• Today is: Saturday, April 20, 2024

ကိုယ်ပိုင်ပြဋ္ဌာန်း’ခွင့်’လော ကိုယ်ပိုင်ပြဋ္ဌာန်းမှုလော၊ Self-Determination ကို ဘာသာပြန်မှု ပြန်လည်သုံးသပ်ခြင်း

ကိုယ်ပိုင်ပြဋ္ဌာန်း ‘ခွင့်’လော ကိုယ်ပိုင်ပြဋ္ဌာန်းမှုလော၊ Self-Determination ကို ဘာသာပြန်မှု ပြန်လည်သုံးသပ်ခြင်း

ဆလိုင်းကျဲအိုဘိခ်ထောင် 

ခေါင်းစဉ်မှာဖော်ပြထားသလို Self-Determination ကို ဗမာစာဖြင့် ဘာသာပြန်ရာတွင် ‘ခွင့်’ဆိုသည့် စကားလုံး ပါဝင်နေသည်ကို ဤဆောင်းပါးက ထောက်ပြရခြင်းဖြစ်ပါသည်။ မူရင်းဝေါဟာရ၏ အနက်အဓိပ္ပယ်၊ မြန်မာ့နိုင်ငံရေးရေခံမြေခံနှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ပေါင်းစပ်ပြီး သုံးသပ်ခြင်းဖြစ်ပါသည်။

ဤနေရာမှာ မိမိအနေဖြင့် Self-Determination အကြောင်းအရာပိုင်းကို ဆွေးနွေးသွားမည်မဟုတ်ပေ။ အနက်ဖွင့်ဆိုမှုအပိုင်းနှင့် အတွေးအခေါ်ပိုင်းကိုအပိုင်းကိုသာ အဓိကဆွေးနွေးသွားမည်။

လက်ရှိ အများသုံးနှုန်းမှု

Self-Determination ဆိုသည့် ဝေါဟာရကို မြန်မာ/ဗမာစာဖြင့် ဘာသာပြန်ရာတွင် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ဟု အားလုံးနီးပါးက သုံးနှုန်းနေကြပြီဖြစ်သည်။ တိုင်းရင်းသားတပ်ပေါင်းစုများဖြစ်သည့် UNFC, NCCT, FPNCC, K3C စသည်တို့၏ ထုတ်ပြန်ချက်များတွင် ထိုသို့သုံးနှုန်းကြသလို NCA စာချုပ်နှင့် NUG/NUCC ၏ FDC ချာတာမှာလည်း ထိုကဲ့သို့ ပြဋ္ဌာန်းထားပါသည်။

သို့သော် တစ်ချို့အဖွဲ့အစည်း၊‌ ခေါင်းဆောင်နှင့် မီဒီယာများတွင်မူ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့် စသည်ဖြင့် သုံးနှုန်းမှုများလည်း ကြိုကြားကြိုကြား တွေ့ရပါသေးသည်။ အလျဉ်းသင့်လို့  ဆိုရလျှင် (ကံ)ကြမ္မာဆိုတာ ‘အဆိုး’ဘက် သက်ရောက်သည်ဟု ထောက်ပြသူများလည်းရှိသည်။ ဆရာကြီးယုဒသန်(ဂျပ်ဆင်)၏ အဘိဓာန်မှာလည်း ၎င်းကို (Pali ကမ္မ)- ‘မကောင်းသောကံ၏ဝိဘတ်’ဟု အနက်ဖွင့်ထားသည်။ ကံကြမ္မာ ၃၂ ပါးဆိုတာလည်း အကုသိုလ်နှင့် သက်ဆိုင်သည့် ဒုက္ခများဖြစ်သည်။  

တကယ်တမ်း ဤမူရင်း Self-Determination ဝေါဟာရသည်ပြင် ဒုတိယကမ္ဘာစစ်နှင့် ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်လာသည့်နောက်ပိုင်းမှာမှ နိုင်ငံတကာဉပဒေ စာမျက်နှာတွင် မွေးဖွားလာသည်ဖြစ်ရာ လက်ရှိအချိန်ထိ အားလုံးလက်ခံသည့် အဓိပ္ပယ်ဖွင့်ဆိုချက် (Universal Definition) မရှိသေးပေ။ ထို့ကြောင့် ဗမာစာဖြင့် ဘာသာပြန်မှုမှာလည်း တရားသေ ကိုင်စွဲထားခြင်းမပြုဘဲ ပြန်လည်သုံးသပ်ခွင့်အတွက် တခါးဖွင့်သင့်ကြောင်း ယူဆပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်း-‘ခွင့်’အစား ‘မှု/ခြင်း’

ပါမောက္ခ ဒေါက်တာဘဟန်၏ တက္ကသိုလ် အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် Self-Determination ကို ‘ကိုယ်တိုင်သဘောအလျောက် ဆုံးဖြတ်တတ်ခြင်း၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်-ခြင်း-ခွင့်’ဟု အနက်ဖွင့်ဆိုထားသည် (Self-Destruction ကို ကိုယ့်ကိုယ်ကို ဖျက်ဆီး-ခြင်း-မှုဟု ဘာသာပြန်ထားပါသည်)။ iAbidan အဘိဓာန်တွင် ‘စိတ်ပိုင်းဖြတ်ခြင်း’ဟု ဘာသာပြန်ထားသည်။

မှန်ပါသည်။ မူရင်း Self-Determination ကို တိုက်ရိုက်ဘာသာပြန်လျှင် ‘ခွင့်’ဆိုသည့်စကားလုံး ပါဝင်စရာ အလျင်းမရှိပေ။ The Right to Self-Determination ဟူ၍ အရှေ့မှာ Right(အခွင့်အရေး) ဆိုသည့် ဝေါဟာရတစ်လုံး ကပ်ပါမှသာ ‘ခွင့်’ သို့မဟုတ် ‘အခွင့်အရေး’ ဆိုသည့်စကားလုံး ထည့်ရမှာဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ‘ခွင့်’ဆိုသည့်စကားလုံး ဘက်ကနေ ကပ်ပါလာသနည်း။ နံပါတ်တစ်ဖြစ်နိုင်ခြေက ယင်း Self-Determination ဝေါဟာရ၏ နောက်ခံနှင့် အနှစ်သာရသဘောအရ သက်ဆိုင်ရာပြည်သူ(peoples)၊ လူမျိုး သို့မဟုတ် တိုင်းပြည်၏ ကိုယ်ပိုင်ပြဋ္ဌာန်းမှုဆိုင်ရာ အခွင့်အရေး (The Right to Self-Determination) ဖြစ်သည့်အတွက် ဆိုသည့်အချက်။

တစ်နည်းအားဖြင့် အခွင့်အရေး(Right)နှင့် သက်ဆိုင်သည့်ဝေါဟာရ ဖြစ်သောကြောင့် ဆိုသည့်အချက်။ အတန်အသင့် ယုတ္တိရှိပါသည်။ ဒုတိယဖြစ်နိုင်ခြေက မြန်မာနိုင်ငံ၏ နိုင်ငံရေးရေခံမြေခံ အခင်းအကျင်း။ ပင်လုံစာချုပ်နှင့် လွတ်လပ်ရေးအတူတကွရယူမှုမှ တိုင်းရင်းသားများ၏ Self-Autonomy/Determination မထိပါးရေး ကတိကဝတ်နှင့် သဘောတူစာချုပ်ကို အခြားတစ်ဘက်က ချိုးဖောက်ပြီး အင်အားဖြင့် ၎င်းအခွင့်အရေးကို ပြန်ပြေးဆွဲလိုက်သည့်အတွက် မူလပိုင်ရှင်များထံ အပြည့်အဝပြန်ပေး(restore)ရန် အရေးဆို(claim)ခြင်းဖြစ်သည့်အတွက် မိမိအခွင့်အရေးကို အရေးဆို(တောင်းဆို)ခြင်းဟု ဆိုနိုင်ပါသည်။

တစ်နည်းအားဖြင့် လွန်ခဲ့သည့် ရာစုနှစ်ထက်ဝတ်ကျော် တိုင်းရင်းသားနိုင်ငံရေးသည် မိမိ(လူမျိုး/တိုင်းရင်းသား)၏ ကိုယ်ပိုင်ပြဋ္ဌာန်းမှုဆိုင်ရာ အခွင့်အရေးကို အာဏာရှင်ဗမာ/အစိုးရ အဆက်ဆက်ထံ နည်းလမ်းမျိုးစုံဖြင့် ပြန်လည်အရေးဆိုခဲ့သည့် နည်းလမ်းဖြစ်ခဲ့သည် (UWSA က ချွင်းချက်ဖြစ်နိုင်)။ အကြောင်းမှာ အထက်တွင် ဖော်ပြပြီးသည့်အတိုင်း ဗမာပြည်မအစိုးရအဆက်ဆက်က တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းမှု အကောင်အထည်ဖော်ခွင့်ကို နည်းလမ်းမျိုးစုံဖြင့် ပိတ်ပြင်ထိန်းချုပ်ထားသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ပြန်ပြေးဆွဲ/လုယူ/ထိန်းချုပ်ခံခဲ့ရသည့် ကိုယ်ပိုင်ပြဋ္ဌာန်းမှု အခွင့်အရေးကို “မူလပိုင်ရှင်ထံ ပြန်ပေးပါ”ဟု ဗမာပြည်မအစိုးရ အဆက်ဆက်ကို တောင်းဆို/အရေးဆိုသည့် (Claim/Reclaim of Right) နည်းလမ်းဖြစ်ခဲ့သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် အခင်းအကျင်းသစ်ဖြစ်လာပြီ။ တိုင်းရင်းသား ဒေသ အများစုသည် ပြည်မအာဏာရှင်အုပ်ချုပ်ရေးယန္တရား၏ သက်ရောက်မှုမှ လွတ်မြောက်လာပြီဖြစ်သည်။ Pre-Panglong ခေါ် ပင်လုံ-အကြို/မတိုင်ခင်ကာလသို့ ပြန်ရောက်သွားပြီဟုပြင် တိုင်းရင်းသားခေါင်းဆောင် တစ်ချို့က ရပ်တည်လာကြပြီဖြစ်သည်။

တစ်နည်းအားဖြင့် လက်ရှိအချိန်မှာ တိုင်းရင်သားလူမျိုးများအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းမှုအခွင့်အရေးအတွက် ဗမာပြည်မ အာဏာပိုင်များကို အရေးဆိုရမည့်အချိန် မဟုတ်တော့ခြေ။ မိမိကိုယ်တိုင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရသည့်အချိန် ဖြစ်နေပြီ။ Self-Determination ကို Future Tense (အနာဂတ်ကာလပြကြိယာ)ဖြင့် အနက်ဖွင့်ရမည့်ကာလ မဟုတ်တော့ခြေ။ အခွင့်အရေးအတွက် အရေးဆိုရမည့်အချိန် မဟုတ်တော့ခြေ။ စတင်ဖော်ဆောင်ရသည့် အချိန်ဖြစ်နေပြီ။ ထို့ကြောင့် ‘ခွင့်’အစား ‘မှု/ခြင်း’တို့ဖြင့် အစားထိုးသုံးနှုန်းရမည့် အချိန်ဖြစ်သည်။ တကယ်လည်း Right ဆိုသည့် ဝေါဟာရပါမှသာ ’ခွင့်၊ အခွင့်အရေး’ စသည်တို့ကို ထည့်သုံးသင့်ပါသည်။  

ဗမာ့အတွေးအခေါ်(Mindset)နှင့် “ခွင့်”

ဆက်စပ်လို့ ‘ခွင့်’ဆိုသည့်ဝေါဟာရကို ဆက်ဆွေးနွေးလိုပါသည်။ အားလုံးသိရှိသည့်အတိုင်း ‘ခွင့်’ဆိုသည့်ဝေါဟာရတွင် အခြေခံအားဖြင့် အဓိပ္ပယ်နှစ်ခုရှိနိုင်ပါသည်။ အင်္ဂလိပ်လို Permission ခေါ် သူတစ်ပါးသို့မဟုတ် စနစ်တစ်ခု၏ သဘောတူလက်ခံပေးရန် လိုသည့်’ခွင့်’နှင့် Right ခေါ် သူတစ်ပါးလက်ခံအတည်ပြုမှုနှင့် မသက်ဆိုင်သော မိမိမူလအခွင့်အရေး ဟူ၍။

မိမိနားလည်မှုမလွဲလျှင် ဗမာစကားတွင် ခွင့်သည် အများအားဖြင့် permission/leave ဆိုသည့်အပိုင်းတွင် အသုံးများပါသည်။ ‘ခွင့်ဆယ်မျိုး’ စသည်ဖြင့်။ Prefix ဖြစ်သည့် ခွင့်-တောင်း၊ ခွင့်-တိုင်၊ ခွင့်-ယူ၊ ခွင့်-ပြု၊ ခွင့်-လွှတ် စသည်တို့သည် သူတစ်ပါး သို့မဟုတ် ယန္တရားတစ်ခုခု၏ သဘောတူအတည်ပြုမှု လိုအပ်သည့်အရာများ ဖြစ်သည်။ Right ဆိုသည့်အနက်အဓိပ္ပယ် သက်ရောက်သည့်အပိုင်းတွင် ခွင့်ဆိုသည့် စကားလုံး တစ်ခုတည်းဖြင့် ရပ်တည်လေ့မရှိပေ။   

အထူးသဖြင့် နှစ်ပေါင်းများစွာ ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် အုပ်စိုးလာသော ဤနိုင်ငံတွင် ‘ခွင့်’ဟုဆိုရာမှာ တစ်စုံတစ်ယောက်/ခုထံ တင်ပြရန်၊ သို့တည်းမဟုတ် တစ်စုံတစ်ယောက်/ခု၏ သဘောတူညီမှု ရယူရန်၊ ဆိုသည့် အတွေးအခေါ် ကိန်းအောင်းနေတတ်ပါသည်။ တည့်ပြောရလျှင် တိုင်းရင်းသားများ၏ အခွင့်အရေးကို ဗမာပြည်မခေါင်းဆောင်များထံ ခွင့်ပြုချက်နှင့် သဘောတူညီချက်ရယူရမလို အတွေးခေါ်  ကိန်းအောင်းနေတတ်ပါသည်။ ထို့ကြောင့် အဓိပ္ပယ်နှစ်မျိုးခွနေသော ‘ခွင့်’ဆိုသည့် စကားလုံးကို ဤအချိန်မှာ တိုင်းရင်းသားများအနေဖြင့် ဘေးချိတ်ထားသင့်ပြီဟု ယူဆရခြင်းဖြစ်ပါသည်။

အာမခံချက်ရှိသော ဆိုသည့်စကားရပ်

ဆက်စပ်လို့ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော’ဆိုသည့် အသုံးအနှုန်းကိုလည်း ဆွေးနွေးလိုပါသည်။ နွေဉီးတော်လှန်ရေးကာလ နောက်ပိုင်းတွင် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော’ဆိုသည့် စကားရပ်ကို ပိုမိုခေတ်စားလာပါသည်။ အားလုံးသိရှိသည့်အတိုင်း ‘အာမခံခြင်း’ဆိုသည်မှာ အခြေခံအားဖြင့် နှစ်ဘက်သဘောတူညီချက်အပေါ် ချိုးဖောက်မှုမရှိစေရေးနှင့် သံသယမရှိစေရေးအတွက် တစ်ဘက်ဘက်က ကတိကဝတ်ပြုသည့်အရာ ဖြစ်ပါသည်။ အင်္ဂလိပ်လို assurance ကို Cambridge အဘိဓာန်က ‘a promise to tell something to someone confidently or firmly, or a promise to cause someone to feel certain by removing doubt’ ဟု အဓိပ္ပယ်ဖွင့်ဆိုပြီ Oxford အဘိဓာန်တွင် a statement that something will certainly be true or will certainly happen, particularly when there has been doubt about it ဟု အနက်ဖွင့်ထားပါသည်။

ဤနေရာမှာ မေးခွန်းက မိမိကိုယ်ပိုင်ပြဋ္ဌာန်းမှုအခွင့်အရေးအတွက် ‘မည်သူ့အာမခံချက်’ လိုအပ်ပါသနည်း ဆိုသည့်အချက် ဖြစ်ပါသည်။ တစ်ဘက်မှာ ဉပဒေ၊ စာချုပ်၊ စနစ်နှင့် ယန္တရား၏ အာမခံချက်ကို ဆိုလိုခြင်းဖြစ်သည်ဆိုလျှင် အတန်အသင့် ယုတ္တိရှိပါသည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနောက်ခံနှင့် အခင်းအကျင်းအရ ထိုသို့အမှန်တကယ် ဟုတ်ပါသလောဆိုသည့် တန်ပြန်မေးခွန်းရှိလာပါသည်။ ‘ခွင့်’နှင့်ပတ်သက်လို့ အထက်တွင် ဖော်ပြပြီးသည့်အတိုင်း ဤနိုင်ငံတွင် ‘အာမခံချက်’ဟု ဆိုရာတွင် လွတ်လပ်ရေးကာလမှစ၍ ယနေ့အထိ ကိုယ်ပိုင်ပြဋ္ဌာန်းမှု မဖော်ဆောင်နိုင်အောင် ထိန်းချုပ်လျက်ရှိသော ပြည်မအစိုးရ သို့မဟုတ် ဗမာခေါင်းဆောင်းများနှင့် လူများစုအာဏာရှင်စနစ်ကျင့်သုံးသူများ (Chauvinists)၏ သဘောတူညီမှုနှင့် ကတိပြု အာမခံချက်ကို လိုလားကြခြင်းဖြစ်ပါသည်။

မိမိလူမျိုးကိုယ်ပိုင်ပြဋ္ဌာန်းမှုအခွင့်အရေးအတွက် အဓိက အတားအဆီးက သူတို့ဖြစ်နေသည့်အတွက် အရင်ကာလတွင် ထိုကဲ့သို့ တွေးခေါ်စဉ်းစားခဲ့သည်မှာလည်း မှားသည်ဟု မဆိုနိုင်ပေ။ သို့သော် မိမိလူမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းမှု အခွင့်အရေးအတွက် သူတစ်ပါး၏ အာမခံချက် အမှန်တကယ် လိုအပ်ပါသလော။ မည်မျှအထိ အာမခံပေးနိုင်မည်နည်း၊ ယုံကြည်စိတ်ချရမည်နည်း။

ခြုံငုံသုံးသပ်ချက်

မိမိဆိုလိုရင်းကို တည့်တည့်ပြောရလျှင် Self-Determination ကို ကိုယ်ပိုင်ပြဋ္ဌာန်းမှု သို့မဟုတ် -ခြင်းဟု ဘာသာပြန်ဖို့ အချိန်တန်ပြီဖြစ်သည်။ ခွင့်/အခွင့်အရေးဆိုသည့် စကားလုံးသည် Right ဆိုသည့်အပိုင်းကို ထည့်သုံးလိုသည့်အခါ သုံးနှုန်းသင့်ပါသည်။ လုံးဝမသုံးသင့်ဟု ဆိုလိုခြင်းမဟုတ်ပေ။  

ခွင့်(Right)ကိစ္စ အရေးဆိုရသည့်အချိန်မဟုတ်ကြောင်းကို မီးမောင်းထိုးပြလိုခြင်းဖြစ်သည်။ တော်လှန်ရင်း တည်ဆောက်ရသည့်အချိန် ဖြစ်သောကြောင့်ဖြစ်သည်။  တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို လက်တွေ့စတင် အကောင်အထည်ဖော်ဆောင်ရန် နောက်ထပ် နိုင်ငံရေး အခင်းအကျင်းအသစ် စောင့်နေရမည့်အချိန် မဟုတ်ချေ။