• Today is: Saturday, April 20, 2024

ဘာသာစကားနှင့် ဆက်သွယ်ရေး – အပိုင်း (၁)

ဘာသာစကားနှင့် ဆက်သွယ်ရေး – အပိုင်း (၁)

စည်းနရီ | အတွေးအမြင်

ဘာသာစကားဆိုတာဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်မရှိမဖြစ်သုံးစွဲကြတဲ့ နည်းပညာတခုလို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်တို့အကြောင်း၊ ကိုယ့်စိတ်ထဲကအတွေး၊ အပြန်အလှန် ဆက်သွယ်နားလည်ရေး၊ ကိုယ့်ပတ်ဝန်းကျင်ကမ္ဘာလောကမှာ နေ့စဉ်သွားလာလှုပ်ရှားရ အဆင်ပြေလွယ်ကူရေး စတာတွေအတွက် နေ့စဉ်သုံးစွဲနေတဲ့ နည်းပညာ၊ ကိရိယာတခုပဲလို့လည်း မြင်နိုင်ပါတယ်။ ဒါပေမယ့် ဘာသာစကားမှာ အကန့်အသတ်တွေလည်း ရှိပါတယ်။ လူတွေဟာ နည်းပညာ၊ ကိရိယာတွေကို တီထွင် သုံးစွဲပြီးရင် အဲ့သည်နည်းပညာ၊ ကိရိယာတွေဟာ ကိုယ်နဲ့ တစိတ်တပိုင်း တသားတည်းလို့ ယူဆသွားတတ်တဲ့ ထုံးစံရှိသလိုပါပဲ။ ဘာသာစကားဆိုတာ လူမှုရေးတည်ဆောက်မှုဖြစ်ပေမယ့် လူတွေဟာ ကိုယ့်အကြောင်း ကိုယ်ပြန်စဉ်းစားတဲ့အခါ ဘာသာစကားနဲ့ စဉ်းစားရှင်းပြကြပါတယ်။

တခါတလေမှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်ဟာ ဘာသာစကားနဲ့ စာစီပြဖို့ မလွယ်အောင် ပွေလီရှုပ်ထွေးတတ်ပါတယ်။ ဒါက ရှုပ်ထွေးလှတဲ့ ယုံကြည်မှုတွေ၊ လောကအမြင်တွေနဲ့ စိတ်ခံစားချက်တွေထိ မပြောချင်ရင်တောင် ဟင်းတခွက်ရဲ့ အရသာကို မစားဘူးတဲ့လူတယောက် သိနားလည်သွားဖို့ ရှင်းပြရခက်တာကို အားလုံး မြင်နိုင်ကြတာ လက်တွေ့ပါပဲ။ ဒီဆောင်းပါးကတော့ ဘာသာစကားကနေ နိုင်ငံရေး အာဏာနဲ့ ခုခံမှုတွေကို တည်ဆောက်ကြတဲ့အကြောင်း အနည်းငယ်လောက် ဆွေးနွေးဖို့ရာ ကြိုးစားဖို့ဖြစ်ပါတယ်။

က။ ဘာသာစကားအကြောင်း

ဘာသာစကားမှာ သင်္ကေတ၊ ဝေါဟာရနဲ့ သဒ္ဒါတွေကို မြင်သိဆွေးနွေးတတ်ကြပါတယ်။ ဒီနေ့ Homo sapiens သာမကပဲ လူရယ်လို့ ဖွံ့ဖြိုးလာတဲ့ တချို့ Hominin မျိုးစုတွေမှာလည်း ဘာသာစကား ရှိခဲ့နိုင်သလားဆိုတာ ပညာရှင်တချို့ကလည်း အသံအိုးနဲ့ လည်ချောင်းဖွံ့ဖြိုးမှုတွေကို ကြည့်ရှုစဉ်းစားကြတာ ရှိပါတယ်။ သေချာတာက ဘာသာစကားကို စကားလုံးတွေအနေနဲ့ မဖွံ့ဖြိုးခင်က သင်္ကေတတွေ ဖွံ့ဖြိုးခဲ့တာ ရှိပါတယ်။ ဥပမာ ကျောက်လက်နက်တွေဟာ စွမ်းအားရဲ့ သင်္ကေတတွေ ဖြစ်ခဲ့တာမျိုးပေါ့။ လွန်ခဲ့တဲ့နှစ် ၂ သန်းနီးပါးလောက်က ဖွဲ့ဖြိုးခဲ့ပြီး ကမ္ဘာ့အနှံ့ အင်ဒိုနီးရှား၊ တရုတ်ကနေ ဥရောပအထိ ပျံ့နှံ့ခဲ့တဲ့ Homo erectus တွေမှာ လည်ချောင်းက ဒီနေ့လူတွေလို အသံအိုးမရှိပေမယ့် ဂေါ်ရီလာမျောက်တွေလို အသံအိုးတော့ ရှိခဲ့တာပါ။ တကယ်တော့ လူတွေမှာ ဆက်သွယ်ရေးလုပ်ဖို့၊ ဘာသာစကား ဖြစ်ထွန်းလာဖို့ဆိုတာ အသံများများ မလိုပါဘူး။ Dan Everett ကတော့ Homo erectus တွေဟာ ဘာသာစကားတွေကို တီထွင်သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘာသာစကားတွေဟာ ဆက်သွယ်ရေးအတွက်လောက်ပဲ သုံးတဲ့ အသံတွေထက် ပိုပါတယ်။ ကိုယ့်မိခင်ဘာသာစကားနဲ့ ကိုယ်ပြောရင် အားစိုက်ထုတ်စရာ မလိုပဲနဲ့ကို ဆက်သွယ်လို့ ရနေကြတာပါပဲ။ ဟင်းတခွက်ကို စားလိုက်တဲ့အခါ အရမ်းအားစိုက်စရာမလိုပဲ သူ့အရသာကို သိရသလိုပါပဲ။ ဒါပေမယ့် တခြားဘာသာစကားကို လေ့လာကြတဲ့သူတိုင်း ဘာသာစကားတွေက ဘယ်လောက်ရှုပ်ထွေးတယ်ဆိုတာတွေကို သိသာနိုင်ပါတယ်။ ဝေါဟာရတွေ၊ စကားလုံး အစီအစဉ်တွေ၊ သဒ္ဒါတွေ၊ စကားလုံးတူတူနဲ့ မတူတဲ့ အဓိပ္ပာယ်အသုံးတွေဟာ အလွန်ရှုပ်ထွေးပါတယ်။ ဒါတင်မက ကိုယ်အမူအရာတွေ၊ မျက်နှာအမူအရာတွေနဲ့ တွဲစပ်ပုံဖော်ရတာတွေ ရှိသေးတာပါပဲ။

ဘာသာစကားတွေနဲ့ တွဲတွေ့ရတာတော့ လူမှုရေးစီမံစုစည်းမှုနဲ့ အဆင့်အတန်းတွေပါပဲ။ ဘာသာစကားတွေဟာ ယုံကြည်မှုတွေကိုလည်း ပုံဖော်ပါတယ်။ ဘာသာစကားဟာ လူတယောက်နဲ့ တယောက် ဆက်သွယ်ရုံ မကပါဘူး၊ ကိုယ့်အတွေးတွေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စဉ်းစားချက်တွေကိုလည်း စိတ်ကူးပုံဖော်ပေးနေတဲ့ အလုပ်ကို လုပ်ပါတယ်။ သို့သော်လည်း ဘာသာစကားက တရားသေအငြိမ်တော့ မဟုတ်ဘူး။ ဘာသာစကားတွေက လူတွေနဲ့ နည်းပညာတွေနဲ့ တူတူ ဖွံ့ဖြိုးပြောင်းလဲနေတာလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါတေတွထက် အရေးအကြီးဆုံးအချက်ကတော့ ဘာသာစကားမှာ “ဘာကိုပြောတယ် (What we say)” ဆိုတာထက် “ဘယ်လိုပြောတယ် (How we say)” ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။

ဘာသာဗေဒ ပညာရှင် Wittgenstein နဲ့ ပြင်သစ်ဒဿနပညာရှင် Derrida တို့လို ပုဂ္ဂိုလ်တွေကတော့ ဘာသာစကားတွေကနေ အဓိပ္ပာယ်ထုတ်ယူပုံတွေကို နားလည်ဖို့ ကြိုးစားကြပါတယ်။ Wittgenstein အဆိုအရ ဘာသာစကားတွေက ဂိမ်းတွေနဲ့ တူပါသတဲ့။ သက်ဆိုင်ရာ ဥပဒေသတွေကို အချင်းချင်း နားလည်လိုက်နာကြတဲ့ အခါမှသာ ဘာသာစကားတွေရဲ့ အဓိပ္ပာယ်ကို နားလည်ကြဖို့ ဖြစ်နိုင်ပါသတဲ့။ ဒဿနသမား Derrida ကတော့ စကားလုံးတွေမှာ အဓိပ္ပာယ်က တသမတ်တည်းရှိတယ်ဆိုတဲ့အမြင်ကို လက်မခံပဲ၊ အဓိပ္ပာယ် ပြောင်းလဲနေတယ်လို့ ဆွေးနွေးပါတယ်။

စကော့လူမျိုး အဘိဓမ္မာဆရာ Hume ကတော့ ဘာသာစကားဆိုတာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို တခြားသူတွေနဲ့ ဆက်သွယ်ဖို့ သုံးတာလို့ ဆိုဖူးတယ်။ ဂျာမန်ဒဿနသမား Heidegger ကျတော့ ဘာသာစကားဟာ လူဖြစ်တည်မှုရဲ့ အခြေခံဖြစ်သလို လောကကို ကိုယ့်ရှုထောင့်ကနေ ကိုယ့်ဘာသာ နားလည်ဖို့အတွက် ပုံဖော်ပေးတာလည်းဖြစ်တယ်လို့ မြင်တယ်။ အမေရိကန်ဒဿနဆရာ Rorty ကတော့ ဓမ္မဒိဌာန် အမှန်တရားဆိုတာ မရှိပဲ၊ အမှန်တရားလို့ ယူဆတာတွေကတော့ လူတွေရဲ့ လူမှုဆက်ဆံရေးနဲ့ ယဉ်ကျေးမှု စံနှုန်းတွေကနေ ပေါ်လာတာလို့ ထောက်ပြပြန်ပါတယ်။

အရှေ့တိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက တာအိုဝါဒဟာ စကားလုံးတွေနဲ့ အမှန်တရားကို ချဉ်းကပ်လို့ မလွယ်ပုံ၊ ဓမ္မကို ဝေါဟာရအလွန်ကနေ ချဉ်းကပ်ဖို့ လိုပုံတွေကို ထောက်ပြသလို ဗုဒ္ဓဝါဒမှာ အမှန်တရားဟာ လူတွေနားလည်မှုထဲက သမုတိသစ္စာနဲ့ သဘာဝရဲ့အမှန်တရား ပရမတ္ထသစ္စာလို့ ခွဲပြပြီး အမှန်တရားကို ရှာရာမှာ စကားလုံးတွေရဲ့ အလွန်ထိသွားကြည့်ဖို့ ဟောပြပါတယ်။

ခ။ စကားများနဲ့ အာဏာတည်ဆောက်မှု

ဘာသာစကားနဲ့ အာဏာဟာ ဆက်စပ်မှုရှိတယ်ဆိုတာကို အထူးကြီးပြောစရာတောင် လိုမယ်မထင်ပါဘူး။ စကားကို ထိန်းချုပ်နိုင်ရင် အာဏာကိုလည်း ထိန်းချုပ်နိုင်တယ်လို့ ပြောရမှာပဲ။ ပို့စ်မော်ဒန်ဝါဒီတွေဆို စကားလုံးတွေကနေ အာဏာထုတ်ယူကြတာတွေကို အဓိကထောက်ပြကြပါတယ်။ ဘာသာစကားနဲ့ အာဏာကို လေ့လာတာဟာ လူမှုအသိုင်းအဝိုင်း ဘယ်လိုထိန်းချုပ် လည်ပတ်တယ်ဆိုတာနဲ့ အာဏာဖီဆန်၊ ခုခံမှုတွေအကြောင်း နားလည်ဖို့အတွက် လိုအပ်တာပါပဲ။ အရေး၊ အပြော နှစ်မျိုးလုံးနဲ့ သက်ဆိုင်ပါတယ်။

အာဏာတွေက လူတွေရဲ့ အပြုအမူတွေကို လွှမ်းမိုးနိုင်သလို ထိန်းချုပ်နိုင်ပါတယ်။ စကားတွေက လူတွေရဲ့ ယုံကြည်မှုနဲ့ အပြုအမူတွေကို ထိန်းချုပ်ပါတယ်။ စကားဟာ ဘက်လိုက်မှုမရှိပဲ အဖြူထည်လေး ဖြစ်တယ်လို့ မြင်ယောင်တာဟာ မမှန်ပါဘူး။ လူမှုအဆင့်အတန်းတွေနဲ့ ဩဇာတိက္ကမဟာ စကားတွေကနေတဆင့် တည်ဆောက်ကြရတာပါပဲ။ တန်းတူညီမျှမှု မရှိတာကို ပုံမှန်ဖြစ်တယ်၊ တရားဝင်ဖြစ်တယ်လို့ ယူဆစေတာလည်း စကားပဲ ဖြစ်ပါတယ်။ လူတယောက်နဲ့တယောက် သဘောတူညီချက်ရအောင် ဖော်ဆောင်တာလည်း စကားပါပဲ။ တချို့လူအုပ်စုတွေကို ပါဝင်ခွင့်မရအောင် ဖယ်ထုတ်တာလည်း ဘာသာစကားကနေ လုပ်ကြတာ ဖြစ်နိုင်ပါတယ်။ ချစ်ကြည်ရေးနဲ့ ပူးပေါင်းစေတာလည်း ဖြစ်နိုင်သလို အမုန်းတရားနဲ့ ဖိနှိပ်မှုလည်း ဘာသာစကားကြောင့် ဖြစ်နိုင်ပါတယ်။

ဥပမာအားဖြင့် ဟီဘရူးသမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာပြန်တဲ့အခါ ဧဝကို အာဒံရဲ့ နံရိုးကနေ ဖန်တီးတယ်လို့ ဘာသာပြန်ကြပါတယ်။ ဒါပေမယ့် နံရိုးကို ဟီဘရူးမှာ “အာလာ” လို့ ခေါ်ပါတယ်။ စာထဲမှာရေးထားတာက “ဆယ်လာ” ဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ကမ္ဘာဦးကျမ်းကလွဲပြီး တခြားနေရာမှာ “ဆယ်လာ”ကို ဘေးဘက်၊ သို့မဟုတ် တဝက်လို့ ဘာသာပြန်ပါတယ်။ ဧဝကို ဖန်တီးတဲ့ နေရာမှာပဲ “ဆယ်လာ” ကို နံရိုးလို့ ဘာသာပြန်လိုက်ပါတယ်။ ဒါဟာ မိန်းမတွေကို ယောက်ျားတွေရဲ့ “အခြားတဘက်” ကနေ ဖန်တီးတယ်လို့ မမြင်တော့ပဲ “နံရိုးကနေထွက်လာတဲ့ အပိုအတက်” လို့ မြင်စေတဲ့ အကြောင်းလည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံရေး၊ မီဒီယာနဲ့ စီးပွားရေးတွေမှာ စကားလုံးတွေဟာ သိပ်အရေးပါတယ်။ ကတိပေးအောင် ဖိအားပေးတာ၊ ကတိတွေပေးထားတဲ့ အခြေအနေကနေ မတူညီတော့ပေမယ့်၊ သွေဖယ်သွားပေမယ့် ဒါတွေကို သုံးစွဲပြီး ဆက်လက်ဖိနှိပ်ဖို့လည်း ဖြစ်စေတာတွေဟာလည်း စကားလုံးတွေရဲ့ အင်အားပါပဲ။

ဘာသာစကားတွေကို ကြည့်တဲ့အခါ ဘာသာစကားအချင်းချင်းကြားမှာ ဖိနှိပ်ကြတာလည်း ဖြစ်နိုင်တယ်။ တချို့ ဘာသာစကားတွေက ဘေးကိုဖယ်ထုတ်ခံရပြီး၊ တချို့ဘာသာစကားတွေက အာဏာစက်ကို လွှမ်းမိုးတာတွေလည်း တွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ဗမာစကား၊ ကမ္ဘာမှာဆို ကိုလိုနီပြုခဲ့တဲ့ နိုင်ငံကြီးတွေရဲ့ ဘာသာစကားတွေက အာဏာစက်ကို ထိန်းချုပ်နိုင်ကြတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် ဒီစာမှာတော့ ဘာသာစကားတွေကို နှိုင်းယှဉ်တာမျိုး မဟုတ်ပဲ၊ ဘာသာစကား တခုစီထဲမှာကိုက အသုံးအနှုန်းတွေ၊ သဒ္ဒါတွေကနေ အာဏာတည်ဆောက်ကြတာကို အလေးထား ရှုမြင်ဖို့ပဲ ကြိုးစားထားပါတယ်။

ဂ။ စကားလုံးတွေကို ထွေပြားစေခြင်း (Conflation)

ဘာသာစကားဆိုတာ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးနိုင်တဲ့လို့ ပြောကြပေမယ့် ကန့်သတ်ချက်တွေလည်း ရှိပါတယ်။ Derrida ပြောတဲ့အတိုင်း စကားလုံးတွေရဲ့ ဖွင့်ဆိုချက်တွေဟာ ပြောင်းလဲနေပါတယ်။ ခေတ်အလိုက် အသုံးအနှုန်းတွေ ပြောင်းလဲ၊ စာလုံးပေါင်းတွေ ပြောင်းလဲသလို ဝေါဟာရတခုကို ဖွင့်ဆိုမှုတွေလည်း ပြောင်းလဲတာ ရှိပါတယ်။
ဥပမာပေးရရင် “မိုက်တယ်” ဆိုတဲ့ မြန်မာစကားကို မှောင်တယ် လို့ မူလက အဓိပ္ပာယ်ရပေမယ့်၊ ဒီနေ့ခေတ်မှာ ဆန်းပြားတယ်လို့ နားလည်တာမျိုး တွေ့ရနိုင်ပါတယ်။ နောက်တခုက “စေတနာ” လို့ပြောရင် ကောင်းတဲ့စေတနာ၊ ကောင်းကျိုးလိုလားတဲ့စိတ်လို့ နားလည်လာကြပေမယ့် မူလပါဠိမှာ စေတနာဟာ ကောင်းတာ၊ ဆိုးတာ နှစ်မျိုးလုံး ဖြစ်နိုင်တာပါပဲ။ မြန်မာမှာဆို လွတ်လပ်ရေးခေတ် ပတ်လည်နဲ့ စစ်အေးခေတ်တွေမှာ အမေရိကန်ကို ဒီမိုကရေစီရဲ့ ရန်သူ၊ ဆိုဗီယက်ပြည်ထောင်စုဟာ ဒီမိုကရေစီလမ်းစဉ်လို့ ရေးသားခဲ့တာတွေရှိပြီး ဒီနေ့ခေတ်မှာတော့ အမေရိကန်ဆိုရင် ဒီမိုကရေစီရဲ့ စံပြနိုင်ငံအဖြစ် ရှုမြင်ကြပြန်ပါတယ်။ နောက်တခုက ရှေးခေတ်က ဒီမိုကရေစီလို့ပြောရင် နိုင်ငံသားတွေကနေ အုပ်ချုပ်တယ်လို့ နားလည်ကြပေမယ့် ဒီနေ့ခေတ်မှာ မြောက်ကိုရီးယား၊ တရုတ်၊ ဆိုဗီယက်၊ အမေရိကန် အပါအဝင် အားလုံးက ကိုယ့်ကိုကိုယ် ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီနည်းကျလို့ သုံးနေကြတဲ့အခါ အသုံးအနှုန်းအားဖြင့် “Good” ဆိုတာထက် သိပ်မထူးတော့တဲ့ သဘောတောင် ဖြစ်လာပါတယ်။

နိုင်ငံရေးမှာတော့ ဒါကို ကောင်းကောင်းသုံးနိုင်တဲ့သူဟာ လူထုရဲ့ စိတ်နဲ့ အာဏာကို အနိုင်ရဖို့ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် နာဇီဂျာမနီမှာ ဟစ်တလာဟာ “Lebensraum” ဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ မူလ အဓိပ္ပာယ်ကတော့ “နေဖို့နေရာ” ဖြစ်ပေမယ့် သူသုံးတာကတော့ နယ်မြေချဲ့ထွင်ရေးအတွက် ဖြစ်ပါတယ်။ နည်းနည်း ပိုရှင်းအောင် နောက်ဥပမာတခုက “ရာသီဥတု ပြောင်းလဲမှုကို သတိပြုဖို့” လို့ပြောလိုက်ရင် “ကွန်မြူနစ်” လို့ အမေရိကန် နိုင်ငံရေးသမားတချို့က ရည်ညွှန်းတတ်ပါတယ်။ နောက်တမျိုးက “ဘာသာမဲ့”လို့ ပြောလိုက်တာနဲ့ “လူပေ လူတေ လူမိုက်” ဆိုပြီး ဆွဲတွေးတာမျိုးလည်း နမူနာယူလို့ ရပါတယ်။ စစ်သွေးကြွတွေကို အစ္စလာမ်နဲ့ တွဲစပ်ပြောဆိုတာမျိုးကလည်း ဒီသဘောပါပဲ။ လူမျိုးချစ်တာနဲ့ ဖက်ဆစ်လို့ပြောတာ၊ ပြောင်းရွှေ့လာသူတွေကို ရာဇဝတ်သားလိုလိုပြောတာ၊ CDM လုပ်တဲ့သူတွေကို နိုင်ငံဖျက်ချင်တဲ့သူတွေလို့ ပြောတာတွေဟာလည်း နမူနာတွေ ဖြစ်ပါတယ်။

ဒီလို စကားလုံးတွေကို ဝေဝါးသုံးစွဲတာ၊ မတူတာကို တူသလိုပုံနှယ် ရောမွှေသုံးစွဲတာကို Conflation လို့ ခေါ်ပါတယ်။ ဒါဟာ သတိထားရမယ့် အကြောင်းအရာတချက် ဖြစ်တယ်။ နောက်မှာ ဆက်လေ့လာရအောင်ပါ။

ဃ။ စကားလုံးတွေကို ထွေပြားစေခြင်းနဲ့ အာဏာတည်ဆောက်မှု

ဘာသာစကားကို ထွေပြားစေခြင်းကို အာဏာရှိသူတွေက ပြည်သူတွေအပေါ်မှာ လွှမ်းမိုးဖို့လည်း သုံးတယ်။ ဘာသာစကားကနေ ခံယူချက်တွေကို ပုံဖော်တယ်။ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်တယ်။ လူမှုရေး ဖိနှိပ်တာတွေ၊ မညီမျှချက် ရှိတာတွေကို တည်မြဲနေစေဖို့လည်း ဘာသာစကားကနေ လုပ်နိုင်တယ်။ တဘက်ကလည်း လူမှုရေးမညီမျှတာ၊ ဖိနှိပ်တာတွေကို ဆန့်ကျင်ဖို့၊ တွန်းလှန်ဖို့လည်း ဘာသာစကားကို သုံးနိုင်တာပဲ။ သတိထားစရာတွေတော့ ရှိတယ်။

• စကားလုံးတွေရဲ့ နယ်နိမိတ်ကို မှုန်ဝါးစေတဲ့အခါ ဘာကိုဆိုလိုမှန်း မသိတာတွေဖြစ်ပြီး ဆက်သွယ်ရေး ထိခိုက်နိုင်တာကနေ ပဋိပက္ခတွေအထိ ဖြစ်သွားနိုင်တယ်။

• စကားလုံးတွေကို ရွေးချယ်မှုကနေ နားလည်မှုမူဘောင်၊ အကောင်အထည် ဖော်ဆောင်ရေး မူဘောင်တွေ ပြောင်းလဲနိုင်တယ်။

• မောဟကို ထပ်ကြီးစေနိုင်ပြီး တကယ့်အမှန်တရားကနေ ဝေးသထက်ဝေး၊ ရှုပ်သထက်ရှုပ်သွားနိုင်တယ်။

• ကြောက်စိတ်နဲ့ ဒေါသကို နှိုးဆော်နိုင်တယ်။

• လူထုဆီက သဘောတူညီချက်ကို စက်ရုံက ရိုက်ထုတ်သလို ထုတ်လုပ်နိုင်ရေး ဖန်တီးတာလည်း ရှိတယ်။

• ရှုပ်ထွေးတဲ့ လူမှုရေးရာတွေကို အရှင်းလွန်-အလွန်ရှင်း (Oversimplified) အောင် လုပ်လိုက်တဲ့အခါ ဗဟိုချက်မကို မထိတော့ပဲ ချော်ငေါ့ထွက်ကုန်နိုင်တယ်။

• နိုင်ငံရေးအာဂျန်ဒါတွေ လိုလားချက်တွေကို ခြယ်လှယ်တာတွေနဲ့ လူတွေကြားမှာ ကိုယ့်အယူအဆပဲ အကောင်းထင်တဲ့စိတ်တွေကို ပျံ့နှံ့အောင်လည်း လုပ်နိုင်တယ်။

တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ ဒီအက်ဆေးမှာတော့ စကားလုံးတွေကို ထွေသုံးတာဟာ ပြဿနာရှိကြောင်းနဲ့ ထွေသုံးတတ်တဲ့ စကားလုံးတွေတချို့အကြောင်း ဆွေးနွေးဖို့ကို ရည်ရွယ်ပါတယ်။