• Today is: Sunday, April 14, 2024

နိုင်ငံရေး ဟောပြောချက်များထဲက စကားလုံးများကို ရောထွေးစေမှုများ – အပိုင်း (၂)

နိုင်ငံရေး ဟောပြောချက်များထဲက စကားလုံးများကို ရောထွေးစေမှုများ – အပိုင်း (၂)

စည်းနရီ | အတွေးအမြင်

 

အာရုံထွေပြား ဗျူဟာများ

မတူတာကို အတင်းတူစေတာဟာ ဓမ္မတရားမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာတော့ ကိုယ့်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေဟာ လောကဓမ္မလို ရှုမြင်ပြီး၊ မတူတဲ့အမြင်တွေက မိစ္ဆာအယူလို ပြောဟောတတ်ကြတယ်။ ဒီလိုပြောပြီး တဘက်သူရဲ့ ကိုယ်ကျင့်တရားထက် ကိုယ့်ကျင့်တရားဟောပြောချက်က မြင့်မြတ်ကြောင်း အလံထောင်ကြလို့ ကိုယ့်အသင်းလူများအောင် ကြံဆောင်ကြတဲ့အခါ တဘက်လူရဲ့ ဟောပြောယူဆချက်နဲ့ အနီးစပ်ဆုံးတူတာတခုကို ရှာကြံပြီး တူတယ်လို့ လုပ်ကြတာတွေ တွေ့ရတတ်တယ်။ ဒါက နည်းစနစ် တခုပဲ။

.

အဓိပ္ပာယ်ကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အခါ ဘာသာစကားတွေဟာ အလွန်အရေးပါတယ်။ ဒီလိုမျိုးသုံးတဲ့အခါ နည်းစနစ်ပုံစံ ငါးမျိုးလောက်တော့ လောလောဆယ် တွေးမိပါတယ်။

  • ပထမတနည်းက ဝိရောဓိဖြစ်တဲ့ စကားနှစ်လုံးကို တွဲစပ်သုံးစွဲတာပါ။ ဥပမာအားဖြင့် နိုင်ငံချစ်ကွန်မြူနစ် (Patriotic communist) ဆိုတာမျိုးပါ။ တကယ်က ကွန်မြူနစ်တွေဟာ အင်တာနေရှင်နယ်စဉ်းစားချက်ကို အန္တိအမြင်အနေနဲ့ ကြည့်ကြတာဖြစ်ပြီး နိုင်ငံတနိုင်ငံတည်းအပေါ် အမြင့်ဆုံးသစ္စာပေးတာမျိုး မလုပ်ကြပါဘူး။
  • ဒုတိယနည်းက တာဝန်ခံရမှာကို ရှောင်ရှားဖို့ အပြစ်တင်တဲ့ စကားနဲ့ တွဲသုံးတာပါ။ ဥပမာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (Illegal immigrant) ဆိုတဲ့ အသုံးမျိုးဖြစ်ပါတယ်။ လူ့အခွင့်အရေးတွေကို ဖောက်ဖျက်ပြီးရင် အလုပ်ခံရတဲ့သူတွေကို အပြင်တဲ့အချိန်ဆို ဒါမျိုး သုံးကြတာပါ။
  • တတိယနည်းက စိတ်ခံစားချက်ကို လှည့်ဖျားပုံဖော်ဖို့ ပရိယာယ်သုံးတာမျိုးပေါ့။ ဥပမာ အစွန်းရောက်ဖီမနစ်တွေ (Radical feminists) တွေဆိုပြီး အမည်တပ်ပြီး လူတွေကို လန့်သွားအောင် လုပ်တာမျိုးဖြစ်ပါတယ်။
  • စတုတ္ထနည်းက လေးနက်မှုကို ဖော့ပြီးသုံးစွဲတာပါ။ ဥပမာအားဖြင့် မရည်ရွယ်သော ထိခိုက်မှုများ (Collateral damage) ဆိုပြီး သုံးတာမျိုးပါ။ ပြည်သူထိခိုက်တာက ထိခိုက်တာပဲဖြစ်ပါတယ်။ ယုတ္တိ ဆက်စပ်ပြလည်း ခံရသူက ဒီအတိုင်းပါပဲ။
  • ပဥ္စမအချက်ကတော့ အပေါ်တုန်းက ပြောခဲ့သလိုပါပဲ။ မတူတာကို ရောပြောခံရတာမျိုးပါ။ ဥပမာ ဖိနှိပ်ခံရလို့ ကိုယ့်ဘဝနေနည်းအတွက် ကိုယ်ပြန်တော်လှန်တာကိုမှ ဖက်ဆစ်လို့ အပြောခံရတာမျိုးပါပဲ။

.

နောက်ပြီး ဝါဒဖြန့်တဲ့အခါမှာလည်း ဝေါဟာရတွေကို အသုံးချကြတယ်။ ဝါဒဖြန့်တာကို အင်စတီကျူးရှင်းတိုင်း၊ အဖွဲ့အစည်းတိုင်းက လုပ်ကြပါတယ်။ ဝါဒဖြန့်တယ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ လူတွေကို ချက်ကျလက်ကျ ယုတ္တိအခြေခံစရာ မလိုတဲ့ ယုံကြည်ချက်တခု ယုံအောင် လုပ်တာမျိုးပါပဲ။ အုပ်ချုပ်သူတွေက ပြည်သူတွေကို သူတို့လိုချင်တဲ့ ပုံစံသွင်းဖို့ ဝါဒဖြန့်ကြပါတယ်။ စစ်တွေအတွင်းမှာဆို ကိုယ့်အဖွဲ့၊ ကိုယ့်ဘက် လူများရေး တွန်းတိုက်ကြတဲ့အခါ တွင်တွင်ကြီးကိုပဲ ဝါဒဖြန့်ကြတယ်။ ရှေးပဒေသရာဇ်တွေကစလို့ လက်ရှိ မြန်မာ့စစ်တပ်နဲ့ အာဏာရှင်တွေဟာ သာသနာပြု မင်းကောင်းမင်းမြတ်ပုံစံတွေ၊ ဘုရားအလောင်းဆန်ဆန်ဇာတ်လမ်းတွေ လုပ်ပြကြတာလည်း ဝါဒဖြန့်တာပဲ။

.

ဇာတ်ကြောင်းတွေကို လွှဲချင်တဲ့အခါ ဘာသာစကားကို သုံးရပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေကို တာဝန်မခံပဲ Historical Impunity ယူချင်တဲ့အခါ၊ သမိုင်းကို လူထုတွေမေ့စေချင်တဲ့အခါ စကားလုံးတွေကို သုံးပါတယ်။ ဥပမာ ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံတော်ဆိုတာကြီးတွေက ပဒေသရာဇ်ဘုရင့်နိုင်ငံတွေအဖြစ် ဒီနေ့ခေတ် မော်ဒန် အမျိုးသားနိုင်ငံလို နိုင်ငံတွေ မဟုတ်ပါဘူး။ ပဏ္ဏာဆက်နိုင်ငံစာရင်းနဲ့ နယ်မြေတွေပါပဲ။ နယ်မြေသတ်သတ်မှတ်မှတ်ရှိတဲ့ ခေတ်သစ်အမျိုးသားနိုင်ငံတွေဟာ မော်ဒန်ဉာဏ်အလင်းပွင့်ခေတ် ဥရောပကနေမှ ထွန်းကားတာပါ။ ဒါတွေကို ပထမ၊ ဒုတိယ၊ တတိယ မြန်မာ့အင်ပါယာတွေအဖြစ် လူထုကြားပုံဖော်တာက ကိုလိုနီခေတ်မှာ ဝံသာနုရက္ခိတစိတ် ထွန်းကားစေချင်လို့ မွန်ပြည်နယ်က မြန်မာ့ပထမဆုံး အမျိုးသားကျောင်းရဲ့ ကျောင်းအုပ်ကြီး ဘီအေ ဦးဘသန်း ကျောင်းစာထဲ ထည့်သင်ခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဗမာ့နိုင်ငံရေး သမားတွေနဲ့ စစ်အာရှင်တွေဟာ သမိုင်းအဆက်ဆက်ကို နိုင်ငံရေးနဲ့ယှဉ်လို့ ပြင်ရေးခဲ့ကြတာပါပဲ။

.

နိုင်ငံရေးသမားတွေက တာဝန်ခံရမှာကို ရှောင်ချင်ရင် အပေါ်က ဆွေးနွေးခဲ့တာလို စကားလုံးကို တွဲစပ်တာမျိုးမလုပ်ပဲ ဇာတ်ကြောင်း ဇာတ်အိမ်ကနေ၊ ဒါမှမဟုတ် အုပ်စုကို အမည်တပ်တာတွေကနေလည်း ရောချတာ၊ အပြစ်တင်တာတွေ လုပ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း ပင်လုံကို တာဝန်မခံချင်တဲ့သူတွေက ပြည်သူကို မသနားဘူးလား၊ ဒီမိုကရေစီမကျတဲ့ စစ်ဘုရင်တွေ စတဲ့အဆိုတွေနဲ့ ခံရတဲ့သူတွေကို ပြန်အပြစ်တင် (Victim Blame) လုပ်ကြတတ်ပြန်ပါတယ်။

.

လူတွေရဲ့ သဘောသဘာဝက ကိုယ့်ကိုကိုယ် တရားမျှတမှုရဲ့ ကိုယ်စားလှယ်လို ရှုမြင်ပြီး တဘက်က မတူညီသူတွေကို မကောင်းမှုပြုသူတွေလို ကြည့်တတ်ကြပါတယ်။ ဒါကို ကောင်းကောင်း အသုံးချနိုင်တဲ့သူတွေဟာ ပြည်သူ့စိတ်နဲ့ လူထုဆန္ဒကို ကောင်းကောင်း ကိုင်တွယ်ပုံဖော်ပြီး နိုင်ငံရေးကို ကစားတတ်ပါတယ်။ လူထုက ဒါတွေကိုသိရင် သိပ်အကျိုးရှိပါတယ်။ ရှောင်နိုင်ပါလိမ့်မယ်။

.

နမူနာစကားလုံးအတွဲများ

မြန်မာနိုင်ငံမှာ တွေ့ရတတ်တဲ့ Conflation စကားလုံးတွဲ ၃ ခုလောက်ကို ဒီမှာ ဖော်ပြချင်တယ်။

.

(က) တော်လှန်ရေးသမားနဲ့ စစ်သွေးကြွ

စစ်တပ်က လက်နက်ကိုင်တော်လှန်ရေးသမားတွေကို အမြဲတမ်း စစ်သွေးကြွအနေနဲ့ ပုံဖော်လာတာပါပဲ။ အခုမှလည်း မဟုတ်ဘူး။ အမြဲတမ်းလည်း ဒီလိုပဲ တိုင်းရင်းသား တော်လှန်ရေး၊ ကိုလိုနီခေတ် တော်လှန်ရေး ခေတ်အဆက်ဆက်မှာ တွေ့ခဲ့ရတာပါပဲ။ မြန်မာနိုင်ငံမှမဟုတ်ဘူး၊ တခြားနိုင်ငံတွေမှာလည်း တွေ့ရတာပါပဲ။ 

.

အရင်ပြန်မေးရမယ့် မေးခွန်းက တော်လှန်ရေးဆိုတာ ပုဂ္ဂလဓိဌာန်လား၊ ဓမ္မဓိဌာန်လားဆိုတာပါ။ ကိုယ်က တော်လှန်ဖို့လိုတယ်ဆိုပြီး စုစည်းကြတဲ့အခါ လူအများကြီး မကျေမနပ်လမ်းပေါ်တက်ကြ၊ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်အောင် လုပ်ကတာဟာ တော်လှန်ရေးလို့ မြင်ရလွယ်ပါတယ်။ သို့သော်လည်း နိုင်ငံရေး အမြင်အားဖြင့်က ဒီလူအုပ်ထဲမှာကို တူတာမျိုးတော့ မဟုတ်ပါဘူး။ ကြွေးကြော်သံအရ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”လို့ ကြွေးကြော်တဲ့အချိန်မှာတောင် ပြည်သူဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုချက် ကွာဟတာ တွေ့ရပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားတွေထဲမှာ ခုခံမှုကို ဘယ်အဆင့်အထိ၊ တွန်းလှန်မှုကို ဘယ်အထိ သွားချင်တာလည်း ကွာခြားပါတယ်။

.

ခေတ်အဆက်ဆက်၊ နိုင်ငံအမျိုးမျိုးက အုပ်ချုပ်သူနဲ့ အစိုးရ အဆက်ဆက်ဟာ တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားတွေဆိုပြီး ပုံဖော်တတ်တယ်။ အရင်တုန်းက မြန်မာမှာလည်း တိုင်းရင်းသား‌တော်လှန်ရေး အဖွဲ့တွေ၊ တော်လှန်ရေးသမားတွေက အကြမ်းဖက်ဆိုပြီး ပုံဖော်ခံရတာပါပဲ။ 

.

(ခ) မျိုးချစ်နဲ့ ဖက်ဆစ်

မျိုးချစ်ဝါဒဟာ ဥရောပမှာ လူမျိုးတမျိုး တနိုင်ငံ နေချင်အောင် ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုလည်း ဟုတ်သလို၊ ၁၉ ရာစုအကုန်မှာ ဟစ်တလာကို အနိုင်တိုက်ခဲ့တဲ့ ဝါဒလို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ့်လူမျိုးတွေ ဖိနှိပ်မခံစေချင်တာ၊ ဖိနှိပ်ခံရလို့ ကိုယ့်ယဉ်ကျေးမှုတွေကို ပြန်ပြီးထိန်းသိမ်းကြဖို့ ကြိုးစားကြတာကို တခြားလူမျိုးတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ နာဇီဖက်ဆစ်လိုဝါဒနဲ့ ယှဉ်တွဲပြီး ပြောတာမျိုးဟာ မမှန်ပါဘူး။

.

အမျိုးသားရေးဝါဒဟာ ကမ္ဘာမှာ အောင်မြင်မှုအရဆုံး၊ လူတွေက ခံစားချိတ်ဆက်လို့ အရဆုံး နိုင်ငံရေးအမြင် ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်တွေဟာ ဒါကို သုံးတတ်တာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေး အိုင်ဒီယိုလော်ဂျီ အတွေးအခေါ်တိုင်းမှာ အဲ့ဒါကို သုံးပြီး လူတွေကို ဖိနှိပ်ပြဿနာ ရှာခဲ့တာ တွေ့ရမြဲပါ။ ဆိုရှယ်လစ်၊ ကွန်မြူနစ် အတွေးအခေါ် အမည်ခံပြီး မြောက်ကိုရီးယားခေါင်းဆောင်သူတွေ၊ စတာလင်တို့လို လူတွေလက်ထက်မှာ အများကြီး ဒုက္ခရောက်ရပါတယ်။ လစ်ဘရယ်ဝါဒဟာ လူတွေကို ယဉ်ကျေးအောင်လုပ်ပေးတဲ့ ဝါဒလို့ အမည်ခံပြီး ကိုလိုနီပြုတာတွေကို ယုတ္တိဆက်စပ်ပေးခဲ့ကြပါတယ်။ ဈေးကွက်စီးပွားရေး အမည်ခံပြီး ကျွန်၊ ကလေး၊ လူနည်းစု စတဲ့ပုံစံအစုံရှိကြတဲ့လူတွေကို အမြတ်ထုတ်တာ တွေ့ရနိုင်ပါတယ်။ မေတ္တာ၊ ငြိမ်းချမ်းရေး၊ ဘာသာရေး အမည်ခံပြီး အချင်းချင်းသတ်ဖြတ်ကြတာ တွေ့ကြုံခဲ့ကြရပါတယ်။ 

.

နိုင်ငံရေး အတွေးအခေါ်တွေဟာ သုံးတဲ့သူတွေက ကောင်းသလောက်ပဲ အလုပ်ဖြစ်တာပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်နိုင်ငံရေးမှာ ဖိနှိပ်ခံရလို့ ကာကွယ်ကြတဲ့၊ လွတ်မြောက်ရေးအတွက် တွန်းလှန်ကြတဲ့သူတွေကို Conflation လုပ်ပြီး ဖက်ဆစ်လို့ ခေါ်တာမျိုးတောင် ကြားရတတ်ပါတယ်။

.

(ဂ) အမျိုးသားလူထုရပိုင်ခွင့် နဲ့ လူနည်းစုရပိုင်ခွင့်

လူမျိုးဆိုတဲ့ အဓိပ္ပာယ်က မြန်မာနိုင်ငံမှာ အသုံးများပြီး နားလည်မှုလွဲခံရဆုံး အသုံးအနှုန်းထဲမှာ ပါဝင်ပါတယ်။ လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ သုံးတာတွေကို ကြည့်တဲ့အခါ “လူမျိုး တရာ့တပါး” ဆိုတဲ့ အသုံးအနှုန်းကို ပထမ သတိထားကြည့်မယ်ဆိုရင် မတူတဲ့လူ အမျိုးအစားဆိုတဲ့ ပုံစံ Category of People ဆိုတာမျိုး ပြောချင်တယ်လို့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂ မှာ လူမျိုးဆိုတာကို ရှင်းပြတာ ဖတ်ကြည့်ရင် အသားအရောင်၊ ရုပ်အဆင်းကို အခြေခံတဲ့ Race စဉ်းစားချက်လို့ သဘောပေါက်နိုင်တယ်။ ဒါပေမယ့် မျိုးချစ်စိတ်ကို ဖွင့်ဆိုတဲ့အခါ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကိုယ်ချစ်တယ်လို့ ပြောပြန်တဲ့အတွက် နိုင်ငံသားကို ဆိုလိုတယ်လို့ နားလည်ကြပြန်ပါတယ်။ ဒါပေမယ့် နိုင်ငံသားနဲ့ လူမျိုးကို Conflate လုပ်ထားတာလည်း တွေ့ရပြန်ပါတယ်။

.

ဒုတိယအကြိမ် ကယန်းညီလာခံမှာ ကယန်းလူမျိုး၊ ကယန်းအမျိုးသားထုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြန်ပါတဲ့ လူမျိုးစု (ဆွေမျိုးစု)တွေကို ဆွေးနွေးကြပါတယ်။ ဒီရှုထောင့်ကိုကြည့်ရင် လူမျိုး/အမျိုးသားလူထု ဆိုတာ Nation ကိုဆိုလိုတယ်လို့  နားလည်ရပြန်ပါတယ်။ အလွယ်ဆုံး အကောင်းဆုံး စဉ်းစားချက်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ ပြောနေတဲ့ လူမျိုးဆိုတာ ဂျပန်၊ ဂျာမနီ၊ ကိုရီးယားတို့လို မျိုးရိုးလည်းချိတ်ဆက်၊ ဒေသတခုမှာလည်း နေကြတဲ့ အမျိုးသားလူထုကို ဆိုလိုတယ်လို့ မှတ်ရမှာပါ။

.

ဒါပေမယ့် တိုင်းရင်းသားလူမျိုး / အမျိုးသားလူထုနဲ့ လူနည်းစုကို တူသလို သုံးစွဲတာလည်း တွေ့ရပြန်တယ်။ လူနည်းစုဆိုတာက ဘာသာရေးလူနည်းစု၊ လိင်စိတ်ကွဲပြားတဲ့ လူနည်းစု စတာတွေလည်း ဖြစ်နိုင်တယ်။ ဒါကို ရောပြောရင် အခွင့်အရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုဘောင် Scope မှာ ပြဿနာ ရှိနိုင်လာတယ်။ ဘောင်တွေက အချိန်၊ နေရာ၊ လိုလားချက်ပမာဏ စတာတွေ ကွာခြားပါတယ်။ ဥပမာက တိုင်းရင်းသား လူမျိုးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုဘောင်က ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးမူဘောင်ကို အခြေခံတာဖြစ်လို့ လှုပ်ရှားမှုက တလျှောက်လုံးသွားနေရမယ့် အနေအထားဖြစ်တယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ စုဖွဲ့မှုရရင်လည်း ကာကွယ်ဖို့ ဆက်လုပ်ရလိမ့်မယ်။ နိုင်ငံသား အခွင့်အရေးတခုခုကို အခြေခံတဲ့အခါမှာတော့ အဲ့ဒီအခွင့်အရေးကို ရတဲ့အခါ လှုပ်ရှားမှုတွေက အနိုင်နဲ့ပြီးပါတယ်။

.

နောက်ပြီး လစ်ဘရယ်ဝါဒမှာတော့ အခွင့်အရေးတွေကို ကြည့်တဲ့အခါ အုပ်စုအခွင့်အရေးဆိုတာ လူတွေရဲ့ အခွင့်အရေးတွေက စုပုံပေါင်းစပ်ပြီး ပေါ်လာတာလို့ ယူဆကြပါတယ်။ တဘက်ကလည်း စီးပွားရေး လုပ်ငန်းတွေ၊ အင်စတီကျူးရှင်းတွေကတော့ သီးသန့် ရပိုင်ခွင့်တွေ ရှိကြတာလည်း မြင်ရမှာပါ။ စီးပွားရေးလုပ်ငန်းမှာတောင် အခွင့်အရေး ရှိတယ်ဆို လူ့အသိုင်းအဝိုင်းတွေမှာ Group Right ရှိသင့်တယ်လို့ ဆိုပါရစေ။ အုပ်စုရဲ့ ရပိုင်ခွင့်ဟာ လူတယောက်ချင်းစီရဲ့ အခွင့်အရေးတွေကနေ ပေါင်းစပ်ပြီး ပေါ်လာတာမဟုတ်၊ အသိုင်းအဝိုင်းမှာကို ရှိရမှာပါ။ ဥပမာ အမျိုးသားလူထုတခုရဲ့ Self-determination ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဖြစ်ပါတယ်။ လူနည်းစုတွေမှာတော့ လူနည်းစု အဖွဲ့ဝင်ဖြစ်ခြင်းကနေ ရသင့်တဲ့ ရပိုင်ခွင့်ရှိပါတယ်။ အဲ့ဒါက Group differential rights ဖြစ်ပါတယ်။ ဥပမာ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားခြင်းဆိုင်ရာ ရပိုင်ခွင့်တချို့၊ ဒါမှမဟုတ် ဘာသာရေးဆိုင်ရာ ရပိုင်ခွင့်တွေဟာ Group Differentiation Rights တွေ ဖြစ်ပါတယ်။ ဒါကို ခွဲသိမြင်ဖို့လည်း အရေးကြီးပါတယ်။

.

ယုတ္တိမှားများ (Logical Fallacies)

ဘာသာစကားကနေ ယုတ္တိအမှားတွေကို တည်ဆောက်ဖို့လည်း လုပ်တတ်တာ ရှိပါသေးတယ်။ လူတွေစိတ်ထဲမှာ တကယ်မာမာချာချာ ယုတ္တိရှိရှိ ဒဿနတွေးတာတွေ မလုပ်ပဲ တော်ရုံလေးတွေးပြီး ယုတ္တိကို ကျော်ချတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ လူမျိုးခြားတွေ ပြောတဲ့စကားကို မယုံနဲ့ ဆိုတာမျိုး၊ လောကမှာ အဖြူအမည်း နှစ်မျိုးပဲ ရှိတယ် ဆိုတာမျိုး၊ အဖြေအားလုံး အလယ်မှာပဲ ရှိရမယ် ဆိုတာမျိုး စတာတွေဟာ ယုတ္တိမှားတွေ ဖြစ်ပါတယ်။ ယုတ္တိမှား ပုံစံမျိုးစုံရှိတာမို့ အတွေးအ‌ခေါ် လမ်းမချော်ချင်ရင် လေ့လာသင့်တာပါပဲ။