• Today is: Sunday, April 14, 2024

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော – ၂

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော – ၂

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ထိန်မောင်နော်တောင် | သတင်းဆောင်းပါး

အပိုင်း (၂)

၃။ စစ်ကောင်စီနှင့် ပြည်သူ့စစ်၊ BGF ကဏ္ဍ

ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ခေါ် BGF တို့သည် မြန်မာစစ်တပ်၏ အဓိက ထောက်တိုင် အရန်အင်အားအဖြစ် အားကိုးအားထားရသည့် အဖွဲ့အစည်းများပင်ဖြစ်သည်။ ၎င်းအဖွဲ့အစည်းတို့အား စစ်တပ်မှ အလယ်အလတ် လက်နက်များ တပ်ဆင်ပေးထားပြီး မြန်မာစစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေးများအကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကူအဖြစ် ရှေ့တန်းစစ်မြေပြင်သို့၌ ပူးပေါင်းတိုက်ပွဲဝင်စေသည်။ မြန်မာစစ်တပ်သည် ၎င်းအဖွဲ့အစည်းများအား စီးပွားရေးမက်လုံးပေးကာ ၎င်းတို့၏ နယ်မြေအတွင်း စိတ်ကြိုက် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း၊ လောင်းကစား (ကာဆီနို) ရုံများ ဖွင့်လှစ်ခွင့်ပေးခြင်း၊ ပြည်သူလူထုအပေါ် မတရားဆက်ကြေးကောက်ခြင်း စသည့် အခွင့်ရေးများပေးကာ မွေးစားထားသည့် အိမ်မွေးကြက်သဖွယ်သာ ဖြစ်သည်။

.

ပြည်သူ့စစ်နှင့် နယ်ခြားစောင့် (BGF) တပ်ဖွဲ့များသည် လူမျိုးစုတိုင်းရင်းသားဒေသတို့တွင် အများဆုံးရှိနေသည်ကို‌ တွေ့မြင်နိုင်သည်။ အချို့အဖွဲ့အစည်းတို့သည် ယခင်က မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည့် လူမျိုးစု တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ ၎င်းတို့ အဖွဲ့အစည်းကြားက သဘောထားကွဲလွဲမှုကြောင့် သော်လည်းကောင်း၊ လူမျိုးစု အချင်းချင်းကြား မြန်မာစစ်တပ်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် သော်လည်းကောင်း မိခင်အဖွဲ့အစည်း အသီးသီးထံမှ နှုတ်ထွက်ခဲ့၍ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူကာ မြန်မာစစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် (BGF) များ အဖြစ် အသွင်ပြောင်းခံလိုက် ခြင်းဖြစ်သည်။ သို့သော် ယင်းအဖွဲ့အစည်းများ၏ စိတ်နှလုံးထဲတွင်မူ ကိုယ့်အမျိုးသားရေးနှင့် သက်ဆိုင်လာပါက ၎င်းတို့၏ အသွေးအသားထဲမှ ပေါက်ဖွားလာသည့် မျိုးချစ်စိတ်ကို ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။

.

ထိုအခြေအနေများကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းတွင် လက်တွေ့ကျကျ ထင်ထင်ရှားရှား တွေ့မြင်လာရသည်။

.

သို့သော် သတိထားရမည့် အချက်တခုသည် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလူမျိုးစု ဒေသတွင်း ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းရန် ခက်ခဲနေသော်လည်း လူမျိုးစုအချင်းချင်းကြား လူမျိုးရေးပဋိပက္ခများ ဖန်တီးလာခြင်းကိုမူ သတိချပ်ရန် လိုမည်ဖြစ်သည်။ ထို့အပြင် ပြည်မဒေသ အချို့တွင်လည်း ၎င်းတို့လက်အောက်ခံ ကြံ့ခိုင်ရေးပါတီဝင်များနှင့် အစွန်းရောက် (မဘသ) ဘုန်းကြီးများ ဦးဆောင်ကာ ပျူစောထီးခေါ် ပြည်သူ့စစ်များ ဖွဲ့စည်းပြီး အရန်တပ်အဖြစ်သာမက ရှေ့တန်း စစ်မြေပြင်များမှာပါ ဝင်ရောက်တိုက်ခိုက်နေသည်ကိုတွေ့ရ၏။

.

(က) ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)

လက်ဝဲ အယူဝါဒအား ယုံကြည်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) သည် ၁၉၇၈ ခုနှစ်မှာ ကရင်နီပြည် တိုးတက်ရေးပါတီ KNPP နှင့် နိုင်ငံရေး သဘောထား မတိုက်ဆိုင်သောကြောင့် သီးခြားရပ်တည်လာခဲ့သည့်အဖွဲ့ဖြစ်ပြီး ယခု နွေဦးတော်လှန်ရေးတွင် ပါဝင်လာသည်။

.

၂၀၂၃ ခုနှစ် ဇွန်လ ဆန်းပိုင်းမှစပြီး မယ်စဲ့မြို့နယ်၊ ပန်တိမ်း အခြေစိုက် BGF တပ်ရင်းအမှတ် ၁၀၀၄ သည် မူလအဖွဲ့အစည်း ဖြစ်သည့် KNPLF (4878) တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်း အမှတ် (၁၀၀၅) သည် မူလအတိုင်း KNPLF (7894) တပ်ရင်း အဖြစ်လည်းကောင်း ပြန်လည်ရပ်တည်ကာ အလံ၊ ယူနီဖောင်း၊ ဘက်တံဆိပ်များ ပြောင်းလဲတပ်ဆင်ခဲ့ကြသည်။ ထို့အတူ ဇွန်လ ၁၄ ရက်မှစ၍ ကလလတသည် ၎င်းတို့၏ ဌာနချုပ်အခြေစိုက်ရာ ဟိုစဲမြို့သစ်ဝန်းကျင်မှ စစ်ကောင်စီ၏ မယ်စဲမြို့မ ရဲစခန်း၊ ဗျူဟာကုန်း၊ နှင့် ထိုင်းမြန်မာ နယ်ခြားအမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး နယ်ခြားစောင့်တပ် အမှတ် (၁၀၀၄) နှင့် (၁၀၀၅) တပ်ရင်းဌာနချုပ်စခန်း ၂ ခုကိုလည်း တစ်ပြိုင်နက်တည်း စီးနင်းထိန်းချုပ်ကာ မယ်စဲ့မြို့တခုလုံးကို ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

.

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုအား ပြန်လည်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေဖြင့် တရားဝင် ကြေညာခဲ့သည်။

.

“အကြမ်းဖက်(စကစ)စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြတဲ့ တော်ပေါ်မြေပြန့်ဒေသအနှံ့က ရဲဘော်များ တိုက်ဖော်တိုက်ဖက်များ ခင်ဗျား…ခင်ဗျားတို့နဲ့အတူ တန်းတူရင်ဘောင်တန်းပြီး အကြမ်းဖက်(စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကျနော်တို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တရားဝင်အသိပေးကြေညာအပ်ပါတယ်” “စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို အကုန်စင်တိုက်ဖျက်ပစ်နိုင်မှသာ ကျနော်တို့အားလုံး မျှော်မှန်းတောင့်တ လိုလားနေကြတဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်တောင်စု (ဝါ) စစ်မှန်တဲ့ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် အခြေခံကောင်းတွေ ပေါ်ပေါက်လာနိုင်မှာလည်းဖြစ်ပါတယ်”

.

လက်ရှိအချိန်တွင်လည်း ကရင်နီပြည်ရှိ အခြားသောတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကောင်စီအား ဆက်လက်တော်လှန် တိုက်ခိုက်နေဆဲဖြစ်သည်။

.

ကလလတ သည် ၁၉၇၈ ခုနှစ် တွင် ကရင်နီပြည် တိုးတက်ရေးပါတီ KNPP မှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နဝတ-နအဖ စစ်အစိုးရမှ ဗိုလ်ချုပ်ခင်ညွန့် တို့နှင့် အပစ်အခတ် ရပ်စဲရေးသဘောတူခဲ့ကာ တိုင်းရင်းသား EAO အဖွဲ့ အဖြစ်ရပ်တည်လာခဲ့ခြင်းမှသည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

.

(ခ) ရှမ်းမြောက်ရှိ ပြည်သူ့စစ်တပ်များနှင့် နယ်ခြားစောင့်တပ်(BGF) များ

မြန်မာပြည်အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အများဆုံးဒေသသည် ရှမ်းပြည်နယ် ဖြစ်သည်။ မြို့တစ်မြို့ ရွာတစ်ရွာတွင် လူအင်အား ၂၀ ဝန်းကျင်ခန့်အား စည်းရုံးစုစည်းနိုင်ပါက မြန်မာစစ်တပ်ထံ လက်နက်တောင်းကာ ပြည်သူ့စစ်အမည်ခံ ဖွဲ့စည်းနိုင်သည်။ သို့သော် အချို့အဖွဲ့အစည်းများသည် တိုင်းရင်းသားလူမျိုးစု အခြေပြု ပြည်သူ့စစ် နှင့် BGF တပ်ဖွဲ့များဖြစ်သည်။

.

ယင်းတို့အနက် အချို့ပြည်သူ့စစ်တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပျောက်ဆုံးသွားခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA နှင့်  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့သိမ်းပိုက်ထားသည့် မြို့နယ်များရှိ မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် (BGF) များသည် လုံးဝပျက်သုဉ်းသွားပြီဖြစ်သည်။ ကိုးကန့်ဒေသရှိ ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့သည် ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှ စပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့များထံသို့ လက်နက်ချ အညံ့ခံလာသည်။ အလားတူ စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့ အပါအဝင် TNLA သိမ်းပိုက်ရရှိသည့် ဒေသတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူ့စစ်တပ်ဖွဲ့အချို့သည်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်- SSPP/SSA နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ထံ လက်နက်ချ လိုလှုံသွားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

.

ကိုးကန့် BGF တပ်များသည် ယခင် ဥက္ကဌကြီး ဖုန်ကြားရှင် အဖွဲ့မှ ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး ထိုခွဲထွက် ကိုးကန့် အင်အားစုများအား စစ်အစိုးရက နယ်ခြားစောင့်တပ်ရင်း BGF ရင်း ၁၀၀၆ အဖြစ် ဖွဲ့စည်းပေးခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် ကိုးကန့်ဒေသသို့ MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တချို့သည် MNDAA နှင့် ပြန်လည်ပူးပေါင်းမှု ရှိခဲ့သည်။ ထိုအခြေအနေတွင် မြန်မာစစ်တပ်နှင့် ကိုးကန့် BGF တို့သည် ကိုးကန့်ဒေသ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည့်အတွက်ကြောင့် ပြည်သူ့စစ်တပ်များကိုပါ ထပ်မံဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်တွင် ၎င်းတပ်ဖွဲ့ဝင်များသည် လျင်လျင်မြန်မြန် MNDAA တပ်ဖွဲ့ထံသို့ ပြန်လည်ဘက်ပြောင်းသွားခဲ့ကြသည်။ ထို့အပြင် ၎င်းပြည်သူ့စစ်တပ်များနှင့် ဆက်စပ်မှုရှိသည့် ခေါင်းဆောင်များနှင့် မိသားစုဝင်များကိုလည်း ကျားဖြန့်ခေါင်းစဉ်ဖြင့် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ကာ နောက်ဆုံးတွင် ၎င်းတို့ကို အကာအကွယ်ပေးထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက တရုတ်အစိုးရထံ လွှဲပြောင်းပေးလိုက်ရသည်။

.

ယင်းဒေသများတွင် စစ်ရှုံးနေသည့် ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပင် လက်နက်ချ အလင်းဝင်လာရသည့် အခြေအနေတွင် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များ ဘက်ပြောင်းသွားသည်မှာ အဆန်းတော့မဟုတ်ပေ။

.

(ဂ) ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA)/ကောင်းခါးပြည်သူ့စစ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များထဲမှ အင်အားကြီးအဖွဲ့တစ်ဖွဲ့ ဖြစ်သည်သာမက မြန်မာစစ်တပ်အတွက် အားကိုးအားထားရသည့် နောက်ထပ် ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုသည် ဦးမထုနော် (ကွယ်လွန်) ဦးဆောင်ခဲ့သည့် ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) ခေါ် ကောင်းခါးပြည်သူ့စစ်ပင် ဖြစ်သည်။

.

မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ယနေ့ထိတိုင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း KIA/KIO ၏ အင်အားကြီးထွားလာမှုအား ဟန့်တားဖို့ဆိုသည်က မြန်မာစစ်တပ်အနေဖြင့် ၎င်းဒေသအတွင်း ဩဇာအာဏာရှိသူတစ်ဦးဦးအား အသုံးချခြင်းကသာ အထိရောက်ဆုံးဟု ယူဆပြီး ရှမ်းမြောက်အခြေစိုက် KIA တပ်မဟာ (၄)မှ ခွဲထွက်သွားသည့် ဒေသခံ  ဗိုလ်ဗှူး ဦးမထုနော် ဦးဆောင်သည့်အဖွဲ့အား  စည်းရုံးသိမ်းသွင်းခဲ့သည်။

.

၁၉၉၁ ခုနှစ်တွင်  ခွဲထွက်ကာ ငြိမ်းချမ်းရေး ယူခဲ့ခြင်းပြီး နဝတ စစ်အစိုးရသည် ၎င်းတို့အား ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) အဖြစ် အမည်ပေးကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း အထူးဒေသ (၅) ဟု သတ်မှတ်ထားပြီး စီးပွားရေးလုပ်ကိုင်ခွင့်များ ပေးခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် ကောင်ခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲခဲ့သည်။

.

စစ်တပ်အာဏာမသိမ်းမီ တစ်နှစ်အလို ၂၀၂၀ ခုနှစ် မတ်လတွင် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့အား မူးယစ်ဆေးဝါး ထုတ်လုပ်မှု စွပ်စွဲချက်များဖြင့်  မြန်မာစစ်တပ်က လက်နက်ဖြုတ်သိမ်းခဲ့ပြီး အလယ်အလတ် အဆင့်ရှိ ခေါင်းဆောင် အချို့နှင့် တပ်ဖွဲ့ဝင်များအပါအဝင် လူ ၁၀၀ ခန့်ကို ဖမ်းဆီးခြင်း၊ ဝရမ်းထုတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြန်မာစစ်တပ် သည် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့အား လက်နက်ပြန်လည်တပ်ဆင်ပေးခဲ့သည်။

.

ဂျာယာန်ပြည်သူ့စစ်တပ်စခန်းကို တအာင်းတပ် (TNLA) က ၂၀၂၃ နိုဝင်ဘာတွင် ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့သည်။ ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင် တွင် တော်လှန်ရေးတပ်များ အားကောင်းလာပြီးနောက် ကချင်တိုင်းရင်းသားအများစုနေထိုင်ရာ ကောင်းခါးရွာ ထဲမှ ကောင်းခါးပြည်သူ့စစ်များသည် မူရင်မိခင်တပ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ ဘက်ပြောင်း ခိုလှုံခဲ့သည်။ သို့သော် ကျန်ဒေသ ၂ ခုဖြစ်သည့် လွယ်ခန်နှင့် မန်ပြိန်းအခြေစိုက် ကောင်းခါးပြည်သူ့စစ်တပ်များ၏ အခြေအနေကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

.

(ဃ) ကရင်နယ်ခြားစောင့် တပ်ဖွဲ့(BGF)

ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်အပါအဝင် ထိုင်းနှင့်မြန်မာနယ်စပ်၊ မြဝတီမြို့အနီးရှိ တရားမဝင် အွန်လိုင်း ကာစီနိုရုံများနှင့် ကျားဖြန့် ငွေလိမ်ဂိုဏ်းများအား နှစ်နိုင်ငံ စစ်တပ်က ပူးပေါင်း ဖြိုခွင်းဖို့ရန် ညှိနှိုင်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သတင်းထွက်ပေါ်နေချိန်တွင် ThaiPBS North သည် ဗိုလ်မှူးကြီး စောချစ်သူ နှင့် စစ်ကောင်စီ၏ အကွဲအပြဲ သတင်းအား စပြီးဖော်ပြလာလေသည်။

.

စစ်တပ်အာဏာမသိမ်းမှီ ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ကတည်းကပင် တာဝန်မှ အနားယူဖို့ရန် ဖိအားပေးခံရသည့် အတွက်ကြောင့် တပ်ရင်းတပ်ဖွဲ့အားလုံး နုတ်ထွက်ဖို့အထိ ကြိုးစားခဲ့သည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် ယခုနှစ် ဇန်နဝါရီလ (၂၁)ရက် နေ့ကစပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုမယူတော့ဘဲ သီးခြားရပ်တည်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းမီယာတခုဖြစ်သည့် ThaiPBS North က ဖော်ပြခဲ့သည်။

.

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ ကရင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စိုးမြင့်ဦး တို့သည် ဗိုလ်မှူးကြီးစောချစ်သူအား သွားရောက်တွေ့ဆုံပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ သူနှင့် လာရောက်တွေ့ဆုံရန် ဗိုလ်မှူးကြီး စောချစ်သူထံသို့ သတင်းစကားပါးကြောင်း၊ သို့ရာတွင် ဗိုလ်မှူးကြီး စောချစ်သူ သည် BGF အနေဖြင့် မြန်မာစစ်တပ်ထံမှ ခွဲထွက်၍ သီးခြားရပ်တည်မည်ဖြစ်ကြောင်း၊ မည်သည့်ဘက်မှမလိုက်ဘဲ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည်ပြောဆို လိုက်သည်ဟု သိရသည်။

.

ထို့နောက် ဇန်နဝါရီလ ၂၁ ရက်နေ့မှစပြီး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်များသည် စစ်တပ်နှင့် ပူးတွဲလုံခြုံရေးယူထားသည့် နေရာများမှ ထွက်ခွာ၍ ၎င်းတို့ ဌာနချုပ်သို့ ပြန်လည်ပေါင်းစည်းလိုက်သည်။ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် (BGF) သည် စစ်ကောင်စီထံမှ လစာအပါအဝင် ခံစားခွင့်များအား ဆက်လက်ရယူခြင်းမရှိတော့ဘဲ ၎င်းတို့ကိုယ်တိုင် သီးခြားရပ်တည်သွားမည်ဟု သိရှိရသည်။ ထိုတို့ စစ်ကောင်စီသည် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)နှင့် ညှိနှိုင်းမှုအဆင်မပြေသည့်နောက်တွင် စစ်ရေးအရ ဖိအားပေးဖို့အထိ ရည်ရွယ်လာသည်ဟုဆို၏။

.

စစ်ကောင်စီ အားကိုးအားထားပြုရသည့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) အနေဖြင့် စစ်ကောင်စီထံမှ ရိက္ခာနှင့်လစာများမယူတော့ဘဲ သီးခြားရပ်တည်သွားရန် ဆုံးဖြတ်ချက်လိုက်ခြင်းသည် တစ်နိုင်ငံလုံးတွင် စစ်မျက်နှာဖွင့်နေရသည့် စစ်ကောင်စီအတွက် ခေါင်းခဲစရာ ထိုးနက်ချက်ကြီးတစ်ခု ဖြစ်မည်မှာ အမှန်ပင်ဖြစ်၏။

.

ယခုကဲ့သို့ ဗိုလ်မှူးကြီးစောချစ်သူ စစ်ကောင်စီနှင့် လမ်းခွဲလိုက်ရခြင်းသည် ၎င်းတို့အနေဖြင့် စစ်ကောင်စီအား ယုံကြည်မှုမရှိတော့သည့်အတွက်ကြောင့် ဆိုရပါမည်။ စစ်ကောင်စီသည် ၎င်းတို့၏  ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း၊ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင်  ၁၀ ဦးအား  တရုတ်ထံ  ဖမ်းဆီးလွှဲပြောင်းပေးလိုက်ခြင်းသည် ဗိုလ်မှူးကြီးစောချစ်သူ နှင့် ၎င်း၏ အဖွဲ့အစည်းအတွက် အာမခံချက် မရှိမှုကို ဖော်ပြပြီး စစ်ကောင်စီအနေဖြင့် ဖိအားဒဏ်ကိုမခံနိုင်၍ ထိုအခြေအနေမျိုး ၎င်းတို့ထံသို့လည်း မရောက်လာနိုင်ဟု မဆိုနိုင်ပေ။ ထို့အတွက်ကြောင့် ထိုသို့မဖြစ်ပေါ်လာမှီ စစ်ကောင်စီနှင့် ခပ်ဝေးဝေးနေ၍ ကြုံလာမည့် ပြဿနာအား ၎င်းတို့ကိုယ်တိုင် ဖြေရှင်းဖို့ရည်ရွယ်ဟန်ရှိသည်ဟု ယူဆရမည်ဖြစ်သည်။

.

လက်ရှိတွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) တပ်နယ်အားလုံး စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်း က အတည်ပြုပြောဆိုခဲ့ကြောင်း ဒေသအခြေစိုက် ကေအိုင်စီ သတင်းဌာနတွင် ဖော်ပြထားသည်။

.

ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်နေသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို တိုးတက် သော ကရင့်အမျိုးသားတပ်မတော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကာ တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်း ထားပြီး  လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့ နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂  တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချ လှုပ်ရှားလျက်ရှိရာ ခန့်မှန်းခြေ စုစုပေါင်း တပ်အင်အား သုံးထောင်ကျော်ခန့် ရှိသည်ဟု သိရှိရသည်။