• Today is: Sunday, April 14, 2024

ဝေဝါးအောင် ကြံဆောင်မှုများအား ရှောင်ရှားခြင်း-အပိုင်း (၃)

ဝေဝါးအောင် ကြံဆောင်မှုများအား ရှောင်ရှားခြင်း-အပိုင်း (၃)

စည်းနရီ | အတွေးအမြင်

က။ သတင်းအချက်အလက်များကို နားလည်ခြင်း 

သတင်းအချက်အလက်အရာမှာ ကျွမ်းကျင်လိမ္မာဖို့က ၂၁ ရာစုမှာ အလွန်ပဲ လိုပါတယ်။ လူတွေဟာ ဘာသာစကားကို အသုံးပြုလို့ သတင်းအချက်အလက်ကို ဖလှယ်ခဲ့တယ်။ အဲ့ဒါရဲ့နောက်မှာ ပတ်ဝန်းကျင်က ရုပ်ဝတ္ထုတွေကို ပြုပြင်ပုံဖော်တဲ့ ပထမရုပ်ခေတ်၊ ပြီးတော့ စွမ်းအင် (Engergy) ကို ပြုပြင်ပြောင်းလဲတဲ့ ဒုတိယ စွမ်းအင်ခေတ် နဲ့ သတင်းအချက်အလက် ပြုပြင်ကိုင်တွယ်တဲ့ ဒီနေ့ ICT ခေတ်ကြီးကို ရောက်လာပါတယ်။ ဒီနေ့ခေတ်မှာ သတင်းအချက်အလက်ဟာ အချိန်နဲ့ သုံးဘက်မြင် ရုပ်လောကကို ကျော်လွန်ပြီး အနာဂတ်ဆီကို စီးဆင်းနေပါပြီ။ ဒီခေတ်မှာ ကိုယ်ရေးကိုယ်တာ Privacy ဆိုတဲ့ စကားလုံးဟာ အလျား၊ အနံ၊ အမြင့်လောက်နဲ့ စဉ်းစားလို့တောင် ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒါကြောင့် သတင်းအချက်အလက်ဆိုင်ရာ အတတ်ကို ကျွမ်းကျင်သင့်တဲ့ ခေတ်ဖြစ်ပါတယ်။ 

.

သတင်းအချက်အလက်အရာမှာ ကျွမ်းကျင်လိမ်မာဖို့ ဆိုတာ လေ့လာရမယ့် အရာတွေ ရှိပါတယ်။ သတင်းအချက်အလက်တွေကို လေ့လာတဲ့အခါ ရှာနိုင်ဖို့၊ သုံးသပ်နိုင်ဖို့၊ အသုံးချနိုင်ဖို့နဲ့ သူများကို ပြန်ပြီး ဆက်သွယ်ရှင်းပြနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ လက်တွေ့အတွေးအခေါ်အားဖြင့် စနစ်တကျ ဝေဖန်တွေးခေါ်ရေးဆိုတာ ခုသင်၊ ခုရတာမျိုး မဟုတ်ပါဘူး။ အလေ့အထကို ဖန်တီးယူရတာမျိုး ဖြစ်ပါတယ်။ မတူညီတဲ့ သတင်းအရင်းအမြစ်တွေက ပြောနေတဲ့ သူတို့မျက်နှာစာက မြင်ရတဲ့ ရှုထောင့်တွေကို စုံအောင် ရှာနိုင်ဖို့၊ ဝေဖန်နိုင်ဖို့ရာ လုပ်ရပါတယ်။ ဒါမှသာ ဆုံးဖြတ်ချက်တွေဟာ အသိပညာကို အခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်မှာပါ။

.

အထူးသဖြင့် နိုင်ငံရေးမှာ ဝါဒဖြန့်တာက ဘက်ပေါင်းစုံကနေ လုပ်ကြပါတယ်။ တော်လှန်ရေးတခုမှာဆို တော်လှန်ခံရတဲ့ အာဏာရှင်အုပ်စု၊ တော်လှန်ရေးသမားတွေနဲ့ တခြားပြင်ပကသူတွေ အားလုံးမှာ ကိုယ့်ပန်းတိုင်နဲ့ကိုယ် ဝါဒဖြန့်ကြပါတယ်။ မပြောပဲ ထိန်ချန်တဲ့ သတင်းတွေကို မလိုက်နိုင်ရင်တောင်မှ ကိုယ့်စားပွဲပေါ်ရောက်လာတဲ့ စာတွေကို ထွင်းဖောက်မြင်နိုင်ဖို့က သိပ်လိုအပ်တာပါပဲ။

.

သတင်းအချက်အလက်တွေကို လေ့လာတဲ့အခါ ပဓာနကျတဲ့ ဝေါဟာရတွေကို ကြည့်နိုင်၊ ရှာနိုင်၊ နားလည်နိုင်ဖို့ဟာ အရေးကြီးတဲ့စွမ်းရည်တခုလည်း ဖြစ်တယ်။ ဒီလိုသိဖို့ဆိုတာ ဘယ်ဝေါဟာရတွေက ဘာကိုရည်ညွှန်းနေသလဲဆိုတာ အသေအချာ နားလည်ဖို့လည်း လိုပါတယ်။ အဆိုပြုချက်တွေကို ဖတ်ရှုတဲ့အခါ ရည်ညွှန်းအခြေအနေတွေက ဘာတွေလဲဆိုတာမျိုး၊ မပြောပဲ ချန်ထားခဲ့တဲ့ စကားလုံးတွေက ဘာတွေလဲဆိုတာမျိုး ဒက်ကနဲ ချက်ကျလက်ကျ နားလည်ရေးဆိုတာ အလေ့အထတခုဖြစ်ဖို့ လိုပါတယ်။

.

ခ။ ကိုယ့်ဦးနှောက်ကို ကိုယ်နားလည်ခြင်း 

အတွေးအခေါ် ဘက်ယိုင်မှုတွေနဲ့ သတင်းအချက်အလက်ကို ရောဂါလို တိုက်ထုတ်သောဦးနှောက်ဟာ ကျွန်တော်တို့ အားလုံးမှာ ရှိပါတယ်။ ဦးနှောက်ဟာ ကိုယ့်ကိုကိုယ် သိပ်ချစ်တာပါပဲ။ ကိုယ့်အတွေးဟာ မှန်တဲ့ဘက်မှာရှိတယ်လို့ အစဉ်အမြဲ ယူဆတာပါ။ တကယ်လို့ ကိုယ့်ခံယူချက်နဲ့ မတူတာတခုသာ ခေါင်းထဲ ရောက်လာခဲ့ရင် ကျွန်တော်တို့ ဦးနှောက်များဟာ တုန်လှုပ်ပါတယ်။ ဒီလို တုန်လှုပ်မှုကို ကာကွယ်ဖို့ ဦးနှောက်ဟာ 

.

ဂ။ စိတ်ခံစားချက်ကို နားလည်ရေး

စိတ်ခံစားချက်တွေကို မှန်ကြည့်သလို ပြန်ကြည့်နိုင်တာဟာ ဉာဏ်ပညာရဲ့ လမ်းစဖြစ်ပါတယ်။ စိတ်ကို နားမလည်ရင် ယုတ္တိတွေလည်း မှားတော့တာပါပဲ။ လူတိုင်းမှာ ဘက်တခုခုကို ယိုင်ပြီးတွေးတတ်တဲ့စိတ်က ရှိကိုရှိပါတယ်။ ဦးနှောက်ဟာ သူ့ကိုယ်သူ သိပ်ချစ်ပြီး၊ ပျင်းတဲ့အမျိုးအစားပါ။ သတင်းအချက်အလက် တခုရရင် အရင်က ရှိခဲ့တဲ့ ပုံစံ pattern  ဘယ်အရာနဲ့ ကိုက်သလဲကို အရင်ကြည့်တာမျိုးပါ။ ဒါကြောင့် ကိုယ့်ရဲ့ ဝိဝါဒတွေကို ကိုယ်သိဖို့ရာ လိုတယ်။ လူမှုရေးမှာလည်း အုပ်စုစိတ်က လူတိုင်းမှာရှိတယ်။ ဒါမှမဟုတ်ရင် ကိုယ့်အုပ်စုထဲမှာ တယောက်နဲ့တယောက် ယုံကြည်တာတွေကို ပြောဆို အားဖြည့်ပြီး အပြင်က မတူညီတဲ့ အမြင်တွေ ရောက်မလာရလောက်အောင် ပဲ့တင်သံလိုပြောနေကြတာလည်း ကြုံဖူးမယ် ထင်ပါတယ်။ ဒါတွေကို ကိုင်တွယ်နိုင်ဖို့ စိတ်ခံစားချက်တွေကို ပြန်ကြည့်၊ ပြန်နားလည်ရေးဟာ အလွန်အရေးကြီးတာပါပဲ။

.

ဃ။ ကောင်းမွန်စွာ ဆက်သွယ်နိုင်ရေး

ကိုယ်ဆိုလိုတာတွေကို ကိုယ့်အနေနဲ့ ကောင်းမွန်စွာ ဆက်သွယ်နိုင်ရေးဟာ နိုင်ငံရေးမှာ လွန်စွာပဲ အရေးကြီးတာပါ။ ဆက်သွယ်ရေးမကောင်းရင်၊ မရှင်းရင်၊ စိတ်မရှည်ရင် လိုတာရဖို့ထက် ရန်စပွားဖို့က ပိုများပါတယ်။ ပြည်သူ့ယုံကြည်မှုလိုချင်တယ်ဆို ဆက်သွယ်ရေးကောင်းဖို့လိုပါတယ်။ တဘက်လူကို ကိုယ့်အမြင်နားလည်စေချင်ရင် ဆက်သွယ်ရေးကောင်းမှ ဖြစ်မှာပါ။ လူထုသဘောတူညီချက်တွေ ရှာဖို့ဆိုရင် ဆက်သွယ်တာ ရှင်းဖို့၊ ပညာရပ်ဆန်ဆန် ဝေါဟာရတွေ ရသမျှ ရှောင်ဖို့၊ စိတ်ရှည်ဖို့က လိုပါတယ်။ အလုပ်ဖြစ်စေချင်ရင် ဆက်သွယ်ရေး ကောင်းရမှာပါ။ လေးစားမှုနဲ့ ဆက်သွယ်တတ်ဖို့၊ နားထောင်တတ်ဖို့၊ ပွင့်လင်းမြင်သာဖို့တွေဟာ အလွန်အရေးကြီးတာပါပဲ။

.

ကိုယ်တိုင်က လူတွေမြင်သာအောင် တချို့အာဏာစက်ကို ချေဖျက်ဖို့ စကားလုံးတွေကို ကျင့်ဝတ်ရှိရှိ၊ မဟာဗျူဟာကျကျ သုံးတာမျိုးလည်း လုပ်လို့ရပါတယ်။ ဥပမာ စစ်တပ်အာဏာစက်ကို ချေဖျက်ဖို့လူထုကို “စစ်ကျွန်” ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးတာဟာ ဒီလိုသဘောပါပဲ။ ဗမာနိုင်ငံရေးကနေ ဆင်းသက်လာပြီး (ဗိုလ်နေဝင်းစုပေးထားတဲ့) မြန်မာနိုင်ငံ တနိုင်ငံလုံး တသားတည်း၊ တမျိုးသားတည်း အယူအဆကို ကြိုက်တဲ့ နိုင်ငံရေးသမားတွေ လူမျိုးစုံ၊ ဒေသစုံမှာ ရှိကြပါတယ်။ ဒီဗမာနိုင်ငံရေး ရေစီးကြောင်းက ထွက်လာတဲ့ ယဉ်ကျေးမှုနဲ့ အင်စတီကျူးရှင်းတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ နယ်မြေကို တိတိကျကျ မသတ်မှတ်ပဲ တနိုင်ငံလုံးမှာ ဒီလိုကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့ ရတယ်လို့ စဉ်းစားတာမျိုးဟာ ပဒေသရာဇ်မှာကတည်းက ရှိရင်းစွဲ ဗမာ့ပင်မအာဏာစက်ကို ဆက်တည်မြဲစေတာမို့ ဒီလိုအာဏာစက်ကို စိန်ခေါ်တဲ့စကားလုံးမျိုးတွေကို (ဥပမာ တခုဆို “ကျည်ထောင်စု”ဆိုတာမျိုး) တီထွင်ခေါ်ဝေါ်တာမျိုးလည်း Resistance ခုခံမှုအတွက် သုံးလို့ရပါတယ်။ 

.

င။ အရပ်ဘက် ဆွေးနွေးဟောပြောချက်များတွင် စနစ်တကျ ပါဝင်နိုင်ရေး

နိုင်ငံရေး ဆွေးနွေးဟောပြောချက်တွေကို နိုင်ငံရေးသမားတွေ ကြားမှာပဲ ထားလို့မရပါဘူး။ နိုင်ငံရေးသမားနဲ့ ပြည်သူဟာ ဆရာဝန်နဲ့ လူနာလို၊ အရောင်းသမားနဲ့ အဝယ်သမားလို ကွဲပြားတဲ့ပုံစံမျိုး ကွဲပြားတာ မဖြစ်သင့်ဘူးလို့ ဂန္ထဝင်လစ်ဘရယ်၊ အသိုက်အမြုံဝါဒီ၊ ကွန်မြူနစ်နဲ့ အုပ်စိုးသူမဲ့ဝါဒီ အများအပြားက လက်ခံကြပါတယ်။ နိုင်ငံရေးကို ပြည်သူတွေ နားလည်တဲ့ ဟောပြောချက်ဆိုတာ ရှိပါတယ်။ ပြည်သူတွေ နားလည်တဲ့ ဇာတ်အိမ်နဲ့ ဟောပြောချက်တွေ၊ ယဉ်ကျေးမှုတွေဟာ တသမတ်တည်း မဟုတ်သလို အမြဲတမ်း ဆက်သွယ်ပြီး နားထောင်ဖို့၊ သတင်းအချက်အလက် ပေးဖို့ လိုပါတယ်။ ဂရုတစိုက် ပြောဆို ဆွေးနွေး ဆုံးဖြတ်တာ Deliberation လုပ်ဖို့လိုတာပါပဲ။ ထိုလို ပြောဆိုဆွေးနွေးနိုင်ဖို့၊ ပါဝင်နိုင်ဖို့ စကားပြောစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်တွေကို ဖြည့်ဆည်းရမှာပါ။ ဒါဟာ နိုင်ငံသားတွေမှာ ရှိကို ရှိရမယ့် စွမ်းရည်တွေလို့ ဂရိတွေလည်း ယူဆခဲ့ကြပါတယ်။

.

အချုပ်အားဖြင့်ဆိုရသော်

ဘာသာစကားဆိုတာ နိုင်ငံရေးရဲ့ အခြေခံအုတ်မြစ်ပါ။ ဘာသာစကားကို ကောင်းစွာ သုံးစွဲတတ်ရင် လူတွေကို အောင်မြင်တာပါပဲ။ တဘက်ကလည်း ကျင့်ဝတ်လိုပါတယ်။ လူတိုင်းကလည်း နိုင်ငံရေးကို အာဏာရှင်တွေ မောင်ပိုင်စီးတာမျိုး မမြင်ချင်ရင် ဘာသာစကားတွေရဲ့ အနောက်ကွယ်က စဉ်းစားချက်တွေကို မြင်နိုင်ဖို့၊ ရောချထွေပြားအောင် လုပ်ပြီး လူတွေကို ကျုံးသွင်းနေတာတွေကို နားလည်ဖို့၊ ယုတ္တိမှားတွေနဲ့ မရပ်ဖို့၊ ဇာတ်အိမ်တွေ ဖုံးကွယ်တာကို မြင်တတ်ဖို့၊ ကိုယ်တိုင် စွမ်းရည်ပြည့်ဝစွာနဲ့ ဘာသာစကား သုံးစွဲနိုင်ရေး ကြိုးစားလေ့လာ တွေးခေါ်ဖို့လည်း လိုပါကြောင်း ဆင်ခြင်သုံးသပ်ရပါတယ်။