• Today is: Sunday, April 14, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် အမျိုးသမီးအခွင့်အရေး (စကားဝိုင်း အနှစ်ချုပ်)

ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် အမျိုးသမီးအခွင့်အရေး (စကားဝိုင်း အနှစ်ချုပ်)

၁) ပြည်သူ့စစ်မှုထမ်းဥပဒေက ဘယ်လို ဥပဒေမျိုးလဲ။ စစ်ကောင်စီအနေနဲ့ ဘာကြောင့် စစ်မှုထမ်းဥပဒေကို ကြေညာတာ ဖြစ်နိုင်ပါသလဲ။  ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

.

နာင်းမို့မို့ – အထွေထွေအတွင်းရေးမှူး ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

လူငယ်တွေကို အကြမ်းဖက်ဖိနှိပ်တဲ့ ဥပဒေလို့တော့ ကျမ မြင်တယ်။ ဒီ ဥပဒေပြဌာန်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာ လူငယ်တွေကို လူမျိုး ဘာသာမခွဲခြားပဲ တရားဝင်အကြမ်းဖက် ဖမ်းဆီးတော့မယ်လို့ မြင်တယ်။ ဒီဥပဒေကို ပြဌာန်းရတာ သူတို့အထိနာလို့ လူအင်အားဆုံးရှုံးလို့ သူတို့ရဲ့ စစ်သားတွေကို နေပြည်တော်ကနေ တိုက်ရိုက် အုပ်ချုပ်လို့ မရတော့လို့ ဒီဥပဒေ ပြဌာန်းရတာလို့ မြင်ပါတယ်။

.

ရဲဘော်ခရု – နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)

ဒီဥပဒေက အခုချိန်မှာ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်မယ့် ဥပဒေလို့ပဲမြင်တယ်။ မြေပြင်ထိုးစစ်မှာ ထိုခိုက်ကျရှံး များနေလို့၊ လူသားဒိုင်းအဖြစ် စာနက်ရိက္ခာတွေ သယ်ဖို့ အတင်းအကြပ် စစ်မှုထမ်းခိုင်းတယ်လို့ပဲ မြင်တယ်။ ဒီလိုလုပ်လိုက်တာ ဗိုလ်ချုပ်ဂွမ်မော် ပြောသလို စစ်ကောင်စီရဲ့ နိဂုံးဖြစ်တယ်။

.

၂) စစ်မှုထမ်းဥပဒေဆိုတာ မြန်မာပြည်အတွက် သင့်လျော်မှုရှိတဲ့ ဥပဒေ ဖြစ်ပါသလား။ အထူးသဖြင့် အခုလို ကာလတွေမှာ ပြဌာန်းတာက တရားဝင်မှု ရှိသလား။

သဉ္ဇာရွှန်းလဲ့ရည် – ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)

ဒီဥပဒေကြောင့် မိခင်တွေ စိတ်သောကရောက်နေကြရပါတယ်။ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့ ပြဌာန်းချက်ကလည်း နောက်ဆက်တွဲ တရားမဝင်ဘူးလို့ ပြောလို့ရတယ်။ ဒီဥပဒေကို အသက်သွင်းလိုက်တာက မြေပြင်မှာ ကြိုက်တာလုပ်ဆိုပြီး ခွင့်ပေးလိုက်သလို ဖြစ်တဲ့ အတွက် ပိုပြီးတော့ ဆိုးရွားဖို့ ရက်စက်ဖို့ ပဋိပက္ခ ပိုများလာဖို့ပဲရှိတယ်။

ပြည်သူ့ စစ်မှုထမ်းဥပဒေ ပြဌာန်းတဲ့ နိုင်ငံတွေထဲက အများစုက မလွတ်လပ်တဲ့ နိုင်ငံတွေ၊ ပြည်သူတွေကို မလေးစားတဲ့ နိုင်ငံတွေက ဒီဥပဒေကို ပြဌာန်းကြတယ်။

.

ရဲမေ Senegal – ဆေးတပ်သား (ကျားသစ်နက်ခွဲ(၃))

စစ်မှုထမ်းဥပဒေဆိုတာ ပြည်ပနိုင်ငံကနေ ကိုယ့်နိုင်ငံကို ကျူးကျော်လာတဲ့အခါ ကာကွယ်ဖို့ အတွက် ကျင်းသုံးတဲ့ ဥပဒေဖြစ်တယ်လို့ သိထားရတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ဒီ ဥပဒေက လိုအပ်တဲ့ ဥပဒေတော့ မဟုတ်ဘူးလို့ မြင်တယ်။ ဒီဥပဒေကို စစ်ကောင်စီကနေ ပြည်သူတွေကို အတင်းအကြပ် လက်နက်အားကိုးနဲ့ လိုက်နာခိုင်းတဲ့ အခြေအနေပဲရှိတယ်။

.

၃) ဒီဥပဒေကြောင့် ဘာတွေအပြောင်းအလဲဖြစ်နေတာ ရှိပါသလဲ။ ပြည်တွင်းက လူငယ်တွေအတွက် ဘယ်လို စိန်ခေါ်မှု တွေ ဖြစ်လာမယ်လို့ ထင်ပါသလဲ။

ရဲဘော်ခရု – နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)

ဒီဥပဒေ ပြဌာန်းပြီးနောက်မှာ ပြည်သူ့ကြားမှာ အတော် ဂယက်ရိုက်သွားတာတွေ့ရတယ်။ ဒီဥပဒေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပြက လူငယ်တွေက ပြည်ပကို တိမ်းရှောင်ဖို့ နဲ့ တချို့ အာဏာရှငိစနစ်ကို တော်လှန်ဖို့ လက်တွေ့ ကျကျ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူငယ်တွေလည်းရှိလာတယ်။ ဒီစစ်မှုထမ်းဥပဒေကို ရှောင်လွဲဖို့ဆိုရင် ကျမတို့ လူငယ်တွေအတွက် သူတို့ တာဝန်ယူထားရတဲ့ မိသားစု စားဝတ်နေရေးကို ဘယ်လို ကုစားကြမလဲဆိုတာ ထည့်သွင်းစဥ်းစားစရာဖြစ်တယ်။

.

ရဲမေ Senegal – ဆေးတပ်သား (ကျားသစ်နက်ခွဲ(၃))

ဒီဥပဒေ ရဲ့ရိုက်ခတ်မှုက ပြည်တွင်းမှာ ရှိတဲ့ လူငယ်တွေပဲ မဟုတ်ဘူး လူငယ်တွေရဲ့ မိဘတွေပါ ရင်ဆိုင်နေရတယ်။ ဒီဥပဒေ ပြဌာန်းလိုက်တာက လူငယ်တွေရဲ့ အခွင့်အရေးကို ဥပဒေနဲ့ ချိုးဖောက်လိုက်တယ်လို့မြင်တယ်။ ဒီဥပဒေက လူငယ်ရော လူကြီးရောကို အခက်အခက်ပိုဖြစ်စေတယ်။ စိတ်ဖိစီးမှုပိုပေးတယ်။ စိတ်ဒုက္ခပေးတဲ့ ဥပဒေ တစ်ရပ်လို့ပဲ မြင်ပါတယ်။

.

၄) စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဘယ်လိုနည်းနာတွေနဲ့ ဆန့်ကျင်သင့်ပါသလဲ။

သဉ္ဇာရွှန်းလဲ့ရည် – ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)

တုန့်ပြန်တဲ့ နည်းလို့ ပြောရင် တမျိုးတည်း တစ်ပုံစံတည်း တုန့်ပြန်ရမယ်လို့ အကြံပြုချက်မပေးဘူး။ အခြေအနေမတူကြတဲ့ အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အ‌ေကာင်းဆုံးတုန့်ပြန်ကြဖို့ အကြံပြုချင်တယ်။ အဲ့ဒိထဲမှာမှ ပြည်သူတွေရဲ့ အာဏာပါဝါကို ပြည်တွင်းထဲမှာ ပြန်တည်ဆောက်တဲ့ လှုပ်ရှားမှု လုပ်ဖို့လိုတယ်။ နောက်တစ်ခုက စည်းရုံးရေးနည်းနာနဲ့ လုပ်ဆောင်ဖို့လိုပါတယ်။ စည်းရုံးရေးနည်းနာက စစ်အုပ်စုရဲ့ လက်ရှိလုပ်ဆောင်နေချက်ကို နှောင့်နှေးသွားအောင်၊ ကျန့်ကြာသွားအောင် လုပ်ဖို့လိုတယ်။ စည်းရုံးရေးမှာ စစ်ရေးရော နိုင်ငံရေးရော စည်းရုံးဖို့လိုတယ်။ လူငယ်တွေရဲ့ အုပ်စုအပေါ် တုန့်ပြန်ချက်ကိုလည်း နားလည်ပေးဖို့ လက်ခံပေးဖို့လိုတယ်။

.

၅) စစ်ကောင်စီက အတင်းအကြပ် စစ်မှုထမ်းဥပဒေကို ကျင့်သုံးလာမယ်ဆိုရင် ပြည်တွင်းက စွန့်ခွာလာမယ့် လူငယ်တွေကို ဘယ်လိုအကြံပြုတိုက်တွန်းချင်လဲ။

နာင်းမို့မို့ – အထွေထွေအတွင်းရေးမှူး ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

လူငယ်တွေကတော့ ပုံစံအမျိုးမျိုးနဲ့ ရှောင်မှာပဲ။ ဒီဥပဒေက လူငယ်တိုင်းအပေါ်မှာ သက်ရောက်နေတဲ့ ဥပေဒဖြစ်တယ်။ လူငယ်တွေကလည်း အဖက်ဖက်ကနေ ပုံစံမျိုးစုံနဲ့ တော်လှန်ရေးမှာ ပါဝင်လို့ရတယ်။ လွတ်မြောက်နယ်မြေတွေ ရောက်သွားပြိးဆိုရင်လည်း တော်လှန်ရေးကို ပြန်လည်ပံ့ပိုးဖို့လိုတယ်။ ကျမအနေနဲ့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ လူငယ်တွေကို ရောက်ရာနေရာမှာ ပုံစံမျိုးစုံနဲ့ တော်လှန်ရေးကိုလုပ်ဆောင်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

.

ရဲမေ Senegal – ဆေးတပ်သား (ကျားသစ်နက်ခွဲ(၃))

စွန့်ခွာတဲ့ ပုံစံနှစ်မျိုးရှိတာပေါ့။ ပြည်ပကို ထွက်ခွာတာလား။ လက်နက်ကိုင်လမ်းစဥ်ကို ရွေးလားပေါ့။ ပြည်ပကိုထွက်ခွာတယ်ဆိုရင် ကိုယ့်နိုင်ငံက အာဏာရှင်လက်အောက်မှာ ရှိနေတုန်း ဖြစ်တဲ့ အတွက် ရတဲ့ နေရာကနေ ရတဲ့ နည်းနဲ့ ပြန်လည်ကူညီဖို့ အကြံပြုချင်ပါတယ်။ လက်နက်ကိုင်လမ်းစဥ်ကို လာမယ့်လူငယ်တွေအနေနဲ့က စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြင်ဆင်ခဲ့ဖို့နဲ့ ကိုယ်သွားမယ့် အဖွဲ့ရဲ့ အကြောင်းကို သေချာလေ့လာခဲ့ဖို့ အကြံပြုချင်ပါတယ်။

.

၆) စစ်မှုထမ်းဥပဒေက အမျိုးသမီးတွေအတွက် ဘယ်လို သက်ရောက်မှုရှိပါသလဲ။

ရဲဘော်ခရု – နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)

စစ်မှုထမ်းဥပဒေထဲမှာ ရှောင်လွှဲခဲ့ရင် ပြစ်ဒဏ်ချခံရနိုင်တယ်ဆိုတာပါတယ်။ ဒီဥပဒေ ပြဌာန်းပြီးမှ အမျိုးသမီး တွေက သူတို့ စိတ်ဆန္ဒအရ အိမ်ထောင်ပြုခဲ့မယ်ဆိုရင်တောင် အရေးယူအပြစ်ပေးလို့ရတယ်ဆိုတဲ့ သဘောဖြစ် နေတယ်။ ကျမအနေနဲ့ကတော့ ဒီဥပဒေက အမျိုး သမီး သမျိုးသားဆိုတဲ့ အပေါ်ခွဲခွဲခြားခြား ထိခိုက်တာမျိုး မဟုတ်ပဲ လူငယ်အားလုံးကို မျှော်လင့်ချက် ကင်းမဲ့သွားစေတယ်လို့ပဲ ဆိုရမယ်။

အမျိုးသမီးတွေအနေနဲ့ဆို အသက်မပြည့်သေးပဲ စစ်မှုထမ်းဥပဒေကို ရှောင်ပြေးချင်တာကြောင့် ပြည်ပမှာ အသက်မပြည့်သေးပဲ အလုပ် လုပ်ကိုင်နေရတာတွေ တွေ့ရတယ်။

.

၇) လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီဥပဒေက လူ့အခွင့်အရေးကို ဘယ်လောက်အထိ ချိုးဖောက်နေပါသလဲ။

သဉ္ဇာရွှန်းလဲ့ရည် – ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)

အမျိုးသမီး ရှု့ထောင့်ကနေကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုက အားလုံးကို သက်ရောက်မှုရှိတယ်။ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညိုးနွမ်းစေတာမှန် သမျှက လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။ လူငယ်တွေကို ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ စစ်မှုထမ်းရမယိဆိုတာ လူသားတွေကို ရွေးချယ်မှု မပေးပဲ ဥပဒေပြုတယ်ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာပဲ။

အဲ့ဒီနောက်ဆက်တွဲမှာ အတင်းအကြပ် အိမ်ထောင်ပြုရတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတာကြောင့် လူကုန်ကူးမှုတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် မှုတွေကြားမှာ အမျိုးသမီးထုက သားကောင်ဖြစ်လာနိုင်တယ်။

.

၈) ဒီဥပဒေထုတ်ပြန်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် ခိုးဝင်မှုတွေ ပိုမိုမြင့်တက်လာတာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး နောက်ဆက်တွဲအကျိုးဆက်တွေကို တွေ့ကြုံရနိုင်ပါသလဲ။

နာင်းမို့မို့ – အထွေထွေအတွင်းရေးမှူး ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

ဒီဥပဒေရဲ့ နောက်ဆက်တွဲ က ပြည်ပကို တရားမဝင်ထွက်လာကြတဲ့ လူငယ်တွေ လမ်းမှာ ပျောက်သွားတာတွေ ကြုံရတယ်။ အိမ်နီးနိုင်ငံကို ခိုးဝင်လာမယ်ဆို ငွေကြေးလိမ်လည်ခံရမှုတွေ၊ လာဘ်စားမှုတွေ ကြုံတွေ့ရနိုင်တယ်။ ပြည်ပကိုရောက်ခဲ့ရင်လည်း တရားမဝင်နေရတာဖြစ်တဲ့အတွက် ပြည်ပနိုင်ငံတွေရဲ့ ဥပဒေအရ အရေးယူတာ ခံရနိုင်တယ်။ တရားမဝင်နေထိုင်ရတာဖြစ်တဲ့ အတွက် ဖိနှိပ်ချုပ်ချယ်တာတွေ၊ လုပ်ခလစာမရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ အပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေပါ ကြုံတွေရနိုင်တယ်။

.

၉) လက်ရှိတော်လှန်ရေးကာလမှာလည်း အမျိုးသမီးပါဝင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ပြောဆိုနေကြတဲ့ အပေါ်မှာ လက်ရှိ အနေအထားက ဘယ်လို ပုံစံဖြစ်နေပါသလဲ။

သဉ္ဇာရွှန်းလဲ့ရည် – ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)

အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲကို ပြောတဲ့ အခါမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်က အရေးကြီးတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ အခင်းအကျင်း ကို ဖန်တီးပေးနေသလားဆိုတာလည်း မေးခွန်းထုတ်ရမယ်။

လက်ရှိအနေအထားမှာဆိုရင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွေက အမျိုး သမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်နေတာတွေရှိတယ်။ တော်လှန်ရေးကာလမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက တိုးတက်လာတယ်ဆိုပင်မဲ့ ဒီထက်ပိုပြီး ကြိုးစားဖို့လိုသေးတယ်။

.

ရဲမေ Senegal – ဆေးတပ်သား (ကျားသစ်နက်ခွဲ(၃))

ပါဝင်မှုမှာဆိုရင် အမျိုူသမီးတွေရဲ့ ပါဝင်မှုက အရမ်းအားရဖို့ကောင်းတယ်။ ပါဝင်မှု အားကောင်း သလောက် ဆုံးဖြတ်ခွင့်ကတော့ အခုချိန်အထိကို အားရလောက်တဲ့ အနေအထားမဟုတိဘူး။ ဆုံးဖြတ်ခွင့်ရရှိမှုတွေက ကျေနပ်လောက်တဲ့ အထိ အခြေအနေမရှိသေးဘူးလို့ မြင်ပါတယ်။

.

၁၀) နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးပါဝင်ဆုံးဖြတ်ခွင့်ရရှိရေးက ဘယ်လောက်အရေးကြီးပါ သလဲ။ ဘယ်လိုမျိုး မြှင့်တင်ရမလဲ။

နာင်းမို့မို့ – အထွေထွေအတွင်းရေးမှူး ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

အမျိုးသမီးပါဝင်မှု အရေးကြီးတယ်ဆိုတာကို ၃ ချက်လောက် ကျမပြောချင်ပါတယ်။ အမျိုးသမီးတွေက အဖိနှိပ်ခံ အကြမ်းဖက်ခံ လူတန်းစားထက်ကျော်မြင်ပြိးတော့ အမျိုးသမီးတွေကို ငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ်။ ဒိမိုကရေစီဖော်ဆောင်နိုင်တယ်။ ပထမဆုံး အသိအမှတ်ပြုဖို့လိုတယ်။ ဒုတိယ တစ်ချက်က မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။

ထက်ဝက်ကျော်တဲ့ သူတွေရဲ့ အသံတွေ စွမ်းဆောင်ရည်တွေ ၊ သူတို့အတွက် ဥပဒေတွေ မရှိပဲနဲ့ ကျမတို့က ငြိမ်းချမ်းပြီး တရားမျှတ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကို ရမှာ မဟုတ်ဘူး။ နံပါတ် ၃ အချက်က နိုင်ငံတော်ကို ပြန်လည် တည်ဆောက်တဲ့ ကဏ္ဍ တိုင်းကို ပြုပြင်ပြောင်းလဲရေးလုပ်ရတာ။ အဲ့လို ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ ဆီမှာ အမျိုးသမီးတွေ မပါဝင်ဘူးဆိုရင် အမျိုးသမီးတွေအတွက် Justice ဖြစ်လာပါ့မလား။ အမျိုးသမီးတွေရဲ့ ပါဝင်မှုလို့ပြောရင် နားလည် လက်ခံဖို့လိုတယ်။

.

ရဲဘော်ခရု – နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)

နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တာပေါ့။ ဒီထက်ဝက်ကျော် အမျိုးသမီးတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးဖို့က အမျိုးသမီးကိုယ်စားလှယ်တွေက အမျိုးသားတွေနဲ့ တန်းတူရှိနေဖို့လိုအပ်တယ်။ ဒီတော်လှန်ရေး ကာလမှာပင် ကျမတို့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီး ကာယ ဥာဏ အားနဲ့ တိုက်ပွဲဝင်နေတာ တွေ့ရလိမ့်မှာဖြစ်တယ်။

အမျိုးသမီးတွေက တော်လှန်ရေးမှာပါဝင်ပင်မဲ့ နိုင်ငံရေးအရ စိတ်ဝင်စားမှုအားနည်းနေသေးတယ်။ အမျိုးသမီးငယ် တွေကို နိုင်ငံရေး အသိပညာတွေ တိုးပွားလာအောင် လှုပ်ရှားမှုတွေကို တစိုက်မတ်မတ်နဲ့ ကြိုးစားဆောင်ရွက်ဖို့ လည်း လိုပါတယ်။

.

၁၁) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ အမျိုးသမီးပါဝင်မှုကို အလေးမထားဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာနိုင်သလဲ။

ရဲမေ Senegal – ဆေးတပ်သား (ကျားသစ်နက်ခွဲ(၃))

ကျမတို့က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုသွားဖို့ ဦးတည်နေတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး စီးပွားရေး ပါဝင်မှုနဲ့ တန်းတူညီမျှ အခွင့်အရေး ကို အညီအမျှ အသုံးချဖို့လိုတယ်။ အဲ့အခွင့်အရေးတွေကိုသာ အလေးမထားဘူးဆိုရင် ကျမတို့သွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီလည်း ရမှာမဟုတ်ဘူး။ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ဖယ်ထားမယ်ဆိုရင် လုပ်နိုင်စွမ်းအပြည့်အဝ အရပြီး အပြည့်အဝ အသုံးချနိုင်တဲ့ နိုင်ငံဖြစ်မှာမဟုတိဘူး။

.

နာင်းမို့မို့ – အထွေထွေအတွင်းရေးမှူး ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

အမျိုးသမီးပါဝင်မှုကို အလေးမထားဘူးဆိုရင် ပထမတစ်ချက်က တော်လှန်ရေးကို နှောက်နှေးစေပါတယ်။ နောက်တစ်ချက်က ကျမတို့ သွားနေတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရရှိဖို့အတွက် အလှမ်းဝေးစေတယ်။

နိုင်ငံရေး စိးပွားရေးတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက လစ်လျှူရှူမယ့်ဆိုရင် အမျိုးသမီးတွေက သူတို့အတွက် မတရားဘူးဆိုတဲ့ ခံစားချက်ကို ရလာလိမ့်မယ်။ ဒီလို အဖိနှိပ်ခံရမှု ခွဲခြားဆက်ဆံ ခံရမှုကို ပြန်တော်လှန်လာလိုစိတ်တွေဖြစ်ပေါ်လာလိမ့်မယ်။

.

ရဲဘော်ခရု – နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)

အမျိုးသမီးတွေကို နိင်ငံရေးအရ အလေးမထားဘူးဆိုရင်တော့ ကျမတို့အမျိုး သမီးတွေရဲ့ နိုင်ငံရေး အခန်း ကဏ္ဍ မှာ ခေတ်နောက်ပြန်ဆွဲ သလိုဖြစ်နေမယ်။ လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း လျော့ချသလိုဖြစ်နေမယ်။ စီးပွားရေးမှာဆိုရင်လည်း အမျိုးသားတွေရဲ့ ကာယ လုပ်အားကိုပဲ အမှီပြုနေတာမဟုတ်ပဲ အမျိုးသမီးတွေရဲ့ ကာယ ဥာဏတွေကိုပါ မြှင့်တင်နေဖို့ လိုပါတယ်။

အမျိုးသမီးတွေက လူ့အဖွဲ့အစည်းနဲ့ အမျိုးသားတွေထက် ထိတွေ့ဆက်ဆံမှုတွေရှိတယ်။ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်မျှတဲ့ လူ့အဖွဲ့အစည်း အတွက် အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍ က တော်တော်ကြီးမားတ ယ်လို့ မြင်ပါတယ်။

.

သဉ္ဇာရွှန်းလဲ့ရည် – ဦးဆောင်ကော်မတီအဖွဲ့ဝင် (Sisters to Sisters)

အရှေ့က ညီမ ၃ ယောက်ရဲ့ ဆွေးနွေးချက်ကို ထောက်ခံတယ်။ နားထောင်နေတဲ့သူတွေအနေနဲ့ ရှေ့က ညီမ ၃ ယောက်ဆွေးနွေးပေးသွားတာကို ပြန်ပြီး နားထောင်ပေးပါလို့ မေတ္တာရပ်ခံချင်တယ်။