီးစပ်သူတွေသိကြပါတယ်။ conflict အမျိုးမျိုးရှိတဲ့ အထဲမှာ value conflict ဖြစ်လာခဲ့ရင် ဖြေရှင်းဘို့အခက်ဆုံးဆိုတာကိုပါ။ အကျိုးစီးပွါး ဆိုင်ရာ ပဋိပက္ခ interest အပေါ်အခြေခံတဲ့ conflict က အပေးအယူ လုပ်ပြီးရှင်းလို့ရပါတယ်။

သို့သော် value conflict ဆိုရင်တော့ အယူအဆ သဘောထား တန်ဘိုးထားမှုတွေ ပြောင်းလဲ သွားဘို့ ဆိုတာ အတော်ကိုပဲ ခက်ခဲပါတယ်။ ကိုယ်ယုံကြည်တဲ့ အယူအဆ တခုကို စွန့်လွှတ်ဘို့ အတော်ခက် ပါတယ်။ ညှိုလို့မရပါ။

ဒါကြောင့် ကွန်မြူနစ်ဝါဒ လက်ခံတဲ့သူတွေက အရင်းရှင်ဝါဒကို ပြောင်းလဲဘို့ ကြိုးပန်းတဲ့အခါ အရင်းရှင်ဥာဉ်ရှိတဲ့သူတွေကို compromise လုပ်နေလို့မရဘူး တိုက်ပြီးပြောင်းမှရမယ်၊ revolution သာ အဓိက လို့ ဆိုကြတာဖြစ်ပါတယ်။

လက်ရှိ စစ်အုပ်စုအတွင်း ကွဲလွဲမှုဆိုတာက လုပ်နည်းလုပ်ဟန် means and ways အပေါ်မှာ အဓိက ကွဲပြားနေတာသာဖြစ်ပြီး အကျိုးစီးပွါးဆိုင်ရာမှာ သဘောထားကွဲပြားတာ ခွက်လုတာမျိုး လားလား တောင် မတွေ့မိသေးပါဘူး။

စစ်တပ်အာဏာသိမ်းတာကို ထောက်ခံသူအားလုံးမှာ မူလကျောရိုး သဘောထားက တစိတ်တဝမ်းထဲ တူညီနေဆဲမို့ အပေါ်အယံအကွဲအပြဲတွေသာဖြစ်နိုင်ပြီး ကျောချင်းကပ်လို့ အကိုကြီးညီလေး ဘယ်သူ ခွဲခွဲ တို့မကွဲ တစည်းတလုံးတည်းရှိနေဦးမည်လို့ ထင်မိပါတယ်။

လူစွမ်းကောင်း ပေါ်လာစရာ အကြောင်းမရှိပါ။