• Today is: Sunday, April 14, 2024

ပစ္စက္ခကောက်ကြောင်း အပိုင်းအစများ

ပစ္စက္ခကောက်ကြောင်း အပိုင်းအစများ

သက်ထွန်း | အတွေးအမြင်

တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အနာဂါတ်ကို လှမ်းမျော်ကြည့်နိုင်ဖို့ရာ၊ လက်တွေ့ခန်းထဲက တိုင်းပြည်ရဲ့လားရာဟာ ဘယ်ကို ဦးတည်နေသလဲ ဘယ်လိုရှိနေလဲ၊ ဒီအတွက် ရှောင်လွဲလို့ မရတဲ့ မေးခွန်းတွေက နည်းနည်းတော့ များပါတယ်။

(၁) လူထုရဲ့နေ့စဉ်ဘဝက ဘယ်လိုလဲ၊ ဒေသအလိုက် ဘယ်လိုကွာခြားမှုတွေ ရှိနေသလဲ။

(၂) စစ်ဘေးစစ်ဒဏ်ရဲ့ သားကောင်တွေ ဘယ်လောက်များနေပြီလဲ။

(၃) စစ်အာဏာရူးတွေကို ဆန့်ကျင်တော်လှန်နေတဲ့ အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေနဲ့ လူမျိုးစုပါတီနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့သဘောထားနဲ့အနေအထားက ဘယ်လိုလဲ။

(၄) စစ်အာဏာရူးတွေက ဘယ်အထိ မိုက်တွင်းနက်ပြီး ရက်စက်ယုတ်မာနေဦးမလဲ။

(၅) ဆန့်ကျင်တော်လှန်နေတဲ့ သူတွေအချင်းချင်းကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး၊ သဘောထားမျိုး ရှိကြသလဲ။

(၆) မြို့ပြနိုင်ငံငယ်တွေ အဆင့်ကို ရောက်စေနိုင်တဲ့ အရွေ့တွေက ဘာတွေလဲ။

(၇) လူမျိုးစုများကြား  နိုင်ငံရေး၊ စစ်ရေး ဘယ်လောက်တူညီ ဘယ်လောက်ကွဲပြားမှုရှိသလဲ၊ လူမျိုးစု တခုခြင်းစီရဲ့ မဟာဗျုဟာမြောက် ရည်မှန်းချက်နဲ့အနာဂါတ်ဖြစ်တည်လိုမှုက ဘာလဲ။

(၈) အိမ်နီးချင်းနိုင်ငံတွေရဲ့ပါဝင် စွက်ဖက်နေမှုက ဘာအကျိုးသက်ရောက်မှုတွေ ဖြစ်စေသလဲ။

(၉) နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင်စွက်ဖက်နေမှုက ဘယ်အဆင့်လဲ။

(၁၀) တော်လှန်ရေး ( သို့) ဒီရုန်းကန်ဖောက်ထွက်မှုတွေ အောင်မြင်ဖို့အချိန် ဘယ်လောက် ( ၃ နှစ် + ) ထပ်ကြာဦးမလဲ။

(၁၁) ရာဇဝတ်မှု၊ ကုန်ဈေးနူန်းကြီးမြင့်မှု၊ ကျမ်းမာရေး၊ ပညာရေး ထိခိုက်ဆုံးရူံးမှု၊ နေ့စဉ် စစ်ပွဲတွေနဲ့သတ်ဖြတ်မှုတွေကြောင့် သေကျေဒဏ်ရာရရှိသူတွေက ဘယ်လောက်တောင်များနေပြီလဲ။ သူတို့ရဲ့အနာဂါတ်ကဘာလဲ၊ ကျွဲကူးရေပါ ဖြစ်ရပ်တွေက လူ့အဖွဲ့အစည်းကို ပြိုကျပျက်ဆီးဖို့ ဘယ်လောက်တောင် တွန်းအားပေးနေပြီလဲ။

(၁၂) ဒီလို တိုင်းပြည်တခုတည်ငြိမ်မှု ပျက်ပြားသွားတဲ့အခါ အချောင်နိူက်လိုသူတွေ ရေလောင်းပေါင်းသင် လုပ်လေ့ ရှိသူတွေ ဆိုတာဟာ ကိုယ့်ပြည်တွင်းကသာမက၊ တခြားနိုင်ငံတွေလည်း ပါဝင်တတ်ပါတယ်။

အာဏာသိမ်းစက နိုင်ငံရေးအခင်းအကျင်းနဲ့ ၂၀၂၃ အပြီး အခင်းအကျင်းဟာ လုံးဝပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရမှုဟာ အရာရာကို ဆုံးဖြတ်မှုမပေးနိုင်တော့တဲ့ အနေအထားကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်တာကာလက အနေအထားတချို့ကို နှမျောတသနေရုံကလွဲပြီး ဆက်လက်ဆုပ်ကိုင် ထားဖို့ မဖြစ်နိုင်တော့ပါဘူး။ အသစ်ဖြစ်ထွန်းရွေ့လျားနေတဲ့ နိုင်ငံရေးရေစီးကြောင်းကို ပိတ်ပင်တားဆီးလို့လည်း အောင်မြင်မှာမဟုတ်ပါဘူး။

နိုင်ငံရေးကို ဆက်လုပ်ချင်တယ်ဆိုရင် တကယ်ဖြစ်နေတဲ့၊ ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့ နိုင်ငံရေး အခင်းအကျင်းကို လက်ခံရဲဖို့လိုသလို၊ နားလည်သဘောပေါက်ဖို့လည်း လိုတယ်။ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ပြောင်းလဲမှု၊ တည်ငြိမ်မှုကို မရယူနိုင်ခဲ့တဲ့ နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုရဲ့အတွေ့အကြုံတွေဟာ အင်မတန်ခါးသီးမှာ အမှန်ပဲဖြစ်ပါတယ်။ အဓိကအခန်းမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေကို သုံးသပ်ကြည့်တဲ့အခါ၊ အများအားဖြင့် မဟာဗျူဟာမရှင်းလင်းခြင်း၊ မဟာဗျူဟာမရိုးသားခြင်း၊ မဟာဗျူဟာ ဖုံးကွယ်ထားခြင်း၊ မဟာဗျူဟာခိုင်ခန့်မှုမရှိခြင်းနဲ့ မဟာဗျူဟာနဲ့ပေါ်လစီကို ခွဲခြားမသိမြင်ခြင်း ဆိုတာတွေကို တွေ့နိုင်ပါတယ်။

သေချာတာတခုကတော့ တအိအိ ပြိုကျနေတဲ့ နိုင်ငံတခုအတွင်းထဲမှာ ကိုယ့်အတွက် ဘာရနိုင်မလဲ ဆိုတဲ့ စဉ်း စားချက်ကနေ အသက်ဝင်လာတဲ့မဟာဗျူဟာအရွေ့တွေက ပိုများနေတာဘဲဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်း သတိထားရမဲ့ အချက်ကတော့ ပေါ်လစီ(သို့) မူကို အခြေအနေ၊ အချိန်အခါနဲ့ကိုက်ညီအောင် မှန်မှန်ကန်ကန် ချမှတ်လုပ်ဆောင် နိုင်ဖို့ပါဘဲ။ ပေါ်လစီ ( သို့ ) မူ ဆိုတာ မီးစင်ကြည့်ကတဲ့ ပေါ်လစီ ( သို့ ) မူ မျိုး၊ ဆတ်ကော့လပ်ကော့ ပေါ်လစီ ( သို့ ) မူ မျိုး မဖြစ်ဖို့လိုပါတယ်။

ပေါ်လစီ ( သို့ ) မူ အမှားများဟာ ကောင်းမွန်တဲ့ ဖြစ်ပေါ်တိုးတက်မှုကို တုံ့ဆိုင်းစေ၊ ပျက်စီးစေတယ်၊ အဲဒီအမှား ဘာကြောင့်ဖြစ်သလဲ၊ ပေါ်လစီ ( သို့) မူ တခုကို ချမှတ်လုပ်ဆောင်ခြင်း မပြုခင်မှာ ဘာအကျိုးဆက်ရှိမလဲ ဆိုတာ သေသေချာချာတွက်ချက်ပြီးမှ ချမှတ်တာမဟုတ်ဘဲ၊ အခြေအနေပေါ်လိုက်ပြီး လွယ်လွယ်ချမှတ်လိုက်တဲ့၊ မိမိရဲ့ မဟာဗျူဟာနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ (သို့) ပေါ်လစီ (သို့) မူအချင်းချင်း တိုးတိုက်စေတဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။  အပြင်း – အပျော့ပေါ်လိုက်ပြီး မဟာဗျူဟာကျိုးပေါက်မှုဖြစ်စေနိုင်တာကိုလည်း ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ မဟာဗျူဟာ ကျိုးပျက်သွားရင် ရန်သူနဲ့ဖြစ်စေ၊ မဟာမိတ်အဖွဲ့အစည်းနဲ့ဖြစ်စေ အောက်စီးကို ရောက်သွားမှာပဲဖြစ်ပါတယ်။ မဟာဗျူဟာ မရှိမှု (သို့) ဝေဝါးမှု (သို့) ရှုပ်ထွေးမှု ဆိုတာတွေဟာ မိမိရဲ့လှုပ်ရှားမှုကို နှောင့်နှေးစေ၊ ဆုံးရူံးစေပါတယ်။

ဒီကနေ့ဗမာနိုင်ငံရဲ့နိုင်ငံရေး၊ စစ်ရေး အရွေ့တွေဟာ ရှုပ်ထွေးကောက်ကျစ်နေပြီ ဖြစ်ပါတယ်။စစ်ရေးနဲ့နိုင်ငံရေးကို ပြောင်းလဲစေမှုဟာ အရှိန်မြန်သလို အားလည်းပြင်းတယ် – အန္တရာယ်လည်းကြီးတယ်။ လက်ရှိ ဖြစ်ပေါ်ရွေ့ရှားနေတဲ့ စစ်ရေး နိုင်ငံရေး အရွေ့ရဲ့နောက်မှာ အစွန်းရောက် အမှတ်သရုပ် ဆုပ်ကိုင်မှု အားကောင်းလာတာနဲ့အမျှ လူမျိုးရေးပွတ်တိုက်မှုတွေကိုပါ  ကြုံလာဖို့များပါတယ်။ နယ်မြေချဲ့ထွင်မှုနဲ့ အာဏာတည်ဆောက်မှုကို အထိန်းအကွပ်မဲ့ လုပ်လာပြီဆိုရင် လက်နက်ကိုင်တိုက်ပွဲတွေကတဆင့် လူမျိုးစုအချင်းချင်း သတ်ဖြတ်မှုတွေဆီကိုပါ ဦးတည်ရွေ့လျားသွားနိုင်တယ်၊။ ဒီနေရာမှာ လူမျိုးစုတိုင်းရဲ့နိုင်ငံရေး မျှော်ရည်ချက်ဟာ ဘာလဲဆိုတာ အလွန်အရေးကြီးပါတယ်။

မဟာဗျူဟာအရ တိုးတိုက်မှုမဖြစ်ဖို့ဟာ လူမျိုုးစုတိုင်းရဲ့ အမျှော်အမြင်ရှိမှု၊ သဘောထားကြီးမှုနဲ့ အနာဂါတ်ပေါ် ရိုးသားမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှုတည်နေပြီ ဖြစ်ပါတယ်။ တိုင်းပြည်က နေ့စဉ်ဗရမ်းပတာ ဖြစ်စဉ်တွေနဲ့ အသက်ဝင်နေရတဲ့ နိုင်ငံတခုဖြစ်နေပြီဖြစ်သလို အရာရာဟာ အပျက်ဘက်ကို ဦးတည်သွားနေပြီး၊ လူထုရဲ့ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေဟာ ဘယ်အချိန်မှာ ရပ်တန့်သွားမလဲ၊ တည်ငြိမ်မှုရလဲ၊ ဘယ်လိုကုစားနိုင်မလဲ ဆိုတာ ဖြေရခက်တဲ့ အရှိတရား မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ဦးဆောင်မှုမဲ့သလိုဖြစ်နေတဲ့ လှုပ်ရှားမှုတွေ၊ ဆန့်ကျင်တော်လှန်မှုတွေနဲ့ ယဉ်ပါးလာနေတဲ့ လူအဖွဲ့အစည်းရဲ့ကြုံတွေ့လာရမဲ့ အကျိုးဆက်ကို ဘယ်သူကတာဝန်ခံမှာ၊ တာဝန်ယူမှာလဲ။ တိုင်းပြည်ရဲ့အလုံးစုံပျက်စီးမှုဟာ စစ်တပ်နဲ့စစ်ခေါင်းဆောင်အာဏာရူးတွေကြောင့်ဆိုရင် ရာနူန်းပြည့်မှန်တယ် ဆိုပေမဲ့၊ ရေဖြည့် မီးထိုးတွေလည်း ရှိခဲ့တယ် ဆိုတာ မြင်အောင်ကြည့်ဖို့လိုပါတယ်။ ဘယ်သို့ဆိုစေ စစ်အာဏာရူးအုပ်စုကိုတော့ ပွဲပြီးမီးသေ ဖြစ်အောင်လုပ်နိုင်ဖို့လိုတာ အမှန်ပါပဲ။

နိုင်ငံတကာ စွက်ဖက်မှုနဲ့ပတ်သက်ရင်  ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ဆိုတာ စကားပုံလောကထဲမှာပဲ ထားခဲ့ရမှာဆိုတာ သတိချပ်ဖို့လိုပါတယ်။ ဒီကနေ့ကမ္ဘာ့အားပြိုင်မှုတွေနဲ့ နိုင်ငံတကာအရွေ့တွေဟာ အကျိုး စီးပွားသပ်သပ်မှာတင် ရပ်တန့်နေမှာမဟုတ်ဘူးဆိုတာ နားလည်ဖို့လည်း လိုတယ်။ ဒါကြောင့် ကိုယ်တွေ စည်းလုံးရင်၊ ညီညွတ်ရင် ဘယ်သူမှ ဝင်ရောက် စွက်ဖက်လို့မရဘူးဆိုတဲ့ အတွေးအခေါ်လောက်နဲ့ ဒီနေ့ကမ္ဘာမှာ နိုင်ငံတခုတည်ငြိမ်ဖို့၊ တိုးတက်ဖို့ဆိုတာ မလုံလောက်တော့ဘူးဆိုတာကိုပါ လက်တွေ့ခန်းကနေ မြင်တွေ့အောင် ကြည့်ရမှာဖြစ်ပါတယ်။ ကိုယ်ကောင်းလည်း ခေါင်းကို ရွေ့မဲ့သူတွေ၊ ပုံပျက်အောင်လုပ်မဲ့သူတွေ ( နိုင်ငံတွေ ) က အဆင်သင့်ရှိနေတယ်ဆိုတာ ဒီကနေ့ကမ္ဘာ့နိုင်ငံရေးဖြစ်ပါတယ်။

နိုင်ငံတခုကို တည်ငြိမ်ဖို့ ပြန်လည်တည်ဆောက်ဖို့ဆိုတာ အင်မတန်တာဝန်ကြီးတဲ့ ခက်ခဲတဲ့ အလုပ်တခုဖြစ် ပါတယ်၊ လူမျိုးရေး အမုန်းတရား အခြေခံပြီး အပေးအယူ လုပ်လို့မရနိုင်ဘူး၊ အာဏာကိုခွဲခြမ်း ဝေမျှယူရုံနဲ့လည်း မပြီးနိုင်ဘူး၊ လတ်တလော ဖြစ်တည်မှုတွေအပေါ် သက်သက်ကနေ ဆုံးဖြတ်လို့လည်း အဖြေမရနိုင်ဘူး။

နိုင်ငံရေးရဲ့အခြေခံဟာ လူ့အဖွဲ့အစည်းကို တည်ငြိမ်ဖို့၊ အေးချမ်းဖို့၊ တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် လူတိုင်းရဲ့လွတ်လပ်မှု၊ လုံခြုံမှုနဲ့အခွင့်အလမ်းအားလုံးဟာ တပြေးညီဖြစ်ပါတယ်။ ဒီသဘောတရားဟာ လူတစ်ဦး တယောက်ချင်းကနေ၊ လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွက် ဖြစ်ပါတယ်၊ သို့ပေမဲ့လည်း ငါနဲ့ငါတို့ ဆိုတဲ့ အတ္တဟာ ရှေ့တန်းသိပ်ရောက်လာတဲ့အခါ အစွန်းထွက် အတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေဟာ ပုံပေါ်လာမှာဖြစ်ပါတယ်။

အကျိုးဆက်ကတော့ အားပြိုင်မှုတွေ၊ တိုးတိုက်မှုတွေကတဆင့် အနိုင်ကျင့်မှု၊ အပြန်အလှန် ထိခိုက်စေမှုတွေ ဖြစ်လာမှာပဲဖြစ်ပါတယ်၊ နိုင်ငံရေး အဖြေမဲ့မှုဟာ စစ်ရေးအဆင့်ကို တက်လှမ်းလာတာဖြစ်လို့ လူတွေရဲ့အသက် ဘဝတွေဟာ ပျက်ဆီးဆုံးရူံးရစမြဲပဲဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာက အခြေခံလာတဲ့ သံသယတွေ၊ အငြိုးအတေးနဲ့ အမုန်းတရားတွေ၊ လက်စားချေလိုမှု တွေကို ပျောက်ကင်းသွားအောင် ချက်ချင်းလုပ်ယူလို့မရဘူးဆိုပေမဲ့၊ အကျိုးရလဒ်ကောင်းကို လိုချင်တယ် ဆိုရင်တော့ အားလုံးဟာ နိုင်ငံရေး ကိုယ်ခံအားကောင်းဖို့၊ ရင့်ကျက်တည်ငြိမ်မှုနဲ့အနာဂါတ်ကို မျှော်တွေးနိုင်မှု ရှိဖို့လိုသလို၊ အခြေအနေမှန်ကို လက်ခံတတ်တဲ့သဘောထားကြီးမှုမျိုးလည်း လိုပါတယ်။

တိုင်းပြည်တခု၊ နယ်နမိတ်တခုအတွင်းမှာ မွေးဖွားရှင်သန်လာကြသူအားလုံးဟာ  မွေးရာပါလူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းအတွင်းက အခွင့်အလမ်းတိုင်းဟာ အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတိုင်းပြည်၊ အဲဒီ ဒေသကို တည်ငြိမ်အေးချမ်းပြီး တိုးတက်ဖို့ဆိုတာ အဲဒီမှာ ရှိနေသူအားလုံးမှာ ညီမျှတဲ့တာဝန်နဲ့ ရပိုင်ခွင့်ပဲဖြစ်ပါတယ်။ ဘယ်သူကမှ ဘာအကြောင်းနဲ့မှ ပေးသူလုပ်လို့မရသလို၊ ဘယ်သူကမှလည်း  တောင်းသူအဖြစ်ကိုလည်း ရောက်မသွားသင့်ပါဘူး။

အခြေအနေတခုပေါ်မှာ တစုံတယောက်ဟာ တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်ခွင့်ရခြင်းကို၊ ဒီတိုင်းပြည်ဟာ ဒီလူ့အဖွဲ့အစည်းဟာ ငါ့သဘောဆန္ဒ အတိုင်းဖြစ်ရမယ်ဆိုတဲ့ ခေါင်းတလုံး ပိုမြင့် ချင်တဲ့ လွဲမှားတဲ့ အတွေးမျိုး ရှိနေပြီဆိုရင်တော့၊ အဲဒီတိုင်းပြည် အဲဒီလူ့အဖွဲ့အစည်းဟာ အင်မတန်အလျော်အစား ကြီးကြီးနဲ့ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးရဲ့အခြေခံ သဘောတရားပျောက်ဆုံးခြင်းနဲ့ မူမဲ့လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

လက်ရှိဗမာနိုင်ငံအနေအထားဟာ ကျဆုံးနိုင်ငံတခုအဖြစ်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့် ကတော့ အပြိုပြို အကွဲကွဲနဲ့ အမှတ်သရုပ်များစွာနဲ့ မြို့ပြနိုင်ငံငယ်များအဖြစ်ကို ရောက်သွားဖို့ လမ်းကြောင်းပေါ်မှာ ဒဏ်ရာဒဏ်ချက်များစွာနဲ့ လူးလွန့်ရွေ့လျားနေပြီပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ အမှတ်သရုပ်ကို ကိုယ်စားပြု သည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ အစွန်းရောက် အလုပ်မျိုး၊ အပြောမျိုးတွေကို သတိထား ရှောင်ရှားရမှာ ဖြစ်တယ်၊ အနာဂါတ်ကို ပုံဖော်ဖို့ရာ နိုင်ငံရေးကို ဆုပ်ဆုပ်ကိုင်ကိုင်ရှိခြင်း၊ မရှိခြင်းဆိုတာက အဓိကကျပါလိမ့်မယ်။

ပြန့်ကျဲမှုဟာ အားအင်ဖြစ်လား၊ တကယ့် လွတ်မြောက်မှု၊ လွတ်လပ်မှုမည်မလား၊ ငြိမ်းချမ်းမှုတွေကို ရယူလာ နိုင်မှာလားဆိုတာ အိမ်ဦးခန်းက စောင့်နေတဲ့ မေးခွန်းတွေ၊ မဖြစ်မနေဖြေဆိုရမဲ့ ပုစ္ဆာတွေပဲ ဖြစ်ပါတယ်။ တခုသတိထားကြရမှာက  ခွဲချင်ခွဲ၊ တွဲချင်တွဲ  ကိုယ့်သဘောဆန္ဒနဲ့ ကိုယ့်အကျိုးဆက်ပဲ ဖြစ်လာမှာမို့၊ ပြည်သူ လူထုရဲ့ဘဝတွေကိုတော့ လေးလေးနက်နက် ထည့်သွင်းတွက်ချက်ကြဖို့လိုပါတယ်။

အသစ် အသစ်သော ဖြစ်ထွန်းမှုများကို ဘယ်လိုမဟာဗျူဟာပေါ်ကနေ အခြေခံပြီး ဖြစ်ထွန်းလာတာလည်း ဆိုတဲ့ အထိုင်ပေါ်ကနေ သုံးသပ်ကြည့်ရမှာဖြစ်ပါတယ်၊ ဒီနေရာမှာ အမှတ်သရုပ်ကို အဓိကထားပြီး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအားလုံးဟာ အကန့်အသတ်ဆိုတဲ့သဘောကို လက်ခံထားပြီး သတိကြီးကြီးနဲ့ ရွေ့လျားရ မှာဖြစ်ပါတယ်၊ အကန့်အသတ်ရှိနေတဲ့ ဘောင်တွေကို ကျော်လွန်မှုဟာ အပြုသဘောဆန်တဲ့ ရလဒ်နဲ့ဆန့်ကျင် ဖက်ကို ဦးတည်သွားမှာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေ စစ်အာဏာရူးတွေလိုပဲ  လက်နက်နဲ့အင်အားကို အခြေခံပြီး၊ နိုင်ငံရေးနဲ့လူ့အခြေခံ တန်ဖိုးတွေကို ပျက်ပယ်ကြဦးမယ်ဆိုရင်တော့၊ စစ်အာဏာရူးတွေရဲ့ စစ်တပ်မရှိလည်း တိုက်ပွဲတွေ သတ်ဖြတ်မှုတွေနဲ့ အဆိုးသံသရာ လည်နေကြဦးမှာပဲဖြစ်ပါတယ်။

အမှတ်သရုပ်တစ်ခုတည်းကို အဓိကထားပြီး တွန်းထိုးရွေ့ရှားနေမှုတွေဟာ ရေရှည်ခံ အကျိုးတရားဖြစ်ဖို့ အင်မတန်ခက်ပါလိမ့်မယ်။ အမှတ်သရုပ်ကို ပုံဖော်မှု၊ ပိတ်ဆို့တွန်းအားပေးမှု၊ ပိုမိုကြီးထွားလာစေဖို့ဖန်တီး လှုပ်ရှားမှုတွေဟာ အချင်းချင်းတိုးတိုက်မှုနဲ့ ခြေကျွံလက်ကျွံဖြစ်လာတဲ့အခါ၊ လူမျိုးစုအချင်းချင်း ကြားထဲမှာ ပဋိပက္ခအဆင့်ကို တက်လှမ်းလာမှာဖြစ်ပြီး အဆုံးစွန်မှာ ဖြေရှင်းဖို့ခက်ခဲလွန်းပြီး၊ အမုန်းတရားတွေကိုသာ လွမ်းခြုံထားမဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဆီကို ရောက်ရှိလာမှာဖြစ်ပါတယ်။

နိုင်ငံရေးလုပ်တဲ့အခါ အာဏာအတွက်ဖြစ်စေ၊ အကျိုးစီးပွားကြောင့်ဖြစ်စေ လုပ်ဖို့အခွင့်အရေးရှိနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေဟာ ကိုယ်လုပ်ချင်လို့လုပ်တာကို၊ ကိုယ့်သဘောနဲ့ကိုလုပ်တာပါလို့ ရိုးရိုးသားသားပြော ဆိုလေ့ရှိတာ အရမ်းနည်းပါတယ်၊ ဒါဟာဆိုရင်၊ အခုလုပ်ရတာဟာဆိုရင်၊ ပြည်သူတွေရဲ့သဘောဆန္ဒ အရ လုပ်ရတာပါ။ ပြည်သူတွေ အကျိုးအတွက် လုပ်ရတာပါ။

ပြည်သူတွေ လုပ်ပိုင်ခွင့်ပေးထားလို့လုပ်ရတာပါဆိုတဲ့ ပြည်သူလူထုဆိုတဲ့ စကားကို မပြတ်တမ်းပြောပြီး၊ ပြည်သူလူထုကို နိုင်ငံရေးခုတုံးလုပ်ပြီး အသုံးချလေ့ရှိပါတယ်။ ပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှု၊ ထောက်ခံမှုနဲ့ ရွေးချယ်မှုဆိုတာဟာ အကန့်အသတ်ရှိပါတယ်။ အကျိုးရလဒ်ပေါ်မူတည်ပြီး ပြောင်းလဲပါတယ်၊ ဒါပေမဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးမှာမဆို အာဏာကို ရရှိလိုသူတွေ၊ ဖက်တွယ်ထားလိုသူတွေ၊ ယစ်မူးနေသူတွေကတော့ မသိကျိုးကျွံပြုပြီး၊ ဟန်ဆောင်လိမ်ညာလေ့ ရှိပါတယ်။

နိုင်ငံရေး၊ စစ်ရေး၊ တော်လှန်ရေး ဘယ်နယ်ပယ်မှာဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ တာထွက်စ အချိန်မှာ ပြောဆိုလေ့ရှိတာက သူတို့လုပ်ဆောင်နေတာ ပြည်သူလူထု အတွက်ကသာ အဓိကဖြစ်ပြီး၊ အားလုံးကို စွန့်လွှတ်ထားတယ်လို့ ပြောတတ်ကြပါတယ်။ အခြေအနေတခုကို ဆုပ်ကိုင်မိလာပြီဆိုတာနဲ့ လုပ်ပိုင်ခွင့်နဲ့ ဦးဆောင်ဦးရွက်ပြုခွင့်ရသွားတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အတော်များများဟာ ပြောင်းလဲသွားတတ်ပါတယ်။ တချို့က မိမိကိုယ်မိမိ သတိမထားမိဘဲ၊ မပြောင်းလဲဘူးလို့ထင်နေတတ်ပါတယ်။ ပြည်သူလူထု အတွက်ဆိုတာ ဒုတိယနေရာကို ရောက်သွားတာကို တွေ့ရလေ့ရှိတယ်။ အခွင့်အရေး၊ အကျိုးစီးပွားနဲ့လုပ်ပိုင်ခွင့် (အာဏာ) ဆိုတာတွေဟာ ပြောင်းလဲမှုကို ဖြစ်စေတဲ့ အရာဆိုတာ သိထားဖို့လိုပါတယ်။

ဒီအရာဟာ ညီညွတ်မှုကို ပျက်ပြားစေပြီး၊ သူတလူ ငါတမင်း အဖြစ်ကို တွန်းအားပေးပါတယ်။ ကိုယ့်အဖွဲ့အ စည်းအတွင်း၊ နယ်မြေအတွင်း၊ လူမျိုးအတွင်း၊ နိုင်ငံအတွင်းမှာ ဒီသဘောတရားကို ပါးနိုင်သမျှ ပါးအောင်လုပ် ကြဖို့လိုပါလိမ့်မယ်။ ရန်ဖက် မိတ်ဖက်ကို သေချာရှင်းလင်းတဲ့မူသတ်မှတ်ပြီး တည်ဆောက်ရမှာဖြစ်ပါတယ်။

လက်ရှိအနေအထားကတော့ ဆင်ခြင်တုံတရားမဲ့တဲ့၊ အားပြိုင်မှုတွေ၊ နယ်မြေချဲ့ထွင်မှု ပိုင်ဆိုင်လိုမှုနဲ့ အင်အားတည်ဆောက်မှုတွေ ဖြစ်ပေါ်လာမဲ့ အခင်းအကျင်းမျိုးဖြစ်နေပြီဆိုတာကို သတိရှိကြဖို့လိုတယ်။ ဒီလိုမဟုတ်ရင်တော့ အမှတ်သရုပ်ချင်း တိုးတိုက်မှုဟာ ကိုယ်တိုင်ရဲ့မိုက်မဲမှုတွေကနေ ဖြစ်ပေါ်လာနိုင်သလို၊ စစ်အုပ်စုနဲ့သူ့ လက်ပါးစေတွေကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်အတွက်ကြောင့်ဖြစ်ဖြစ် ဘယ်သူ့ ကြောင့်ဖြစ်ဖြစ် အကျိုးဆက်ကတော့ ကောင်းလာစရာမရှိတာ သေချာပါတယ်။

ဒါ့အပြင် ဒီကနေ့နိုင်ငံပျက်ကြီးထဲမှာ လှုပ်ရှား ရုန်းကန်နေကြတာဟာ တဦးတဖွဲ့တည်းမဟုတ်လို့ ( အများနဲ့) ဟန်ချက်ညီတဲ့၊ သဟဇာတဖြစ်တဲ့ လှုပ်ရှားမှုတွေဖြစ်အောင် ဖော်ဆောင်နိုင်ဖို့ ကျိုးစားဖို့လိုပါတယ်။ ဟန်ချက်မညီတဲ့ တော်လှန်ရေးနဲ့ရုန်းကန်မှုတိုင်းဟာ အောင်မြင်ဖို့အလွန်ခက်ခဲပါလိမ့်မယ်။

၂၀၂၄ ဟာ နိုင်ငံရေး စစ်ရေးတိုးတိုက်မှုတွေ ပိုမိုပြင်းထန်လာမဲ့ အခြေခံပုံရိပ်တွေ သက်ဝင်လှုပ်ရှားနေခဲ့ပြီဖြစ်လို့၊ နိုင်ငံရေးကော စစ်ရေးမှာပါ သတိကြီးကြီးထားရမဲ့ ရေချိန်မြင့်နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ လက်ရှိ ရထားတဲ့ အသာစီးရမှုကနေ နောက်တဆင့်ထက်ဖို့ရာ၊ အဓိက ကျတဲ့ အချက်တချို့ကို ရှောင်ရှား နိုင်ဖို့ လိုပါလိမ့်မယ်၊ အဲဒါတွေကတော့ အမှတ်သရုပ်အခြေခံပေါ်ကနေ အစွန်းရောက်နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုု၊ ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ နိုင်ငံရေး လက်ဦးမှုရယူမှု၊ ဖြစ်လိုမှု အပေါ်ကနေ ( အမှတ်သရုပ်အချင်းချင်း (သို့) ဆန့်ကျင်တော်လှန်နေသူ အချင်းချင်း) ချောင်ပိတ်တွန်းပို့မှုနဲ့ အဖွဲ့အစည်းတခုနဲ့တခုကြား မဟာဗျူဟာ မရိုးသားမှု (သို့) လိမ်ညာမှု ဆိုတာတွေပဲ ဖြစ်ပါတယ်၊ အဲဒီရှောင်ရှားရမဲ့ အချက်တွေ ကို လှစ်လျရှုမှု ရင့်ကြာလာတာနဲ့အမျှ စစ်အာဏာရူးတွေအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာမှာ ဖြစ်ပါတယ်။

တိုင်းပြည်အတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတခုအတွက်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ကြတဲ့နေရာမယ် ရိုးသား ကြဖို့ သတိပေးချင်တယ်၊ တိုက်တွန်းချင်တယ်။ ရိုးသားမှုကသာ ဆုံးရူံးမှုကို ကာကွယ်နိုင်မှာဖြစ်သလို အနာဂါတ်ကို လှပစေမှာဖြစ်ပါတယ်။