• Today is: Saturday, April 13, 2024

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ထိန်မောင်နော်တောင် | သတင်းဆောင်းပါး

အပိုင်း (၁)

 “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဆိုသည့် စစ်တပ်၏ အဆက်ဆက် လက်သုံးစကားသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လူထုကြားတွင် ပြက်ရယ်ပြုသံတစ်ခုသာ ဖြစ်လာလေ၏။

.

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ဆယ်စုနှစ်တစ်ခု ဒီမိုကရေစီစနစ်ဆီ ဦးတည်နေချိန် အရပ်သားအစိုးရထံမှ မတရား အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အမှောင်ထုထဲသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ကျရောက်ခဲ့ပြန်သည်။ ထိုသို့အာဏာသိမ်းပြီး တစ်ပတ်မပြည့်မီ အချိန်မှာပင် စစ်တပ်သည် ကြီးမားသည့် ပြည်သူလူထု၏ တုန့်ပြန် ဆန့်ကျင်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရတော့သည်။

.

အကြိမ်ကြိမ်အာဏာသိမ်းမှု ပြုလုပ်ခဲ့သည့် စစ်တပ်အတွက်မူ ဤသို့ လူထုဆန့်ကျင်မှုသည် ၎င်းတို့အတွက် အထူးအဆန်း မဟုတ်ဟု မှတ်ယူကာ အကြမ်းဖက်နှိမ်နင်းရုံဖြင့် ပြန်လည်ထိန်းသိမ်းနိုင်မည်ဟု ယူဆဟန်ရှိ၏။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသကဲ့သို့ ဖြစ်ခဲ့လေ၏။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး မြန်မာပြည်အနှံ့ ပြည်သူ့ခုခံ ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး ရရာလက်နက်ဖြင့် စတင်တော်လှန်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ အချို့သော ခေတ်ပညာတတ် လူငယ်များကမူ ၎င်းတို့နှင့်နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများထံ သွားရောက်ကာ စစ်ပညာသင်ယူခဲ့၍ စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာပြည်အနှံ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်‌ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အများအပြား ပေါ်ထွက်လာလေသည်။ ဤသည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၎င်း၏ စစ်တပ်အတွက်သာမက မြန်မာစစ်တပ်အင်စတီကျူးရှင်း တစ်ခုလုံး အတွက်ပင် သမိုင်းတွင် တစ်ကြိမ်တခါမျှ မကြုံဖူးသည့် ကြီးမားသော စိန်းခေါ်မှုနှင့် ကြမ္မာဆိုး ကျရောက်ခဲ့မှု အစပင် ဖြစ်လေတော့၏။

.

ထိုသို့ ပြည်တွင်းတွင် အကျပ်အတည်း စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသည့် စစ်ကောင်စီသည် နိုင်ငံတကာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်းကိုပါ ရင်ဆိုင်ခဲ့ရသည်။

လက်ရှိ နွေဦးတော်လှန်ရေး သုံးနှစ်အတွင်းသို့ ရောက်ရှိလာချိန်တွင် နိုင်ငံအနှံ့ ပြည်သူလူထု၏ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး စစ်ရှုံးနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၎င်း၏စစ်တပ်သည် အမှန်တကယ်ကျဆုံးဖို့ အချိန်ရောက်လာပြီလား…. ဆိုသည့် မေးခွန်းသည် လူအများစိတ်ဝင်စားနေသည့် မေးခွန်းပင်ဖြစ်သည်။ ထိုအခြေအနေများကို မိမိတစ်ဦးတစ်ယောက်၏အမြင်အားဖြင့် ထုတ်နှုတ် သုံးသပ်ပါမည်။

.

၁။ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အိပ်မက်

အရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူပြီးချိန်ကစပြီး လက်ရှိသုံးနှစ်ပြည့်သည့် အချိန်ထိတိုင် မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်ကြည့်လျင် ၎င်းတို့၏ အာဏာသက်ရောက်သည့် ဒေသသည် နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းခန့်လောက်မျှဖြင့် ယန္တရားလည်ပတ်နိုင်သည်ကိုတွေ့ရသည်။ ထိုဒေသများတွင်ပင် အကြောက်တရားဖြင့် ဖိနိုပ်ချုပ်ချယ် အုပ်ချုပ်နေရပြီး ၎င်းတို့သည်ပင် နေ့စဉ်စိုးရိမ်ထိတ်လန့်မှုနှင့် နေထိုင် နေရသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် သူ့စစ်တပ်ကြီးသည် နေရာတိုင်းတွင် လုံခြုံမှုကင်းမဲ့ နေရသည်။

.

ထိုသို့ အဖက်ဖက်တွင် ကျဆုံးနေပြီး အထီးကျန်နေရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ၎င်း၏ စစ်တပ်ကြီးသည် အာဏာဆက်လက်တည်မြဲရေး နည်းလမ်းမျိုးစုံဖြင့်ကြိုးစားလာသည်။ အထူးသဖြင့် ၎င်းတို့၏ နိုင်ငံရေးထွက် ပေါက်ဖြစ်ဖို့အတွက်သာမက နိုင်ငံတကာမျက်နှာစာတွင် ဝင်ဆန့်နိုင်ရန် ၎င်းတို့၏ စည်းရုံးထားသော လက်အောက်ခံ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် တဖွဖွ ပြောဆိုလာသည်။ ထို့အပြင် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေဖို့ဟုဆိုကာ ယခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၎င်း၏ နှစ်သစ်ကူး မိန်းခွန်းတွင် ထည့်သွင်းပြောဆိုသည်ကို တွေ့ရသည်။

.

“၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန်ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မယ့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်”

.

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်း သုံးနှစ်ပြည့်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တချို့အား ဖြေလျော့၍ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ဥက္ကဋ္ဌ ကိုလည်း အသစ်ပြောင်းလဲခန့်အပ်ခဲ့သည်။

.

သို့သော် အဖက်ဖက်က ချွတ်ချုံကျကာ လူထုဘဝလုံခြုံမှု ကင်းမဲ့နေပြီး နိုင်ငံအနှံ့ နေ့စဉ် ဗုံးသံ၊ သေနတ်သံများဖြင့် ပြည့်နက်နေသည့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေနေသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင် ပြောသကဲ့သို့ “လွတ်လပ် ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ” ကျင်းပဖို့ဆိုသည် မဖြစ်နိုင်ပေ။ ပြည်သူလူထု အနေနှင့်လည်း လက်ရှိအချိန်တွင် မည်သို့မျှ ရွေးကောက်ပွဲကို စိတ်ဝင်စားမည် မဟုတ်ပေ။ ထို့အတွက်ကြောင့် စစ်ကောင်စီ၏ အာဏာဆက်လက်တည်မြဲရေး ရွေးကောက်ပွဲအိပ်မက်ကို အကောင်အထည် ဖော်လာနိုင်ရန် အလွန်ပင် ရာခိုင်နှုန်းနည်းနေသည်ဟု ဆိုရပါမည်။

.

၂။ စစ်ကောင်စီနှင့် နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းယူပြီးချိန်ကစပြီး ယနေ့အချိန်ထိ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် စစ်ကောင်စီသည် လောက်လောက်လားလား အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် ရုရှား တို့လို အချို့နိုင်ငံ အနည်းငယ်နှင့်သာ စီးပွားရေး၊ သံတမန်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်ကို တွေ့ရသည်။ ယင်းနိုင်ငံများသည်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက်ကြောင့်သာ မဖြစ်မနေ ဆက်ဆံနေရသည့် သဘောမျိုးပင် ဖြစ်သည်။

.

ကုလသမဂ္ဂအတွင်း ကိုယ်စားပြုခွင့်ရဖို့ စစ်ကောင်စီအနေဖြင့် အသည်းအသန် ကြိုးပမ်းနေသော်လည်း ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် ကိုယ်စားပြုခွင့်မရရှိခဲ့ပေ။ ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အား ကိုယ်စားပြုသော အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ရုံးစိုက်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနတို့သည် ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နေရာ ရရှိဖို့ အပြိုင် အဆိုပြု တင်သွင်းခဲ့ကြောင်းသိရ သည်။ သို့သော် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နိုင်ငံအသီးအသီး ကိုယ်စားလှယ် ရွေးချယ်ရေး Credential ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ကျင်းပခဲ့သည့် အစည်းအဝေးတွင် မြန်မာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့၏ ကိုယ်စားပြုမှု အရေးကို ဆိုင်းငံ့ထားဖို့ရန် Credential ကော်မတီဥက္ကဌ Ms. Jane Mugafalu Kabui က အဆိုပြုခဲ့ပြီး မဲခွဲခြင်းမရှိဘဲ အတည်ပြုခဲ့သည်။

.

ထိုသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံလိုက်သည့်အတွက်ကြောင့် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် ကိုယ်စားပြုခွင့်ရ နေမည်ဖြစ်သည်။ ဦးကျော်မိုးထွန်းသည် စစ်တပ်အာဏာသိမ်းလိုက်ပြီးချိန်ကစ၍ စစ်ကောင်စီအား ကိုယ်စားမပြုဘဲ NLD အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကိုသာ ကိုယ်စားပြုကြောင်း ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၂၆ ရက်နေ့ ကုလသမဂ္ဂ အစည်းအဝေးတွင် တရားဝင်ပြောဆိုထားပြီးဖြစ်သည်။

.

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း စစ်ကောင်စီအား မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများရပ်တန့်ရန်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့ တောင်းဆိုချက်တရပ်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်လိုက်သည်ကို တွေ့ရှိရသည်။ ဤသို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းအပေါ်  စစ်ကောင်စီဖက်က မြန်မာနိုင်ငံ၏ အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်ပြီး ထိုသို့ ဆုံးဖြတ်ချက်ချခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် မညီညွတ်သည့်အပြင် မြန်မာ့ပြည်တွင်းရေး ကိစ္စရပ်များအား ဝင်ရောက်စွက်ဖက်ရာရောက်ကြောင်း မကျေမနပ် တုန့်ပြန်သည်ကို တွေ့ရသည်။

.

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်ကစပြီး ပထမဆုံးအကြိမ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်ပြီး ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် တရုတ်နှင့် ရုရှားတို့ကပါ ကန့်ကွက်ခဲ့ခြင်းမပြုသည်ကိုတွေ့ရ၏။

အလားတူ အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံတွင်လည်း မြန်မာကိုယ်စားပြုခွင့် ရပ်ဆိုင်းထားပြီး အာဆီယံ အစည်းအဝေးများတွင်လည်း တက်ရောက်ခွင့် ပိတ်ပင်ခံထားသည်။ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ခဲ့သည့် ဂျာကာတာ အစည်းအဝေးတွင် (၁) အကြမ်းဖက်မှုများ ချက်ခြင်းရပ်ရေး (၂) သက်ဆိုင်သူများ တွေ့ဆုံ ဆွေးနွေးရေး (၃) ယင်းကဲ့သို့ ဒိုင်ယာလော့ဂ်များ ဖြစ်လာရန် အာဆီယံ အထူးသံက ကြားဝင် ညှိနှိုင်းပေးရေး (၄) အာဆီယံကတဆင့် စာနာမှု အကူအညီများပေးရေးနဲ့ (၅) အာဆီယံ အထူးသံ မြန်မာပြည်သို့ လာပြီး သက်ဆိုင်သည့် အဖွဲ့တွေအားလုံးနှင့် တွေ့ဆုံရေး ဆိုသည့် ဘုံသဘောတူညီသည့် မူ ၅ ချက် ချမှတ်ခဲ့သည်။ သို့သော် စစ်ကောင်စီအနေဖြင့် ထိုသဘောတူညီချက် တခုကိုမျှ လက်ရှိအချိန်ထိ ကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

.

ယင်းနောက်ပိုင်းတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ၌ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးများအား အာဆီယံက ဖိတ်ကြားခြင်းမပြုတော့ဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များကို အစားစေလွှတ်ရန် မူဝါဒချမှတ်ခဲ့၏။ သို့သော် အချို့သော အာဆီယံအစည်းအဝေးသို့ စစ်ကောင်စီ၏ အဆင့်နိမ့်ကိုယ်စားလှယ်များ တက်ရောက်နေသည်ကို တွေ့ရသည်။

.

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီး ညီလာခံမှ ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးနေရာအား ဖိလစ်ပိုင် နိုင်ငံမှ လွှဲပြောင်းရယူ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြည်တွင်းပြည်ပ သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်ကို တွေ့၏။ ထိုသို့ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ အစိုးရဟု မှတ်ယူနေသည့် စစ်ကောင်စီ အတွက်သည် အရှက်ရဖွယ်ဖြစ်လေသည်။  ထို့အပြင် အာဆီယံသည် မြန်မာနိုင်ငံအရေးအား ကိုင်တွယ်ဆောင်ရွက်ရန် ဘုံသဘောတူညီချက်အတိုင်း ဆက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောဆိုခဲ့သည်။

.

ယခုကဲ့သို့ ပြည်တွင်းအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန် နိုင်ငံတကာ၌ မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် ကိစ္စရပ်များပြောဆိုခွင့် မရရုံသာမက ကိုယ်စားပြုခွင့်ပါ ပိတ်ပင်ခံထားရသည့် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက်မူ တစ်ပူပေါ် နှစ်ပူဆင့် ဆိုကဲ့သို့ ကြီးမားသည့် ထိုးနက်ချက်တခုပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများအတွက်မူ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ရန် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ အားအင် ဖြစ်စေမည်မှာ အမှန်ပင်ဖြစ်သည်။

အပိုင်း ၂ ဆက်လက် ဖော်ပြမည်။