• Today is: Wednesday, April 17, 2024

မဟာဗျူဟာနှင့်နိုင်ငံရေး

မဟာဗျူဟာနှင့်နိုင်ငံရေး

သက်ထွန်း | အတွေးအမြင်

နိုင်ငံရေး၊တော်လှန်ရေး ဖြစ်စဉ်၊ အနေအထားများအား တွက်ဆမှု၊ သုံးသပ်မှုများအပေါ် အခြေခံပြီး၊  ဖြစ်လာနိုင်ခြေများကို အကောက်အယူကွဲပြားသွားခြင်းမှတဆင့် မဟာဗျူဟာချမှတ်ခြင်းမှာပါ ကွဲပြားလာကြပြီး၊ ထိုမှတဆင့် ရပ်တည်မှုလှုပ်ရှားမှု၊ အသွင်သဏ္ဍာန်များ မတူညီတော့သည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။ မဟာဗျူဟာ ကွဲပြားရခြင်းရဲ့ အဓိက အကြောင်းရင်း (၂) ချက်ရှိပါတယ်။

ပထမအချက်မှာ ရပ်တည်ချက်မတူခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ အတွေးအမြင်ကွဲပြားခြင်း ကြောင့်ဖြစ် ပါတယ်။ ရပ်တည်ချက်မတူသည့် လူပုဂ္ဂိုလ်များ ( သို့ ) အဖွဲ့အစည်းများအကြား မဟာဗျူဟာကွဲပြားမှု  ဖြစ်ပေါ်သည့်အခါ ဘာကြောင့်ဆိုတာကို နားလည်ရန်လွယ်ကူပြီး မြင်ကွင်းရှင်းလင်းပါတယ်။ ရပ်တည်ချက် မတူမှုကြောင့် ချဉ်းကပ်ပုံတူညီမှု မရှိတော့တဲ့အပြင် လုပ်ငန်းပုံဖော်မှုပိုင်းအရ ကွဲပြားမှုဟာ ပိုမိုသိသာ ထင်ရှားပါတယ်။ ပူးပေါင်းဆောင်ရွှက်ခြင်းများပြုလုပ်ဖို့ မလွယ်ကူပါဘူး။

သို့သော် ရည်ရွယ်ချက်တူ၊ ရပ်တည်ချက်တူပြီး အတွေးအမြင်ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မဟာဗျူဟာကွဲပြားရခြင်းမှာ နားလည်ရန်ခက်ခဲပြီး မြင်ကွင်းရှုပ်ထွေးစေပါတယ်။ ဒီအပြင် မဟာဗျူဟာအရ လုပ်ငန်းအကောင်အထည်ဖော်မှုပိုင်းကို ကူးပြောင်းသွားတဲ့အချိန်မှာ မဟာဗျူဟာကွဲပြားသူများ (သို့) အကောင်အထည်ဖော်နေတဲ့ မဟာဗျူဟာကို တိတိကျကျ မသိသူတွေ ရဲ့သံသယဖြစ်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အပြင်၊ မှုလရှိပြီးတဲ့ ထောက်ခံမှုအင်အားများ လျော့ကျသွားတတ်ပါတယ်။

ဒီလိုကွဲပြားမှုဟာ သိမ်မွေ့လွန်းတဲ့အတွက် ကိုင်တွယ်ဖြေရှင်းရန် သတိကြီးကြီး ထားရှိသင့်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ ရပ်တည်ချက်မတူတဲ့ ကွဲပြားမှုအဆင့်ကို ကူးပြောင်းသွားတတ်ပေလိမ့်မယ်။

ဘယ်သို့ဖြစ်စေ အချက်တခုတည်းကပဲ မဟာဗျူဟာကွဲပြားမှုဖြစ်ပေါ်စေရန် လုံလောက်ပေတယ်။ သို့သော်တခါတရံ အကြောင်းအချက်၂ ခုလုံးကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ ဖြစ်စဉ်များ၊ အနေအထားများအား တွက်ဆမှု၊ သုံးသပ်မှုများရဲ့ အခြေခံပေါ်မူတည်ပြီး၊ ဖြစ်လာနိုင်ခြေများကို အကောက်အယူ ကွဲပြားသွားခြင်း ကတဆင့် မဟာဗျူဟာချမှတ်ခြင်းမှာပါ ကွဲပြားလာကြပြီး၊ ထိုမှတဆင့် ရပ်တည်မှု လှုပ်ရှားမှုအသွင်သဏ္ဍာန်များ မတူညီတော့တဲ့အဆင့်ကို ရောက်သွားတာဖြစ်ပါတယ်။

တခါတရံမှာ မဟာဗျူဟာအဆင့် တွက်ဆမှုကို ပုဂ္ဂလိက ( ဆန္ဒအပေါ် ) အလေးထားတွက်ဆမှုများ ရောယှက်နေတဲ့အခါ လုပ်ငန်းစဉ်များ ချမှတ်ရာမှာ အချိန်ကြန့်ကြာခြင်း၊ ရှင်းလင်းမှုမရှိခြင်း၊ လုပ်ငန်းများကွဲကွဲပြားပြားမရှိခြင်း၊ တာဝန်များအား သတ်သတ်မှတ်မှတ် ခွဲဝေပေးမှုမပြုနိုင်ခြင်း၊ အဖွဲ့ (သို့) လူများရဲ့မူနဲ့ ရပ်တည်ချက်မှာ ရှင်းရှင်းလင်းလင်း မရှိတော့ခြင်း၊ မဟာမိတ်အဆင့်လုပ်ငန်းများအား ဆောင်ရွက်ရန်ခက်ခဲလာခြင်း၊ အခြားအဖွဲ့အစည်းများ နဲ့ လူပုဂ္ဂိုလ်များရဲ့အမြင်မရှင်းလင်းတဲ့ အနေအထားမျိုးကို ရင်ဆိုင်တွေ့ကြုံနိုင်ခြင်း၊ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အစုအဖွဲ့အတွင်းမှာ သံသယစိတ်နဲ့ အကျိုးစီးပွားကို အလုအယက် ( တိတ်တဆိတ်လုပ်ဆောင်နေခြင်းများ ) ရှာဖွေမှုများ ဖြစ်ပေါ်စေနိုင်ပြီး၊ တကယ့် ညီညွတ်ရေးကို ထိခိုက်စေမှာဖြစ်ပါတယ်။

မဟာဗျူဟာ တွက်ဆမှုများကို မူ (သို့) လုပ်ငန်းစဉ်များအဖြစ် ချမှတ်နိုင်ရန် လုပ်ဆောင်နေစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာခံစားချက် (အားငယ်စိတ်၊ ဘဝင်မြင့်စိတ်၊ ဖြစ်ချင်လိုစိတ်၊ သံသယစိတ်၊ အချောင်သမားစိတ်) များမှ များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုအခြေအနေမျိုးကို သတိမမှုမိတဲ့အခါ၊ ရေးဆွဲလိုက်တဲ့ မဟာဗျူဟာတရပ်ဟာ လျော့တိလျော့ရဲ မဟာဗျူဟာမျိုး ( ဒါမှမဟုတ် ) အကျိုးမဲ့ လုပ်ငန်းစဉ်များရေးဆွဲထားတဲ့ အချည်းနှီး  မဟာဗျူဟာမျိုးသာဖြစ် ပေါ်လာမှာ ဖြစ်ygတယ်။

ဒါ့အပြင် နိုင်ငံရေးသီအိုရီများကြောင့်လည်း မဟာဗျူဟာမှားယွင်းမှုဖြစ်ပေါ်နိုင်ပါတယ်။ အကြောင်းရင်းက လက်ရှိဖြစ်ပျက်နေမှုများနဲ့ပတ်သက်ပြီး သုံးသပ်မှုများပြုလုပ်ရာမှာ သီအိုရီများကို အသုံးပြုတတ်ကြပါတယ်။ အဲဒီလို  ပြုလုပ်ရာမှာ ရှုမြင်တဲ့ထောင့်ကနေပြီး ဘယ်သို့ဘယ်ပုံဖြစ်နေတယ်။

ဒါ့ကြောင့် ဘယ်သီအိုရီကို အသုံးပြုသင့်တယ်လို့ ကောက်ချက်ဆွဲ ဆုံးဖြတ်ချက်ချပြီး  မဟာဗျူဟာအရ တွက်ဆကာ လှုပ်ရှားမှုတွေကို ပုံဖော်ခြင်းမျိုးဖြစ်တယ်။ ဒီအချက်ဟာမဟာဗျူဟာ အရမှားယွင်းတွက်ဆမိတဲ့အကျိုးဆက်ကို  ပြန်လည်သုံးသပ် မိစေဖို့ရာအတွက် ကာလရှည်ကြာစွာ ခံရနိုင်ပေတယ်။ ဘာကြောင့်ဆို သီအိုရီအရတွက်ဆမှုများ ပုံပေါ်စေရန် အချိန်တခုပေးရသောကြောင့်ပင် ဖြစ်ပါတယ်။

အဲဒီလို  မဖြစ်စေဖို့ မိမိအသုံးပြုလိုတဲ့ သီအိုရီအပေါ်မှာဘယ်လောက် နားလည် ကျွမ်းကျင်မှုရှိသလဲ ဆိုတဲ့ အချက်နဲ့ လက်ရှိအခြေအနေနဲ့ အမှန်တကယ် ကိုက်ညီမှုရှိတယ်။ မရှိဘူးဆိုတာကို ခွဲခြားမှုပြုနိုင်တဲ့ အချက်များကို သတိပြုရမှာဖြစ်ပါတယ်။

ဒီလို  ကြုံတွေ့ရမှုဟာ သီအိုရီကြောင် ကြောင်ခြင်းကြောင့်ဖြစ်သာဖြစ်ပြီး သီအိုရီတွေက ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းမဟုတ်ပါဘူး။ သီအိုရီတွေဟာ နိုင်ငံတိုင်း၊ အခြေအနေတိုင်းအတွက် အခြေပြု စဉ်းစားချက်များ၊ တွက်ဆချက်များအတွက်သာ အသုံးပြုနိုင်ပြီး၊ ဘယ်သောအခါကမှ တိုက်ရိုက်တူညီတဲ့ အဖြေဖြစ်ပေါ်စေမှာမဟုတ် ဆိုတာကိုတော့ ချင့်ချိန်သတိပြုရမှာဖြစ်ပါတယ်။

ဖြစ်ပေါ်နေတဲ့ အကြောင်းအချက်နဲ့အခြေအနေအချိန်အခါကိုလိုက်ပြီး အကောင်အထည်ဖော်မှု တွေနဲ့ရရှိလာတဲ့ အကျိုးဆက်တွေ ကွာဟတတ်တာကို နားလည်ထားရမှာဖြစ်တယ်။

မဟာဗျူဟာရဲ့အသက်ဝင်မှုအရွေ့ကိုဘယ်လို တွက်ထုတ်မလဲ၊ မူနဲ့လိုင်း အရထိုးဖောက်နိုင်မှု၊ လုပ်ငန်း အဆင့်လိုက်အောင်မြင်မှု၊ ထောက်ခံအင်အား ပူးပေါင်းအင်အားတိုးပွားလာမှု ဆိုတာတွေကို အခြေခံတွက်ဆရမှာ ဖြစ်ပါတယ်။ မူနှင့်လိုင်းအရ ထိုးဖောက်နိုင်မှု ရည်ရွယ်ချက်ရဲ့ ပစ်မှတ်များဟာ ပြည်သူ၊ ရပ်တည်ချက်တူ အင် အားစုများနှင့် ဆန့်ကျင်ဖက် ( သို့ ) ရန်ဖက်အင်အားစု ဆိုပြီး နှစ်စုကွဲပြားပါတယ်။

မဟာဗျူဟာကိုအကောင်အထည်ဖော်တဲ့အခါမှာ မိမိရဲ့ချဉ်းကပ်မှု အသွင်သဏ္ဍာန်ကို လိုက်လျော ညီထွေပြောင်းလဲနိုင်သော သဘောမျိုးသာကိုင်စွဲရန် သတိထားသင့်တယ်။ ဒါကလည်း တခါတရံ လိုအပ်ချက်အရ ဖြစ်ပေါ်လာနိုင်တဲ့ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အပေးအယူလုပ်ခြင်း       မျှော်လင့်မထားခဲ့သည့်အခက်အခဲ အကြပ် အတည်း များနဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ လက်ရှိအသက်ဝင်နေဆဲ မဟာဗျူဟာအပေါ် မူနဲ့လိုင်းကို အလျော့ အတင်း လုပ်ရန်လိုအပ်၊ မလိုအပ်ဆိုတဲ့အချက်ကို (အရေးပေါ်) ပြန်လည် သုံးသပ်မှုပြုလုပ်ရန်အတွက်ဖြစ်ပါတယ်။

မဟာဗျူဟာကို အခြေအနေနဲ့လိုက်လျောညီထွေဖြစ်စေရန် ( မဖြစ်မနေ ) အလျော့အတင်း လုပ်တဲ့အခါ သတိထားရမဲ့အချက်ကတော့ မဟာဗျူဟာရဲ့မူရင်း ရည်မှန်းချက်ကို မထိပါးစေဖို့ အဓိကထား စဉ်းစား တွက်ချက်ရမှာဖြစ်သလို၊ မဟာဗျူဟာရဲ့မူလရည်မှန်းချက်ကို ပြောင်းလဲစေပြီဆိုရင်တော့ မူရင်းမဟာဗျူဟာ ပျက်ပြားသွားပြီဖြစ်သလို၊ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်မဲ့ မဟာဗျူဟာ ဟာအသစ်တခုဖြစ်သွားပြီ ဆိုတာပါပဲ၊ ဒါဟာ ကောင်းမွန်တဲ့ အဖြစ်အပျက်တခုတော့ မဟုတ်ပါဘူး။

တကယ်တော့ မဟာဗျူဟာအောင်မြင်ဖို့အကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်ချက်အရ နည်း ဗျူဟာ ပြောင်းလဲကျင့်သုံးမှုမျိုးကို ( မကြာခဏ ) တွေ့ကြုံနိုင်ပါတယ်။ ဒါဟာမလှုပ်သာ မရှားသာတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး၊ ဘာကြောင့်ဆို နည်းဗျူဟာဟာ မဟာဗျူဟာရဲ့လက်ဝေခံ အဆင့်ဖြစ်လို့ပါပဲ။ ဒါကြောင့် မဟာဗျူဟာနဲ့ နည်းဗျူဟာရဲ့သဘောသဘာဝကွဲပြားမှုကို ရှင်းရှင်းလင်းလင်း ရှုမြင်ထားရမှာဖြစ်ပါတယ်။

မဟာဗျူဟာတခုရဲ့အဆင့်တိုင်းကို သတ်မှတ်ထားတဲ့ အချိန်အခါအတွင်းမှာ အကောင်အထည်ဖော်နိုင်ဖို့နဲ့ ပြီးမြောက်အောင်မြင်ဖို့ဆိုတာဟာ မဟာဗျူဟာပုံဖော်ရေးမှာ မူနဲ့လိုင်း အသက်ဝင်လှုပ်ရှားလာဖို့ရာ ဘယ်လိုလူတွေကို ဘယ်အဆင့်မှာထားမလဲ၊ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ တိုင်းတာသတ်မှတ်မလဲ ဆိုတဲ့ အချက်ဟာ အင်မတန်အရေးကြီးပါတယ်။

ဒီလို တွက်ဆတဲ့အခါ တဦးချင်းစံနူန်းတွေကို အကြမ်းအားဖြင့်  မူနဲ့လိုင်းအပေါ် ယုံကြည်သက်ဝင်မှု၊ ရေးဆွဲထားသည့် မဟာဗျူဟာ သဘောတရားကို နားလည်သဘောပေါက်မှု၊ အခြေခံ နိုင်ငံရေးသဘောတရားရှိမှု၊ စည်းရုံးရေးနဲ့နိုင်ငံရေးသဘောထားကြီးမှုရှိခြင်း၊ နိုင်ငံရေး ကိုယ်ကျင့်သိက္ခာစောင့်ထိန်းမှုရှိခြင်း၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ရှိခြင်းဆိုတာတွေကို မရှိမဖြစ်ထည့်သွင်းထားရမှာ ဖြစ်တယ်။           

မဟာဗျူဟာအသက်ဝင်လှုပ်ရှားလာစေဖို့ရာ စုစည်းမှုပုံသဏ္ဍာန်များအဖြစ် အမာခံစုစည်းမှုအင်အား၊ အဆင့်လိုက်ခွဲခြားသတ်မှတ်ထားသည့် မဟာမိတ်အဖွဲ့အစည်းများ၊ နိုင်ငံရေး ယဉ်ကျေးမှုတူညီသည့် အင်အားစုများ စသဖြင့် ခွဲခြားသတ်မှတ်သင့်ပါတယ်။ နောက်ထပ်အလေးထားသင့်တဲ့ အချက်ကတော့ မိမိအဖွဲ့အစည်းရဲ့ပြင်ပကို (မဟာမိတ်အဖွဲ့အစည်းများကြား) မဟာဗျူဟာရဲ့မူတွေကို ဖြန့်ကြဲခြင်းပဲ ဖြစ်ပါတယ်။ မူဖြန့်ကျဲခြင်းအပေါ် တွက်ဆတဲ့အခါမှာ၊ လိုင်းနဲ့ရပ်တည်ချက်အပေါ် အခြေခံသင့် မခံသင့်ဆိုတဲ့ စဉ်းစားချက်ဟာ အရေးကြီးတဲ့ အချက်တချက်အဖြစ် တွေ့ရမှာဖြစ်ပါတယ်။

အဖွဲ့အစည်းတခုတည်း မဟုတ်တဲ့အတွက် အခြေခံရပ်တည်ချက်တွေ ကွဲပြားနေတတ်ပြီး၊ လုပ်နည်းလုပ်ဟန်တွေ ကွာဟတတ်တာ ဓမ္မတာပဲဖြစ်ပါတယ်။ ဒါကြောင့် မဟာဗျူဟာကို စတင်အကောင်အထည်ဖော်တဲ့အခါ မူကို အားလုံးကိုဖြန့်ကျဲ၊ လိုင်းကို ခွဲခြားသတ်မှတ်ရမှာဖြစ်ပါတယ်။

ဘာကြောင့်ဆို မူကို အားလုံးကြားထဲ ဖြန့်ကျဲချလို့ရနိုင်ပေမဲ့၊ လိုင်းကိုတော့ လုပ်ယူလို့မရနိုင်ပါဘူး၊ ဒါရဲ့အဓိကအကြောင်းကတော့ ရပ်တည်ချက်ပုံသဏ္ဍာန်တွေနဲ့လုပ်နည်းလုပ်ဟန်တွေဟာ လိုင်းကို ကွဲပြားစေလို့ပဲ ဖြစ်တယ်။ လိုင်းအရ မတူသော်လည်း တခါတရံ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့အတွက် လိုင်းကွဲပြားမှုဟာ အဓိကမကျဘူးဆိုတာ တွေ့ရမှာဖြစ်တယ်။

မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ဖို့ရာ မူဟာ အခြေခံအကျဆုံးနဲ့ရည်မှန်းချက်ရဲ့ ဦးတည်ရာတွေကို ကိုယ်စားပြုထားတာဖြစ်လို့အားလုံးကြားမှာ အစာကြေကြေဖြစ်စေဖို့ ပထမဦးဆုံးအလုပ် ဖြစ်ပါတယ်။ သို့သော်လည်း မဟာဗျူဟာတခု အသက်မဝင်ခင်မှာ မူကျအောင် ဆွေးနွေးဖို့အချိန်ဘယ်လောက်ယူမလဲဆိုတာ မသိနိုင်ပေမဲ့အချိန်အတိုင်းအတာကိုတော့ သတ်သတ်မှတ်မှတ်ချပြီး လုပ်ဆောင်သင့်ပါတယ်။

မဟာဗျူဟာအောင်မြင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲရဲ့အရွှေ့ကိုဘယ်လိုပုံစံနဲ့ တိုင်းတာ သတ်မှတ်မလဲဆိုတာ အခြေခံအားဖြင့်တော့  ပြည်သူ့အကျိုးစီးပွားနဲ့ အဖွဲ့အစည်း အကျိုးစီးပွားတွေကို ရူမြင်သုံးသပ်ခြင်းနဲ့ ပြုလုပ်နိုင်ပါတယ်။ မဟာဗျူဟာတခုရဲ့အောင်မြင်မှုဟာ အဲဒီမဟာဗျူဟာရဲ့ရည်မှန်းချက်၊ အခြေခံမူ၊ အချိန်အတိုင်းအတာနဲ့အညီ အကောင်အထည်ဖော်မှုရှိ၊ မရှိ၊ လုပ်ငန်းတာဝန်ယူမှု တာဝန်ခံမှုရှိ၊ မရှိ ဆိုတာတွေအပြင်၊ အခြေအနေ၊ အချိန်အခါနဲ့လိုက်လျောညီထွေမှု ရှိ၊ မရှိ ဆိုတဲ့ အချက်တွေအပေါ် မှုတည်နေပါတယ်။  ။