• Today is: Wednesday, April 17, 2024

နိုင်ငံတော်ရပ်တည်ချက်သဘာဝနှင့် တော်လှန်ရေးဖြစ်စဉ်

နိုင်ငံတော်ရပ်တည်ချက်သဘာဝနှင့် တော်လှန်ရေးဖြစ်စဉ်

စည်းနရီ  | အတွေးအမြင်

 “နိုင်ငံတော်သည် တရားဝင် အကြမ်းဖက်မှုကို လက်ဝါးကြီးအုပ်ထားသည့်အဖွဲ့”ဟု မာ့စ်ဝီဘာက ဆိုခဲ့ပါသည်။ နိုင်ငံရေးအရ တော်လှန်ရေးဟူသည် အမြဲတမ်း နိုင်ငံတော်၏ အင်္ဂါရပ်များကို ပြောင်းလဲလှန်ထုတ်ရန် စဉ်းစားချက်ဖြစ်သည်။ ထို့ကြောင့် သဘာဝအားဖြင့်၊ ဖွင့်ဆိုချက်အားဖြင့် နိုင်ငံတော်နှင့် တော်လှန်ရေးသည် အမြဲတမ်း ဆန့်ကျင်သည်။ တိတိကျကျ ပြောရပါလျှင် နိုင်ငံတော်ဟူသည့် စုဖွဲ့မှုသည် ရည်မှန်းချက်အားဖြင့် တည်ငြိမ်မှုကို ထိန်းရန်ဖြစ်ပြီး သဘာဝအားဖြင့် တော်လှန်ရေးကို ဆန့်ကျင်ပါသည်။

နိုင်ငံတော်ဗဟိုပြုဝါဒီ အများစုအတွက် လူမှုပဋိညာဉ်စဉ်းစားချက်များမှစကာ လူမှု စုဖွဲ့မှုကို ရှင်းပြကြရာတွင် သောမတ်ဟော့ဘ်၏ ယုတ္တိဖြစ်သော “နိုင်ငံတော်သာမရှိလျှင် ဘဝတွေကြမ်း၊ အသက်တွေတိုလိမ့်မည်” ဟူသော စဉ်းစားချက်ဖြင့် ချဉ်းကပ်တတ်ကြသည်။ ထို့နောက် ဂျွန်လော့ခ် ဆက်စပ်ပြသလို “အစိုးရသည် အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်လျှင် တော်လှန်ခြင်းက မျှတသည်” ဟု ယူဆကြစေကာမူ နိုင်ငံတော်ဟူသည် သဘာဝအားဖြင့် တော်လှန်ရေးကို ဆန့်ကျင်သည့်အကြောင်းကို မေ့ထားရန် မဖြစ်နိုင်ချေ။ တကယ်ပဲ တော်လှန်လျှင် မည်သို့တုန့်ပြန်မည်နည်း။ “ခင်ဗျားမှာ တူတချောင်းပဲရှိရင် ပြဿနာအားလုံးကို သံလို့ မြင်တော့မှာပဲ” ဟု Maslow က ပြောခဲ့ဖူးသည်။ နိုင်ငံတော်သည် အာဏာပုံစံမျိုးစုံကို ကိုင်တွယ်၍ မူဝါဒများကို ကစားနိုင်သည်မှန်သော်လည်း နိုင်ငံတခု၏ ပြည်တွင်းကိစ္စများ ကိုင်တွယ်ရာတွင် အမြဲအသင့်ဖြစ်နေပြီး အကောင်းဆုံး လုပ်တတ်သောအလုပ်မှာ ရဲအင်အားသုံးခြင်း၊ စစ်တပ်အင်အား သုံးချငြင်း၊ ထောင်ချခြင်း၊ အစရှိသည့် အကြမ်းပတမ်းနည်းများသာ ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖိုဝါဒကြီးပြီး စစ်သူရဲစိတ်ဓာတ် ပြင်းထန်သော နိုင်ငံမှာ ပို၍ပင် ဆိုးပါသည်။

နိုင်ငံတော်သည် အစဉ်အမြဲ အာဏာသုံးစွဲမှုကို အထက်မှအောက်သို့ အစဉ်လိုက် စီးဆင်းစေပြီး အားသုံးတတ်သော စုဖွဲ့မှုဖြစ်သည်။ နဂိုက ကားလ်မာ့စ်အနေဖြင့် နိုင်ငံ၏ အင်္ဂါရပ်များကို အလုပ်သမားလူတန်းစားတို့ ချုပ်ကိုင်လိုက်ရမည်ဟု ယူဆခဲ့သော်လည်း အလုပ်သမားလူထု ခေတ္တအာဏာရပြီး အပြင်းအထန် ချေမှုန်းခံလိုက်ရသည့် ပဲရစ်မြို့အသိုက်အမြုံ အရေးအခင်း (Paris Commune) ဖြစ်ပြီးသည့်အခါ မာ့စ်ကိုယ်တိုင် အရင်းရှင်တို့က အစပျိုးပြီး တည်ဆောက်ထားသည့် နိုင်ငံ့အာဏာအင်္ဂါများကို အလုပ်သမားလူထုက ချုပ်ကိုင်လိုက်ရုံဖြင့် ပြဿနာများ ပြေလည်မည် မဟုတ်ကြောင်း ရှုမြင်လာခဲ့သည်။ ထိုအကြောင်းကို နောက်ပိုင်း ဂျာမန်ဘာသာဖြင့် ထုတ်ဝေသော ကွန်မြူနစ်ကြေငြာစာတမ်း ဥယျောဇဉ်တွင်လည်း ထည့်သွင်း ဖော်ပြခဲ့သည်။

ရုရှားတော်လှန်ရေးကို လေ့လာကြည့်ကြပါစို့။ အာဏာရှင် ဇာဘုရင်ကို တော်လှန်သည့် ကာလတလျှောက်လုံး ကွန်မြူနစ်၊ ဆိုရှယ်လစ်နှင့် အုပ်စိုးသူမဲ့ဝါဒီအားလုံး လက်တွဲကာ အလုပ်လုပ်ခဲ့ကြသည်။ စွန့်လွှတ်ခဲ့ကြသည်။ သို့သော် ဇာဘုရင် ပြုတ်ကျသွားချိန်တွင် “ဒီမိုကရေစီ နည်းကျ ဗဟိုချုပ်ကိုင်မှုဝါဒ” အမည်ဖြင့် လီနင်က ကွန်မြူနစ်စနစ် အနိမ့်စားအခြေအနေတွင် ဆိုရှယ်လစ်စနစ်ဟု အမည်ပေးပြီး နိုင်ငံတော်ကို တည်ထောင်သည်။ ယင်းခေတ်၏အမြင်တွင် အရင်းရှင်များ ဆုံးဖြတ်ချက်ချရာတွင် မပါဝင်သော နိုင်ငံတော်သည် အလုပ်သမားလူထု အာဏာဖြင့် တည်ဆောက်သောနိုင်ငံဟု ဆိုကြသော်လည်း တရားဝင် အကြမ်းဖက်မှုကို လက်ဝါးကြီးအုပ်သည့် သဘာဝ ရှိနေသည့်အတွက် အုပ်စိုးသူမဲ့ဝါဒီများနှင့် အခြားလက်ဝဲအုပ်စုများကိုပါ ရှင်းလင်းခြင်းများ လုပ်ခဲ့ကာ စတာလင်လက်ထက်တွင် ပိုဆိုးသွားပြီး သဘောမတူသူမှန်သမျှကို သုတ်သင်ခဲ့သည်။ လက်ဝဲတော်လှန်ရေး ကြီးလည်း ပြိုကျသွားခဲ့ရသည်။

ကမ္ဘာအနှံ့အပြားရှိ တော်လှန်ရေးများကို လေ့လာပါလျှင် တော်လှန်ရေး ရည်မှန်းချက် တစိတ်တပိုင်း အောင်မြင်သွားပြီး နိုင်ငံတော် စုဖွဲ့မှု စတင်သည်နှင့် စနစ်တခုလုံး ပြောင်းလဲပြီး တန်းတူညီမျှ ဖြစ်မည့် တော်လှန်မှုတိုင်းကို နိုင်ငံတော်က ရပ်တန့်စေသည်ကိုလည်းကောင်း၊ လူမှု အဆင့်အတန်းခွဲခြားမှု ပုံစံတမျိုးမျိုးကို တည်ဆောက်အခြေထိုင်လိုက်သည်ကိုလည်းကောင်း တွေ့ရ ပါလိမ့်မည်။ အင်္ဂလန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ တောင်အမေရိက နေရာစုံမှ တော်လှန်ရေးများတွင် အဆိုပါအဖြစ်မျိုးကို တွေ့ရလိမ့်မည်။ အမေရိကန် တော်လှန်ရေးတွင်မူ ထူးခြားသည်မှာ တော်လှန်ရေး၏ ရည်ရွယ်ချက်ကိုက ဗြိတိသျှအောက်က ခွဲထွက်ပြီး နိုင်ငံသစ်တည်ထောင်ရန် ဖြစ်သည်။ နိုင်ငံသစ်မှာ ထိုကာလက တိုးတက်သော အတွေးအခေါ်များစွာ ရှိသော်လည်း လူဖြူကြီးစိုးမှု၊ ဖိုဝါဒများဖြင့် တည်ဆောက်သည့် နိုင်ငံသာဖြစ်ခဲ့ပြီး နောက်တွင် ပြည်တွင်းစစ်မှ တဆင့် ကျွန်စနစ်ဖျက်သိမ်းရန် ကြိုးပမ်းနိုင်ခဲ့သည်။

တော်လှန်ရေးများ၏ အောင်မြင်မှုကို သေချာလေ့လာကြည့်ပါလျှင် ကိုလိုနီအလုပ်ခံရသော အခြေအနေ၊ အခြားလူမျိုး/အမျိုးသားလူထု၏ ကြီးစိုးမှုကို ဆန့်ကျင်ရုန်းထွက်ရန် တော်လှန်သည့် တော်လှန်ရေးများက ပိုမိုအောင်မြင်မှု ရသည်ကို မြင်ရပါသည်။ နိုင်ငံတော်၏ စုဖွဲ့မှုကို မပြောင်းပဲ ကိုယ့်အမျိုးသားလူထုမှ အာဏာရှင်များကို ပြန်လည်တော်လှန်သည့် တော်လှန်ရေးများသည် နောက်ထပ်အာဏာရှင်များ အာဏာရလာ တတ်သည်ကို တွေ့ရပြီး မိမိနိုင်ငံ လူမှုအသိုင်းအဝိုင်း၏ စနစ်ကိုအမြစ်လှန်သည့် ဒီမိုကရေစီနည်းကျ တိုးတက်သောနိုင်ငံ တည်ဆောက်နိုင်သည့် ရလဒ်များ ပိုမိုအားနည်းသည်ကို တွေ့ရတတ်ပါသည်။

နိုင်ငံတော်သည် အာဏာကိုသာ စုစည်းသည်မဟုတ်၊ တရားဝင်မှုကိုပါ စုစည်းပါသည်။ အတိုင်းအတာတခုရှိသော တရားဝင်မှုတကွ အာဏာပေါ်ပေါက်လာသည်နှင့် အုပ်ချုပ်မှု၏ ပဓာန စဉ်းစားချက်သည် စုဖွဲ့မှုကို ထိန်းသိမ်းရန် ဖြစ်သွားသည်။ ယင်းကဲ့သို့ အစီအစဉ် (Order) ကို ထိန်းသိမ်းရန် အကြမ်းနည်းများကို သုံးစွဲရမည်လည်း ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးများတွင် တရားဝင်မှုကို လက်ဝါးကြီးအုပ်သော ရန်သူအာဏာရှင်များက တရားဝင်မှုကို စိတ်မဝင်စားသော ရန်သူအာဏာရှင်များထက် ကြောက်စရာကောင်းသည့် အခြေအနေ ဖြစ်လာသည်။ ရှေးခေတ် အာဏာရှင် မင်းဘုရင်များက ဘုရားသခင် ခန့်အပ်ခြင်း ခံရသည်၊ မိုးကောင်ကင်က ခန့်အပ်သည်ဟု လွယ်လွယ်ပြောကာ အာဏာသုံးနိုင်ကြသော်လည်း ယနေ့ခေတ်တွင်မူ ပူတင်ဖြစ်စေ၊ မင်းအောင်လှိုင်ဖြစ်စေ အာဏာရှင်တိုင်း လူထုထောက်ခံမှု ရှိသည်၊ လူထုကို ကိုယ်စားပြုသည်ဟု ကြွေးကြော်ကာ တရားဝင်မှုကို ရှာဖွေကြသည်။

တော်လှန်ရေးများကို ဖြိုချချင်လျှင် အာဏာရှင်တိုင်း၏ ပထမဆုံးပြောသော စကားမှာ လူထု၏အကျိုးနှင့် ဆန့်ကျင်သည်ဟူသော စကားဖြစ်သည်။ အာဏာရှင်တိုင်း၏ ဇာတ်ညွှန်းထဲတွင် နိုင်ငံတော်သည် လူထုအကျိုးဆောင်သော အမြင့်ဆုံး စုဖွဲ့မှုဖြစ်ပြီး တော်လှန်ရေးများသည် လူထုအကျိုးကို ပျက်စီးစေသည်ဟု ဆိုကြလိမ့်မည်။ ထို့နောက် ရနိုင်သမျှ စွမ်းအားနှင့် အာဏာစုဖွဲ့မှုများကို သုံးစွဲကာ အကြမ်းဖက်၍ တော်လှန်ရေးကို ဖျက်ဆီးလိမ့်မည်ဖြစ်သည်။

တော်လှန်ရေးများ၏ ပျက်စီးမှုကို လေ့လာလျှင်လည်း အာဏာနှင့် တရားဝင်မှုကို ဗဟိုချုပ်ကိုင်လိုက်သည်နှင့် လိုအပ်သော အပြောင်းအလဲကို လူထုထံမှ ဖော်ဆောင်ရမည့်အရေးကို မေ့လျော့သွားပြီး သတ်မှတ်လမ်းကြောင်းအတိုင်း သွားရန်၊ ကြိမ်တို့မောင်းနှင်ဖို့ ဖြစ်လာသည်။ ပြင်သစ်တော်လှန်‌ရေးတွင်လည်း ဘုရင်ပြုတ်ကျပြီး တော်လှန်သူ အစုအဖွဲ့များ အာဏာရသည်နှင့် လူတစုထံ အာဏာရောက်ကာ ဗဟိုချုပ်ကိုင်မှုဖြစ်လာပြီး မူလရည်မှန်းချက်များ ပျက်စီးသည်အထိ ဖြစ်သွားရသည်။ ရုရှားတော်လှန်ရေး မတိုင်မီကာလတွင် ဦးဆောင်သူတို့ အလုပ်သမားသမဂ္ဂများ၏ တော်လှန်ရေးကို ပုံဖော်စဉ် နဂိုရှိရင်းစွဲ လယ်သမားအသိုက်အမြုံ (Peasant communes) များကို ဖျက်ဆီးပြီး မြို့များသို့ ရွှေ့ပြောင်းကာ အလုပ်သမားများ များပြားလာစေခြင်းကို ကောင်းမွန်သည်ဟု မြင်ခဲ့သည့် အခြေအနေများပင် ရှိခဲ့ဖူးသည်။

စုပေါင်းခေါင်းဆောင်မှုနှင့် အမိန့်စီးဆင်းမှုသည် တော်လှန်ရေးအတွက် အလွန်အရေးကြီး၏။ မဟာဗျူဟာကျကျ အောင်မြင်ရန် မရှိမဖြစ်လိုသည်။ သို့ရာတွင် ဗဟိုချုပ်ကိုင်မှု အားကြီးပြီး နိုင်ငံတော်အမြင်ဖြင့် တရားဝင်မှုနှင့် အာဏာကို စုစည်းခြင်းသည် အန္တရာယ်ရှိသည့်အဖြစ်ကိုလည်း မေ့၍မဖြစ်ချေ။ လူထုများကို အခြေမပြုပဲ၊ လူထုအသီးသီး၏ လိုလားချက်ကို ဗဟိုမပြုပဲ နိုင်ငံဟူသည့် အယူအဆကို ဗဟိုပြုသွားသည့်အခါ တော်လှန်ရေးမှ စုစည်းပေးသော အာဏာသည်ပင် တန်းတူညီမျှသည့် လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးတွင် အဆိပ်အတောက် ဖြစ်သွားနိုင်သလို ရည်မှန်းချက်ကို မရောက်မချင်း ဆက်လျှောက်လိုသူများအတွက်လည်း အတားအဆီး ဖြစ်လာနိုင်သည်ကို သတိကြီးစွာ ထားရမည် ဖြစ်ပေသည်။