• Today is: Saturday, April 20, 2024

မြွေမသေ တုတ်မကျိုး တရုတ်မဟာဗျူဟာ

မြွေမသေ တုတ်မကျိုး တရုတ်မဟာဗျူဟာ

စာရေးသူ. – ကိုကိုမောင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

————————————————————–

မြန်မာနိုင်ငံပဋိပက္ခအခြေအနေမှာ  အိမ်နီးချင်းတရုတ်နိုင်ငံက စကစနဲ့ ERO၊ တော်လှန်ရေးအင်အားစုတွေကြားမှာ “မြွေမသေ တုတ်မကျိုး”မူကို ကျင့်သုံးနေခြင်းဟာ တရုတ်ရဲ့ မဟာဗျူဟာ ဆက်ဆံရေးတခုဟု ပြောနိုင်ပါသည်။ “မြွေမသေ တုတ်မကျိုး” ဆိုတာ ရှေးခတ်တရုတ် စာပေးများနှင့် ဒဿနာတို့မှ အခြေခံဖြစ်ပေါ်လာတဲ့ ဆိုရိုးစကား တခုဖြစ်ပါသည်။ အဆိုပါ ဆိုရိုး၏ ရည်ရွယ်ချက်သည် ဥာဏ်ပညာရှိရှိ အခြေအနေအမျိုးမျိုး ကိုင်တွယ်ဖြေရှင်းရန်အတွက်ဖြစ်ပြီး၊ ထိခိုက်နစ်နာမှု၊ ပျက်စီးဆုံးရှုံးမှုမရှိစေရန် အယူအဆကို ကိုယ်စားပြုထားသည်။

အဆိုပါ အယူအဆကို တရုတ်လူမျိုးတို့၏ နေ့စဉ်လူနေမှုဘဝ၊ စီးပွါးရေးလုပ်ငန်းများတွင် ညှိနှိုင်းဆောင်ရွက်ခြင်းများသာမက နိုင်ငံတကာသံတမန်ဆက်ဆံရေးများတွင် ဤမူဝါဒကို ကျင့်သုံးလေ့ရှိပါသည်။ မြန်မာနိုင်ငံ ပဋိပက္ခဖြစ်စဉ်အတွင်း တရုတ်၏ လွှမ်းမိုးပါဝင်မှုသည် တန်ခိုးထွားသည့် အချိန်ကာလဖြစ်သည်နှင့်အညီ တော်လှန်ရေးအင်အားစုများကြားမှာလည်း ညီညွတ်မှုအားနည်းသည့်အချိန်နှင့် စစ်ကောင်စီအားနည်းလာသောအခြေအနေမျိုးသည် တရုတ်လိုချင်သည့် အခင်းအကျင်းမျိုး ဖြစ်သည်။ ထို့ကြောင့် အာဏာသိမ်းပြီး ၃ နှစ်ထဲ ရောက်လာသည့်အချိန်မှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့  မြန်မာ့အရေး အပေါ်ထားရှိသော မူဝါဒသည် “မြွေမသေ တုတ်မကျိုး”မူ အတိုင်း အာဏာရပ်ဝန်းမှာ စစ်ကောင်စီ တန်ခိုးထွား နေတာကို မလိုချင်သလို၊ တော်လှန်ရေးအုပ်စုများ အပြီးပြတ်ထိန်းချုုပ်သွားမှာလည်း လိုလားဟန်မရှိပေ။

၂၀၂၁ ခုနှစ်အစောပိုင်းကာလများတွင် တရုတ်နိုင်ငံသည် မြန်မာ့အရေးကို ပြည်တွင်းရေးအဖြစ်သာ သဘောထားပြီး၊ အာဏာသိမ်းမှုဖြစ်စဥ်ကို မကျေနပ်၍ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဥ်များအပေါ်မှာ လျစ်လျှူရှု၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှ ဖြေရှန်းရန်သာ အမြဲတိုက်တွန်းလေ့ရှိသည်။ လူမျိုးစုတော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကြားတွင် အတိုင်းအတာ တခုထိ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်နေနိုင်သော်လည်း အလုံးစုံ ယုံကြည်မှုရှိသည့် အခင်းအကျင်းမျိုး ကိုတော့ ယနေ့အချိန်ထိ မတွေ့ရသေးပေ။

သို့သော်လည်း စစ်ရေးအရ မဟာမိတ်စုဖွဲ့ပြီး အကောင်အထည်ဖော်နေသည့်အခြေအနေမှာ တစတစ တိုးတက် လာခဲ့ကြပြီး၊ တရုတ်အနေဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလောက်မှာ မြောက်ပိုင်းသုံးဖွဲ့ကို တဖွဲ့ချင်းတွေ့ဆုံ ၍ NUG အပေါ် တရုတ်တုံပြန်မှု ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည်ဟု ကြားသိရသည်။ အဓိကအားဖြင့် အမေရိကန်အစိုးရ၏ အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) အတည်ပြုပြဌာန်းခဲ့ခြင်း နှင့် အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးခန်းဖွင့်ခဲ့ခြင်းကိစ္စများနှင့်ပတ်သက်၍ သိပ်ကြိုက်ခြင်းမရှိသည်ကို ဆွေးနွေးခဲ့သည်ဟု မဲခေါင်သတင်းဌာန ဖော်ပြချက်အရ သိရသည်။

NUG ကာကွယ်ရေးဝန်ကြီး RFA နှင့်အင်တာဗျူးစဉ်မှာ EAO ငါးဖွဲ့နဲ့ NUG အကြားမှာ နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုရှိနေသည်ဟု တရားဝင်ပြောဆိုခဲ့သည်။ အဆိုပါ လူမျိုးစုလက်နက်ကိုင်အဖွဲ့နာမည်များကို တရားဝင် ထုတ်ဖော်ဆို ပြောကြားခဲ့ခြင်းမရှိသော်လည်း၊ “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့လို အခြားသော အင်အားရှိသည့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ ကျန်ရှိနေသေးသည်မှာ တွေ့ရသည်။ ထို့ကြောင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ခိုင်မာသည့် နိုင်ငံရေးရည်မှန်းချက် မရှိသေးသည်မှာ မြင်သာပါသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ တရားဝင်မှုကို  လူထုဆီမှ မရတော့ဘဲ၊ အာဏာကို သေနတ်ကိုင်ထားခြင်းဖြင့်သာ ရရှိနေခြင်းဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံရေးပြဿနာကို စစ်တပ်က အကြမ်းဖက် ဝင်ရောက်ဖြေရှင်းခဲ့ခြင်းသာဖြစ်သည်။ အကြမ်းဖက်မှုဖြေရှင်းခဲ့မှုသည် လူထုထံမှ တရားဝင်မှုအာဏာကို မရရှိခဲ့သည့်အပြင် စစ်ဘောင်ကျယ်ရန်အတွက် အစပျိုးခဲ့ခြင်းသာဖြစ်သည်။

စစ်ဘောင်ချဲ့လာခြင်းသည် စစ်ကောင်စီအတွက် အားနည်းလာခြင်းအကြောင်းအရင်း နိဒါန်းဘဲဖြစ်ပြီး၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တပ်တွင်း အာဏာဖီဆန်လှုပ်ရှားမှု CDMတွင်ပါဝင်လာသည့် အရေအတွက်.  သည်လည်း တဖြည်း ဖြည်းများလာခဲ့ပြီး တပ်တွင်း အက်ကြောင်းများ ထ လာခဲ့သည်ကို ပိုမိုမြင်သာလာခဲ့ရသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ရဲ့ “၁၀၂၇” စစ်ဆင်ရေးသည် စစ်ကောင်စီတပ်သားများအတွက် စိတ်ဓာတ်ခိုင်မာ မှုမရှိတော့ဘဲ၊ လက်နက်ချ၊ ထွက်ပြေးနေရသည့် အခြေအနေများကို ရင်ဆိုင်နေခဲ့ရပြီး၊ မြောက်ပိုင်းသုံးဖွဲ့ကို လက်နက်များ၊ နယ်မြေများပေးလိုက်ရသည့်အတွက် စစ်ကောင်စီတပ်ရဲ့ အရည်အချင်းများ အထင်းသားပေါ်လာ ခဲ့ရပေသည်။ ထို့ကြောင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နိုင်ငံရေးအရ နိုင်ငံတကာနှင့် ပြည်တွင်းမှာ တရားဝင်မှုမရှိခြင်း၊ စီးပွါးရေးကျဆင်းနေမှုကို မထိန်းချုပ်နိုင်ခြင်း၊ စစ်ရေးတွင်လည်း အကြီးအကျယ်ရှုံး နိမ့်နေခြင်းနှင့် အုပ်ချုပ်မှု အပိုင်းတွင်လည်း အားနည်းမှုများတောက်လျှောက်ဖြစ်ပေေါ်နေသည့် အချိန်ကာလ လည်းဖြစ်သည်။

ယခုလို မြန်မာပြည်အခြေအနေမျိုးကို တရုတ်အနေဖြင့် ပိုအကြိုက်တွေ့သည်မှာ မထူးဆန်းပေ။ သို့သော် အနောက် အုပ်စုဝင်ရောက်ပါဝင်လာမည်ကိုတော့ သတိကြီးကြီးထားဟန်တူသည်။ ထို့ကြောင့် အာဏာသိမ်းပြီး (၂) နှစ်အတွင်း စစ်ကောင်စီကို စီးပွါးရေးအရ ကူညီပေးမှုများ တောက်လျှောက်ပြုခဲ့ပြီး အသက်ရှုပေါက်ပေး ထားခဲ့သည်။ မြောက်ပိုင်းသုံးအဖွဲ့ကိုလည်း ပြည်မ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ရန်အတွက် မီးစိမ်းမပြသလို၊ မီးနီလည်း မပြဘဲ၊ တိတ်ဆိတ်နေခဲ့ပေသည်။  “၁၀၂၇”စစ်ဆင်ရေးသည် ပြည်မအနားထိ နီးလာသည့်အချိန်မှာ ကြားဝင်အပစ်ရပ်ရေး ကို အတင်းကြိုးစားလာခဲ့သည်။ စစ်ကောင်စီကို အသက်ရှုပေါက်ပေး၍ တော်လှန်ရေးအင်အားစုများကို ဟန့်တားဖို့ လုပ်နေခြင်းက တရုတ်ရဲ့ “မြွေမသေ တုတ်မကျိုး”မူကို သုံး၍ မြန်မာ့အရေးကို ချဉ်းကပ်ပြီး တရုတ်ရဲ့ မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးမှုကို အထင်းရှားမြင်နေရခြင်း ဖြစ်ပါသည်။