• Today is: Sunday, April 14, 2024

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၁၀၀၈တပ်ရင်း၊ SSRY Eagle Force တပ်ခွဲ(၁)နှင့် ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီးတဲ့နောက်မှာ စစ်ကောင်စီကိုတော်လှန်ဖို့ ဆက်သွယ်လာတဲ့ လူငယ် ၃၀၀ဝန်းကျင်ရှိနေတယ်”

 

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၁၀၀၈တပ်ရင်း၊ SSRY Eagle Force တပ်ခွဲ(၁)နှင့် ဆက်သွယ်မေးမြန်းချက်

(၁) ပထမဆုံးအနေနဲ့ နာမည်နဲ့ Eagle Force မှာ တာဝန်ယူထားတဲ့ ရာထူးလေး မိတ်ဆက်ပေးပါအုံး။

– ကျွန်တော့်နာမည်ကတော့ Phat Phat ပါ၊ Eagle Force တပ်ခွဲ(၁)မှာ ရုံးတာဝန်ခံအနေနဲ့ တာဝန်ယူ ထားပြီး တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေပါတယ်။

(၂) ၁၀၀၈တပ်ရင်းစတင်တည်ထောင်ထားတဲ့ ရက်နဲ့ တပ်ဖွဲ့တည်ထောင်ရတဲ့ရည်ရွယ်ချက်လေး ပြောပြပေးလို့ရမလားဗျ။

Phat Phat – ကျွန်တော်တို့တပ်ရင်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၄ရက်က စတင်ဖွဲ့စည်း တည်ထောင်ထားတာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ လူမျိုးတစ်စုတည်းကို ကိုယ်စားပြုပြီး ဖွဲ့စည်းတည်ထောင်ထားတာ မဟုတ်ပါဘူး။ ရှမ်းတောင်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုပေါင်းစုံရယ်၊ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာရှိတဲ့ တော်လှန်ရေးကိုစိတ်ဝင်စားတဲ့ တိုင်းရင်းသား လူမျိုးစုပေါင်းစုံနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ တပ်ရင်း တစ်ခုဖြစ်ပါတယ်။

(၃) ရှေ့လျှောက်ဘယ်ဒေသတွေကို အဓိကထိုးဖောက်သွားမလဲ၊ တပ်ဖွဲ့အတွက် လက်ရှိအချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ။

Phat Phat – လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်း-ကရင်နီနယ်စပ်တလျှောက်မှာရှိတဲ့ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံစတဲ့ ဒေသတွေကို အဓိကပစ်မှတ်ထားပြီး ထိုးဖောက်ဝင်ရောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ အတွက် လက်ရှိအချိန်မှာဘယ်လိုစိန်ခေါ်မှုတွေရှိနေသလဲဆိုတော့ ရဲဘော်အင်အားက များပြားတဲ့ အတွက် ဆန်နဲ့ ရိက္ခာခြောက်တွေ အဓိကလိုအပ်နေပါတယ်။

(၄) လက်ရှိမှာ ဘယ်မဟာမိတ်တပ်တွေနဲ့ စစ်ရေး လှုပ်ရှားနေသလဲ၊ ဘယ်အဖွဲ့တွေက တပ်ရင်းကို အဓိကပံ့ပိုးကူညီနေသလဲ။

Phat Phat – လက်ရှိမှာတော့ KNDFအပါအဝင် ကရင်နီတော်လှန်ရေးအင်အားစုတွေ၊ ရှမ်းတောင် တော် လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေပါတယ်။ ကျွန်တော်တို့တပ်ရင်းကို အဓိက ပံ့ပိုးပေးနေတဲ့ Fans Teamရယ်လို့တော့ မရှိသေးပါဘူး။ အဓိကထောက်ပို့အဖွဲ့တွေလည်း မရှိသေးပါဘူး။ ရဲဘော်တွေ၊ နီးစပ်သူတွေကနေပြီး ကိုယ့်ဘာသာရန်ပုံငွေရှာဖွေတာမျိုးပဲ လုပ်နေရပါတယ်။

(၅) စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်မှာ ၁၀၀၈တပ်ရင်းကိုဆက်သွယ်လာတဲ့ လူငယ်တွေ ဘယ်နှစ်ဦးလောက်ရှိမလဲဗျ။

Phat Phat – ကျွန်တော်တို့ Eagle Forceတပ်ခွဲ-၁ကတော့ စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အသက်မသွင်းခင်ကတည်းက ရဲဘော်သစ်တွေကို ခေါ်ယူစုဆောင်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်က စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာ ၁၀၀၈ တပ်ရင်းကို ဆက်သွယ်လာတဲ့ လူငယ်တွေ ၃၀၀နီးပါးရှိနေပါပြီ။ လက်ရှိအချိန်ထိတော့ ကျွန်တော် တို့ ဆီကို ရောက်လာတာကတော့ လူဦးရေ၈၀ဝန်းကျင်ရှိနေပါပြီ။ ထပ်ရောက်လာဖို့လည်း ရှိပါတယ်။ အဲဒီလို ဆက်သွယ်လာတဲ့သူတွေထဲမှာ အသက် ၁၈ကနေ ၃၀ကြားလူငယ်တွေ အများဆုံး ဖြစ်ပြီး ယောင်္ကျားလေးအများဆုံးဖြစ်ပါတယ်။

(၆) အခုလက်တလောမှာပြုလုပ်ခဲ့တဲ့ ရှမ်းတောင်ကို ကြုံးမယ့် ရှမ်းတောင် ကတုံးလေးများ Eagle အစီအစဉ်နဲ့ ပါတ်သက်ပြီး ရှင်းပြပေးပါအုံး။

Phat Phat – မတ်လ ၂၂ရက်နေ့က ရှမ်းတောင်ကို ကြုံးမယ့် ရှမ်းတောင် ကတုံးလေးများ Eagle အပါတ်စဉ်သင်တန်း ဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်တန်းမတက်ခင် တစ်လကြိုပြီး Camp သွင်းပြီး PT လေ့ကျင့်ပေးပြီးတော့ သင်တန်းကိုတော့ ရက်တိုပဲပေးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့ ကနေ ၂၀ရက်နေ့အထိ သင်တန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းကို သင်တန်းသားဦးရေ ၃၀တက်ရောက် ခဲ့ပြီး ရှမ်းတောင်မှ ညီအစ်ကိုတွေ အဓိကထားတက်ရောက်ခဲ့သလို အခြားတိုင်းရင်းသား ဒေသ အသီးသီးက ညီအစ်ကိုတွေလည်း တက်ရောက်ခဲ့ပါတယ်။

(၇) ဒီသင်တန်းမှာ ဘယ်လိုသင်တန်းမျိုးတွေပေးခဲ့ပါသလဲ၊ စစ်ရေးသင်တန်းတွေပဲပေးခဲ့တာလား။

Phat Phat – ဒီသင်တန်းမှာဆိုရင် PTပါမယ်၊ စစ်ရေးပြသင်တန်းပါမယ်။ တိုက်ခိုက်ရေးသင်တန်းအပြင် လက်ရှိမြေပြင်မှာ အမှန်တကယ် အသုံးပြုနေတဲ့ ဆေးသင်တန်းတွေ ပါပါမယ်။ ရှေ့တန်းမြေပြင် ကင်းထောက်သင်တန်းအပါအဝင် ဘာသာရပ်၆ခုကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်နေတဲ့အမှတ်၁၀၀၈တပ်ရင်း SSRY အတွက် သွေးသစ်လောင်းတာဖြစ်သလို လိုအပ်တဲ့ အခြေခံစစ် ပညာသင်တန်းပြုလုပ်ပေးတာ ဖြစ်ပါတယ်။

(၈) ရှမ်းတောင်ကို ကြုံးမယ့် ရှမ်းတောင် ကတုံးလေးများအစီအစဉ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ပါသလဲ။

Phat Phat – ကျွန်တော်တို့တပ်ရင်းစတင်ဖွဲ့စည်းခဲ့တာဟာ ၂နှစ်ဆိုတဲ့အတိုင်းအတာကာလကို ကျော်လွန် သွားပြီ။ ကျွန်တော်တို့ရဲ့မိခင်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသကို ထိုးဖောက်ဖို့ လိုပါတယ်။ ဒါကြောင့်မလို့ ရဲဘော်သစ်တွေကို ဖိတ်ခေါ်စုဆောင်းပြီးတော့ ဒီအစီအစဉ်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီကစစ်မှုမထမ်းရဥပဒေကိုထုတ်ထားတဲ့အခြေအနေမှာ လူငယ်တွေက ကျွန်တော် တို့ ဆီကို ဆက်သွယ်လာကြပါမယ်။ အဲဒါကြောင့် ဆက်သွယ်လာတဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ က စစ်သင်တန်းပေးမယ်၊ စစ်သင်တန်းပေးပြီးတဲ့အခါမှာ ကျွန်တော်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို အောင်မြင်မှုများများနဲ့ ပြည်သူတွေအတွက် လုပ်ဆောင်မှုတွေကို ချပြပေးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ ဒီသင်တန်းကို ပေးခဲ့တာဖြစ်ပါတယ်။ ရှေ့မှာလည်း အပါတ်စဉ်-၁သင်တန်းပေးခဲ့ပြီးဖြစ်သလို မကြာခင် ကာလမှာလည်း အပါတ်စဉ်-၃ကနေ ၆အထိဆက်တိုက် သင်တန်းတွေပြုလုပ်ပေးသွားဖို့ ရှိပါတယ်။

(၉) တပ်ရင်းရဲ့ လက်ရှိလုပ်ရှားမှုနဲ့ လာမယ့်ကာလတွေမှာ ဘာတွေဆက်လုပ်သွားဖို့ရှိသလဲဆိုတာ ပြည်သူတွေကိုချပြလို့ရမယ်ဆိုရင် ဒီကနေတဆင့်ပြောပြပေးပါအုံး။

Phat Phat -တပ်ရင်းစတင်တည်ထောင်စဉ်ကစလို့ ရှမ်း-ကရင်နီနယ်စပ်တလျောက်က တိုက်ပွဲတွေမှာ မဟာမိတ်တပ်ဖွဲ့တွေ့နဲ့ ပါဝင်တိုက်ခိုက်ခဲ့သလို လက်ရှိဆီဆိုင်၊ ပင်လောင်းနဲ့ ဖယ်ခုံဒေသက တိုက်ပွဲတွေ မှာလည်း မဟာမိတ်တပ်တွေနဲ့အတူပါဝင်တိုက်ခိုက်နေပါတယ်။ မြေပြင်မှာ ထိထိရောက်ရောက် ပါဝင်တိုက်ခိုက်နေတဲ့ တပ်ရင်းတစ်ရင်း၊ တပ်ခွဲတစ်ခွဲဖြစ်ပါတယ်။

 ရှေ့ဆက်ပြီးတော့ အဆင့်မြင့်စစ်ပညာသင်တန်းနဲ့စွမ်းရည်မြှင့်သင်တန်း၊ စစ်ရေးနဲ့ဆက်စပ်ပတ်သက်တဲ့ နည်းပညာတွေကို ဆက်လက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းအပတ်စဥ်တစ်ခုနဲ့တစ်ခုကြား ငွေကြေးအခက်အခဲရှိတဲ့အတွက် နည်းပညာနဲ့ အခြားသောစွမ်းရည်မြင့်သင်တန်းတို့ကိုတော့ နီးစပ်တဲ့ တိုင်းရင်းသားမိတ်ဖက်တပ်ရင်း၊ တပ်ဖွဲ့တွေထံကို စေလွှတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အမှတ် ၁၀၀၈ တပ်ရင်း၊ Eagle Forceတပ်ခွဲအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အတွက် တော်လှန် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်မှန်တဲ့ဒီမိုကရေစီရရှိတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။