• Today is: Friday, April 19, 2024

မွန်အမျိုးသားနေ့ကျင်းပရေးအဖွဲ့မှ မွန်အမျိုးသားလွတ်မြောက်ရေးအဖွဲ့အဖြစ် အလုပ်ဆက်လုပ်စေချင်

မွန်အမျိုးသားနေ့ကျင်းပရေးအဖွဲ့မှ မွန်အမျိုးသားလွတ်မြောက်ရေးအဖွဲ့အဖြစ် အလုပ်ဆက်လုပ်စေချင်
 
[သဟာဲ] February 25, 2024 (မာ်မွဲစွေက်)
 
တစ်နှစ်တစ်ခါ မွန်အမျိုးသားနေ့အခမ်းမနား ပြုလုပ်ဖို့ ကျင်းပရေးကော်မတီအသီးသီးက ဦးဆောင်ပြီး သက်ဆိုင်ရာအလုပ်အဖွဲ့တွေ ဖွဲ့ကြရပါတယ်။ အခမ်းအနား အောင်မြင်စွာ ပြုလုပ်ပြီးရင် ဒီအဖွဲ့တွေလည်း တစ်နှစ်တာ တာဝန်ကျေကြပြီပေါ့။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပြီ။ ဘာထူးလဲဆို ထူးသလိုလို မထူးသလိုပါပဲ။ ပိုထူးခြားသွားအောင် လုပ်လို့မရဘူးလား။
 
ယခုအချိန်အခါက အားလုံးသိကြတဲ့အတိုင်းပါပဲ တော်လှန်ရေးအားကောင်းချိန် ဖြစ်ပါတယ်။ ကျင်းပရေးကော်မတီတာဝန်ရှိသူတွေအားလုံးက မွန်မျိုးချစ်တွေပါ။ အခမ်းအနားကို ဦးဆောင်ကျင်းပနိုင်သလိုမျိုး မွန်လူမျိုးလွတ်မြောက်ဖို့အတွက်လည်း ဒီပုဂ္ဂိုလ်တွေ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
 
တကယ်တမ်းပြောရရင် စာရေးသူက မွန်အမျိုးသားနေ့ထက် မွန်အမျိုးသားတွေ လွတ်မြောက်တဲ့နေ့ကို ပိုစိတ်ဝင်စားတယ်။
 
ယခုအချိန်မှာ မွန်လူမျိုးတွေ မလွတ်မြောက်သေးပါဘူး၊ မွန်အမျိုးသားနေ့ကို ဗမာစစ်အာဏာရှင်တွေ ခွင့်ပြုချက်အောက်မှာ လုပ်ရတာ တကယ်တော့ အရမ်းသိမ်ငယ်ရပါတယ်။ လုပ်ချင်တိုင်း စိတ်ကြိုက်လုပ်လို့မရပါဘူး။ စည်းထဲဘောင်ထဲမှာ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း လုပ်ရတာပါ။ “ပေးသမျှယူ ကျွေးသမျှစား ခိုင်းသမျှလုပ်” အဆင့်ထက် မပိုသေးပါ။
 
မွန်အမျိုးသားအလံတော်ကို ကြည့်လိုက်၊ ထိပ်ဆုံးက နေရာမရပါဘူး၊ မဟာဝါဒီတို့ရဲ့ အလံအောက်မှာ ရွှေဟင်္သာအလံ‌ဟာ သိမ်ငယ်စွာနဲ့ ပျံသန်းနေရဆဲ။ နှစ်ပေါင်းကြာညောင်းလှပါပြီ။ တို့ရွှေဟင်္သာ လွတ်လပ်စွာ ပျံသန်းခွင့်ရဖို့ အခမ်းအနားလုပ်နေရုံနဲ့ မရတော့ပါဘူးလို့ ယူဆမိပါတယ်။
 
သမရိုးကျ အခမ်းအနားထက်ပိုတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်နေပါပြီ။ အခမ်းအနားလုပ်ခြင်းအားဖြင့် ဇာတိသွေး၊ ဇာတိမာန်တက်ကြွတယ်ဆိုပေမယ့် တကယ့်တကယ်ကျတော့ ပွဲလမ်းသဘင်သာသာ ဖျော်ဖြေရေးအစီအစဥ်ဘက်ပဲ လူငယ်တွေ တက်ကြွနေတာ မြင်ရပါတယ်။
 
မွန်အမျိုးသားနေ့အခမ်းအနားကို ရပ်ကွက်/ကျေးရွာအဆင့်ကနေ မြို့နယ်အဆင့် ဗဟိုအခမ်းအနားအပြင် ‌ဒေသစုံလင် မွန်လူမျိုးတွေ ရှိသမျှ ပြည်ပနိုင်ငံ အနှံ့အပြားမှာ လုပ်ကြပါတယ်။
 
ဖျော်ဖြေရေးအပါအဝင် အခမ်းအနားတစ်ခုပြီးမြောက်ဖို့ ကုန်ကျစရိတ်ကို ပြန်တွက်ကြည့်ရင် နည်းနည်းနောနော မဟုတ်ပါဘူး။ မြို့ငယ်တစ်မြို့စာလောက် သိမ်းလို့ ရသလား မပြောတတ်ဘူး။
 
ကျေးရွာအဆင့်မှာတောင် တစ်နေရာမှာ သိန်းဆယ်ဂဏန်းများစွာ ကုန်ပါတယ်။ သိန်း(၉၀)နှုန်းနဲ့ မွန်ရွာ(၁၀၀)ပဲ လုပ်တယ်ထား၊ သိန်းပေါင်း (၉၀၀၀) ကုန်ပြီ။ [သာမန်တိုက်ခိုက်ရေး Drone အစီးရေ ၃၀ လောက် ဝယ်လို့ ရတယ်]
 
မြို့နယ်အဆင့်ဆိုရင်တော့ သိန်းရာချီကုန်ပါတယ်။ သိန်း(၅၀၀)နှုန်းနဲ့ (၁၀)မြို့နယ်ပဲ လုပ်တယ်ထား၊ သိန်း (၅၀၀၀) ကုန်ပြီ။ [ရဲဘော် ၅၀၀ စားစရိတ်အတွက် ၁၀ လစာနဲ့ ညီမျှပါတယ်]
 
ဗဟိုအဆင့်မှာဆိုလည်း သိန်းထောင်ချီ မြောက်များစွာ ကုန်ပါတယ်။ [သိန်း၃၀၀၀ကုန်တယ်ပဲထား M16 အခု ၅၀ ထက်မနည်း ဝယ်လို့ ရတယ်]
 
နိုင်ငံခြားက အခမ်းအနားတွေဆိုလည်း တစ်နေရာမှာ သိန်းထောင်ချီကုန်ပါတယ်။ ထိုင်းမှာဆို နေရာပေါင်းမနည်းဘူး၊ မလေးရှား၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ ‌ဩစတေးလျ၊ အမေရိကန်အပါအဝင် ကမ္ဘာအရပ်ရပ်က မွန်တွေ အကုန်လုံး ပေါင်းလိုက်ရင် သိန်းသောင်းဂဏန်းအထိ ကုန်ကျစရိတ် ရှိပါတယ်။ [ဒါဆိုရင် စစ်လေယာဉ်ကို ခုခံနိုင်ရာမှာ အသုံးဝင်တဲ့ ပွိုင့်ဖိုက်လက်နက်တွေကိုတောင် ဝယ်နိုင်တဲ့ အနေအထားပါ]
 
ဆိုတော့ ဒါက အကြမ်းမျဉ်း ခန့်မှန်းချေအနေနဲ့ တွက်ကြည့်တာပါ။ ကိန်းဂဏန်းကို အတည်မယူပါနဲ့၊ စဉ်းစားစရာ ဥပမာအနေနဲ့ ပြောတာပါ။ စုစုပေါင်း သိန်းပေါင်းသောင်းချီကုန်ကျတဲ့ မွန်အမျိုးသားနေ့ကျင်းပရေးစရိတ်ပါ။ ဘာပြန်ရသလဲ။ ကုန်ကျသွားတာနဲ့ ပြန်ရတဲ့အကျိုးအမြတ်က တန်ရဲ့လား၊ ပြန်ပြီး သုံးသပ်စေချင်ပါတယ်။
 
အဲဒီပမာဏ အကုန်လုံးကို စုလိုက်ရင် ကျနော်တို့ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ မြို့သိမ်း/စခန်းသိမ်းဖို့ လက်နက်ခဲယမ်းမီးကျောက်တွေ အများကြီး ဝယ်လို့ ရနိုင်မယ့် အနေအထားရှိပါတယ်။
 
မွန်အမျိုးသားနေ့အခမ်းအနားပြုလုပ်မယ့်အစား တော်လှန်ရေးအတွက် အစားထိုးပြီး သုံးလိုက်ပါလို့ မပြောရဲပါဘူး၊ အဲဒီလိုလုပ်ကြမှာလဲ မဟုတ်ပါဘူး။ ကျနော်တို့ တန်ဖိုးထားတဲ့ နေ့ထူးနေ့မြတ်မှာ အစဉ်အလာမပျက်လုပ်‌နေကြတာကိုး။
 
မွန်အမျိုးသားနေ့အခမ်းအနားလုပ်‌ဖို့ ငွေကုန်ကြေးကျခံနိုင်သလိုမျိုး မွန်အမျိုးသားလွတ်မြောက်ဖိုအတွက်ရော ကျနော်တို့ ဘာလို့ တွန့်တိုနေကြသလဲ။ မွန်အမျိုးသားလွတ်မြောက်ရေးက မွန်အမျိုးသားနေ့ကျင်းပရေးထက် ယခုလိုအချိန်အခါမျိုးမှာ ပထမဦးစားပေးလုပ်သင့်တယ်လို့ မြင်ပါတယ်။
 
နောက်ဆုံးပြောချင်တာက မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီအသီးသီးက အခမ်းအနားလုပ်ဖို့ ကြိုးပမ်းအားထုတ်ပေးသလိုမျိုး မွန်တစ်မျိုးသားလုံးလွတ်မြောက်ဖို့ မွန်တော်လှန်ရေးအတွက်၊ ရာမညမွန်ပြည်အတွက် ကြိုးပမ်းအားထုတ်ပေးကြပါ၊ အလုပ်ဆက်လုပ်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။