• Today is: Monday, May 20, 2024

‘ဒီမို’ ဆိုတာဘယ်ကလူတွေလဲ၊ဘယ်လိုလူတွေလဲ

ဒီမိုဆိုတာ ဘယ်ကလူတွေလဲ၊ ဘယ်လိုလူတွေလဲ

 

စည်းနရီ | အတွေးအမြင်

ဒီမိုကရေစီအကြောင်း ပြောသည့်အခါ “Demos” ဟူသည့် လူထုက “Karatos” ဆိုသည့် အာဏာအင်အားကို သယ်ဆောင်ခြင်း၊ တနည်းအားဖြင့် လူထုအုပ်ချုပ်သောစနစ်ဟု သိကြပါသည်။ သို့ရာတွင် လူထုဟူသည် အဘယ်နည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် “လူထု” ဟူသော သတ်မှတ်ချက် အတွင်း ပါဝင်ခွင့်ရသနည်း။ မည်သို့သော အရည်အသွေးသတ်မှတ်ချက်နှင့် မပြည့်စုံပါက လူထုအတွင်း ပါဝင်ခွင့် မရနိုင်သနည်း။

လူထုကို ပြန်ကြည့်သည်ဟု ပြောတတ်ကြသော်လည်း၊ တည့်တည့် ပြောရလျှင် မျက်နှာမူသည့် ဗဟိုချက်များ ကွာဟနိုင်ကြသည်။ နိုင်ငံရေးသမားများက ကိုယ့်ပါတီနှင့် ကိုယ့်အယူအဆကို ထောက်ခံသူများကိုသာ လူထုဟုခေါ်ကာ ဗဟိုပြုမည်၊ စစ်တပ်ကလည်း သူ့အား ထောက်ခံသူများကိုသာ လူထုအမည်ဖြင့် ဗဟိုပြုမည်၊ တော်လှန်ရေးသမားများကလည်း တော်လှန်ရေးတွင် ပါဝင်သူများကိုသာ လူထုဟူ၍ ဗဟိုပြုမည်၊ လူမျိုးစုတို့ကလည်း လူမျိုးတူသူကိုသာ လူထုဟူ၍ ဗဟိုပြုမည်၊ အစရှိသော ဘက်ယိုင်မှုများကို ငြင်းမရအောင် လက်တွေ့ကျကျ တွေ့ရပါလိမ့်မည်။ အခြားနည်းဖြင့် ဘဝကို ရှင်သန်လိုသူများ၊ ဖြတ်သန်းလိုသူများအတွက်မူ လူထုဟူသော ရေတွက်ခြင်းမှ မကြာခဏ ဖယ်ထုတ်ခြင်း ခံရတတ်သည်။ ရံဖန်ရံခါ အာဏာကစားကြရာတွင် လူအနည်းစုအမြင်ကို “ပြည်သူလူထုအမြင်” ဟု ရည်ညွှန်း၍ လူအများစုကို အပြစ်တင် ဖယ်ထုတ်သည်ကိုပင် တွေ့ရတတ်သေးသည်။

ခေတ်သစ်နိုင်ငံတော် (State) ဟူသော စုစည်းချက်သည် သဘာဝအားဖြင့် ဥပဒေအရ စုဖွဲ့မှုဖြစ်ပြီး ၁၉ ရာစု ဥရောပ အရင်းရှင်နိုင်ငံများကြောင့် ပျံ့နှံ့ကာ ယနေ့ကမ္ဘာ၏ စံနှုန်း ဖြစ်လာခဲ့ သော်လည်း ရှေးယခင်နိုင်ငံများသည် တိကျသော နယ်မြေသတ်မှတ်ချက်နှင့်တကွ အတည်တကျ နေထိုင်သော လူထုရှိသည့် နိုင်ငံများ မဟုတ်ခဲ့ကြချေ။ ထို့ကြောင့်လည်း ဥရောပ၏ နှစ်သုံးဆယ် စစ်ပွဲအပြီး Westphalia မြို့တွင် နယ်မြေများသတ်မှတ်ကာ အခြားသူပိုင်ဆိုင်ရာနယ်မြေအတွင်းမှ အရေးအရာများ အချင်းချင်း ဝင်ရောက်စွက်ဖက်မှု မပြုရေးကို သဘောတူခဲ့ကြရခြင်း ဖြစ်သည်။ သို့ရာတွင် မိမိနိုင်ငံ၏ အရေးအရာများကို နိုင်ငံသားများမှ တစိတ်တပိုင်း ရွေးချယ်စီမံခွင့် ရှိသည့်တိုင် တိုင်းတပါးသားများအား စီမံခွင့်မပြုဟူသည့် အယူအဆကတော့ ယခင်ကပင် ရှိပြီးဖြစ်ပါသည်။ သာဓကအားဖြင့် အရစ္စတိုတယ်သည် အေသင်နိုင်ငံသား မဟုတ်သည့်အတွက် အေသင်၏ ဒီမိုကရေစီတွင် တိုက်ရိုက်ပါဝင်နိုင်ခြင်း မရှိပေ။

ယနေ့ခေတ်တွင် မဲပေးခွင့်ရှိခြင်း (Voting Right) နှင့် ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရခြင်း (Citizenship) နှစ်ခုသည် ခိုင်မာစွာချိတ်ဆက်တည်ရှိနေပြီ ဖြစ်သည်။ နိုင်ငံသားမဟုတ်သော်လည်း အချို့ ဒေသရေးရာများတွင် မဲပေးခွင့်ရှိသော အခြေအနေတချို့လည်း ရှိပါသည်။ ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ ကန်တုံပြည်နယ်အချို့တွင် ဒေသရေးရာ မြူနီစီပယ်ကိစ္စများအတွက် နိုင်ငံခြားသားများပါ မဲပေးခွင့်ပေးထားသည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံအများစုတွင်တော့ အလားတူ တွေ့ရမည်မဟုတ်ချေ။

ခေါင်းဆောင်များရွေးချယ်ခြင်းလည်းကောင်း၊ ပဓာနမူဝါဒ ရွေးချယ်ရာတွင်လည်းကောင်း နိုင်ငံသားများက မဲပေးရွေးချယ်ခြင်းသည် ရှင်းလင်းသောကိစ္စတစ်ရပ်ဟု ဆိုနိုင်သော်လည်း ကိုယ်စားပြုဒီမိုကရေစီများတွင် ကိုယ်စားလှယ်များ၏ မူဝါဒ အဆိုပြုချက်၊ ဥပဒေရွေးချယ်မှု နှင့် လုပ်ဆောင်ချက်များသည် မည်သူ့ကို ကိုယ်စားပြုသနည်းဆိုသည့် မေးခွန်းမှာ အဖြေလွယ်လွယ် မရှိပေ။ သာမန်အားဖြင့် ကိုယ်စားလှယ်တဦးသည် ပြည်သူတရပ်လုံး၏ ကောင်းကျိုးဆိုးကျိုးကို မိမိတို့ဆင်ခြင်တုံတရားဖြင့် စဉ်းစားရွေးချယ်နိုင်သည်ဟု ယူဆသည့် လူထုဂေါပကသဖွယ် ကျင့်ကြံသောပုံစံ (Trustee model) သို့မဟုတ် မိမိကို မဲပေးထားသော မဲဆန္ဒနယ်ကို ကိုယ်စားပြုကာ မိမိအမြင်နှင့် မညီပါစေ မဲဆန္ဒနယ်၏အသံကိုသာ သယ်ဆောင်ရမည်ဟူသည့်ပုံစံ (Agency model) ကို ပြောတတ်သည်။ သို့ရာတွင် နိုင်ငံရေးပါတီကိုလည်း သစ္စာရှိရသေးသည်။ နိုင်ငံရေးပါတီများသည် မိမိတို့ ပါတီဝင်များနှင့် တနည်းပြောရလျှင် မိမိတို့ အစီအစဉ် အာဂျင်ဒါကို မိမိတို့ ဦးတည်ရသည်မှာလည်း ထင်ရှားပါသည်။

လူထုအရေးအတွက်ဟူသော စကားလုံးကို နိုင်ငံရေးသမားနှင့် အာဏာရှင်ပုံစံ အမျိုးစုံက သုံးကြသည်။ ဟစ်တလာက အာရိယန်ဂျာမန်လူမျိုးများ ဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ဂျူးများနှင့် ပယ်ထုတ်ခံရသူ အုပ်စုအမျိုးမျိုးကို သတ်ခဲ့သည်။ တဘက်ကလည်း နာဇီကို အနိုင်တိုက်ခဲ့သည့် အမေရိကန်၊ ယူကေ၊ ဆိုဗီယက်တို့အပြင် ပိုလန်ကဲ့သို့ နာဇီကို တော်လှန်ခဲ့သည့် နိုင်ငံများမှာလည်း မိမိတို့နိုင်ငံနှင့် လူမျိုးအရေးအတွက်ဟူသော ခေါင်းစဉ်ပင်ဖြစ်သည်။ ထို့အပြင် ယနေ့ခေတ်ကဲ့သို့ ကမ္ဘာ့ရွာဟု တင်စားရသည့် ခေတ်တွင်ပင် နိုင်ငံများစွာသည် မိမိတို့ လူထုအတွက်ဟူသော ခေါင်းစဉ်အောက်မှ ချီးကျူးဖွယ်၊ ကဲ့ရဲ့ဖွယ် ကိစ္စများကို ပြုလုပ်ကြပြန်သည်။ Coppedge ၏ အဆိုအတိုင်း ပညာရပ်ဆွေးနွေးမှုများတွင် “ဒီမိုကရေစီဆိုတာ လူအများအုပ်ချုပ်တယ် ဆိုတာကလွဲလို့ နည်းလမ်းပိုင်း တခြားဘာမှ အားလုံးတညီတည်း သဘောတူထားတာ မရှိဘူး”ဟု ဆိုရမည်။ သေချာသည့် အချက်တခုကတော့ အရင်းမြစ်များသည် အကန့်အသတ်ရှိခြင်း၊ လူတို့၏ လိုလားမှုနှင့် အကျိုးစီးပွားများသည် ပဋိပက္ခများ ရှိကြသည်။

Occupy Wallstreet လှုပ်ရှားမှုတွင် “ငါတို့သည် ၉၉ ရာခိုင်နှုန်း” ဟူသော ကြွေးကြော်သံသည် ငါတို့သည် “Demos” လူထု ဖြစ်သည်ဟု ဆိုလိုရင်းပင် ဖြစ်သည်။ ပြီးခဲ့သော နှစ်များအတွင်း “Demos” လူထု၏ ဖွင့်ဆိုချက်သည် နိုင်ငံရေးသီအိုရီတွင် နေရာပြန်ရလာသည်။ ဆက်၍ “လူထု” ၏ ဖွင့်ဆိုမှု ရှုထောင့်များကို ဆွေးနွေးပါမည်။ သို့ရာတွင် ယခုရှုထောင့်များသည် အကျဉ်းချုပ် တင်ပြချက်သာဖြစ်ပြီး ပိုမိုကျယ်ပြန့်သော ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများကိုမူ ခြုံငုံနိုင်မည် မဟုတ်ပါ။

Mathias Koenig-Archibugi ၏ “Who are the People?” စာတမ်းတွင် Demos ကို ဖွင့်ဆိုပုံ ငါးမျိုးကို ဆွေးနွေးပါသည်။ ထိုငါးမျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။    မေးနေမည့်အစား လက်တွေ့ မဲပေးခွင့်ရှိသူများကိုသာ ကြည့်ပါ ဟူသောအမြင်

၂။     သရုပ်အသွင်တူကြသည့် အမျိုးသားလူထုများ (Nation) သည် ယင်းနိုင်ငံရေး စုဖွဲ့မှုတို့၏ သက်ဆိုင်ရာလူထု ဖြစ်သင့်သည် ဟူသောအမြင်

၃။    ဥပဒေများကို လိုက်နာရမည့် လူထုသည် ယင်းဥပဒေများကို ပြုစုရေးသားသော စုပေါင်းအုပ်ချုပ်ကြသည့် လူထု ဖြစ်သင့်သည် ဟူသောအမြင်

၄။    နိုင်ငံရေးအာဏာ၏ သက်ရောက်မှုကို ခံရမည့်သူသည် ဥပဒေအားဖြင့် စည်းနှောင်မှု မခံရသည့်တိုင် စဉ်းစားစရာ လူထုဖြစ်သင့်သည် ဟူသောအမြင်

၅။    နိုင်ငံရေးဆုံးဖြတ်ချက်ကြောင့် အကျိုးစီးပွား ထိခိုက်ခံရမည့်သူ မှန်သမျှသည် လူထုဟု သတ်မှတ်ခံရသင့်သည်ဟူသော အယူအဆ

လက်တွေ့တွင် မည်သူ့ကို လူထုဟု သတ်မှတ်သင့်သနည်းဟူသော မေးခွန်းအတွက် ဥပဒေရေးရာရှုထောင့်မှ ပိုမိုဆွေးနွေးကြသော်လည်း နိုင်ငံရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများတွင် ပုံစံအမျိုးမျိုးဖြင့် ပြောဆိုကြသည်။ ရံဖန်ရံခါတွင် နိုင်ငံရေးပါတီများသည် မိမိကို ထောက်ခံသူများ၊ ပါတီဝင်များကိုသာ လူထုဟု သတ်မှတ်နေကြသည်ကိုလည်း တွေ့ရသည်။ လူထု၏ ထောက်ခံမှုဟု ပြောလိုက်တိုင်း မိမိကို ထောက်ခံသူများကိုသာ လူထုဟု သတ်မှတ်သည်ကိုလည်း တွေ့ရသည်။ အထူးသဖြင့် ဝိရောဓိဖြစ်သည့် နိုင်ငံရေးအယူအဆအခြေခံ၊ သို့မဟုတ် နိုင်ငံရေးပါတီ နှစ်ခုရှိသည့် နိုင်ငံများတွင် နိုင်ငံရေးအယူ အစွန်းဘက်ရွေ့ခြင်း (Political Polarization) ဖြစ်တတ်ကာ မိမိတို့နှင့် မတူသူများသည် ပြည်သူ့ရန်သူဟူသော အယူအဆဖြင့် ပူးပေါင်းမှုအားနည်းပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးများတွင် အကြပ်အတည်း (Gridlock) တွေ့ရသည်ကိုလည်း မြင်ရပေသည်။ တည်ငြိမ်သော နိုင်ငံရေးစစ် ဖန်တီးနိုင်ရန်မှာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကိုယ်စားပြု ဒီမိုကရေစီကို သုံးစွဲသည့်တိုင် ပြည်သူ့ယုတ္တိတည်ဆောက်ရေး (Public Reason) တွင် နိုင်ငံသားများမှ အုပ်စုအားလုံး ပါဝင်ရန် လိုသည်ကိုလည်း မေ့ထား၍ မဖြစ်နိုင်ပါချေ။