• Today is: Sunday, May 19, 2024

နိမ့်ကျလာသည့်လူမှုဘဝများနှင့် အစားအသောက်များ၏ ဘေးအန္တရာယ်

နိမ့်ကျလာသည့်လူမှုဘဝများနှင့် အစားအသောက်များ၏ ဘေးအန္တရာယ်

 

သူရိန်ကျော်၊ သတင်းဆောင်းပါး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဧပြီ ၁၈၊ ၂၀၂၄

 

မြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ဖွံ့ဖြိုးတိုးတက်လာတော့မည့် အရိပ်လက္ခဏာများ တွေ့ရသော်လည်း ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းအုပ်ချုပ်ခြင်းများ ကြုံခဲ့ရပြီးနောက် တစစနှင့်နိမ့်ကျ သွားသည်မှာ အရှေ့တောင်အာရှနိုင်ငံများထဲတွင် အောက်ဆုံးအဆင့်ထိ ရောက်နေပြီဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်အခြေအနေတွင် စီးပွားရေး ကျန်းမာရေး ပညာရေးအဖက်ဖက်မှ ကျဆင်းနေသည်။ စစ်တပ်အာဏာသိမ်း အုပ်ချုပ်ပြီး နောက်ဆက်တွဲအဖြစ် ပြည်တွင်းမှာမငြိမ်မသက်ဖြစ်ပွားခဲ့ပြီး နိုင်ငံအဝှမ်း တော်လှန်ရေး စစ်ပွဲများဖြစ်ခဲ့သည်မှာ ယနေ့ထိတိုင်ပြီးဆုံးခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်မှာ သုံးနှစ်ကျော်ကြာလာသည့်တိုင် ဖွံဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည်ကိုတွေ့ရသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပိုင်းတွင် အသစ်ဝင်ရောက် လုပ်ကိုင်သည့်လုပ်ငန်း အနည်းငယ်သာရှိခဲ့ပြီး နဂိုရှိရင်းစွဲလုပ်ငန်းများမှာလည်း ထပ်တိုးလုပ်ဆောင်ခြင်းမရှိတော့ပဲ ရုတ်သိမ်းသွားကြသည်။

အာဏာသိမ်းမှုအလွန် နိုင်ငံကိုအုပ်ချုပ်နေသည့် စစ်ကောင်စီသည် ဒေသအနှံ့အများတွင် လူထုတော်လှန်ရေးနှင့် ရင်ဆိုင်နေရပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍပေါင်းစုံတွင် အာရုံစိုက်နိုင်ခြင်းပင် မရှိတော့ဘဲ ပြည်သူကိုသာ အမျိုးမျိုးဒုက္ခပေးပြီး ဆင်းရဲတွင်းထဲပို့နေသည်မှာ ယနေ့ပြည်သူများ ကြုံတွေ့နေရသည့် ဖြစ်ရပ်များက သက်သေပင်ဖြစ်သည်။

နေ့စဉ်ရှင်သန်နေထိုင်မှုတွင် အစားအစာနှင့်ကျန်းမာရေးသည် အရေးကြီးသည်။ ကျန်းမာစွာ အသက်ရှင်ရေး အတွက် သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် အစားအသောက်များဖြစ်ဖို့ အရေးကြီးသည်။

ဒီနေ့ခေတ် စားသောက်နေထိုင်မှုပုံစံတွင် အချိန်ကုန်သက်သာသည့် ရယ်ဒီမိတ်အသင့်စား စားသောက်ကုန်များဖြင့် အစားထိုးလာသည်။

“ပြည်သူတွေမှာ စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေရတယ်။ အိမ်မှာချက်ဖို့ပြုတ်ဖို့ အချိန်မရကြဘူး။ မီးကလည်းအချိန်မမှန်တော့ ပိုဆိုးတာပေါ့။ ဒါ့အပြင်ကုန်ဈေးနှုန်းက အမြဲတမ်းတက်နေပြီး နေ့စဉ်ဈေးဝယ်ချက်စားဖို့ရာကြတော့ ခက်ခဲလာတယ်။ ဒီတော့ အချိန်ကုန်သက်သာတဲ့ ရယ်ဒီမိတ် အစားအစာတွေပဲ စားလာကြတယ်။ ကျန်းမာရေးနဲ့ညီညွတ်လား၊ မညီညွတ်ဘူးလား မစဉ်းစားတော့ဘူး။ လောလောဆယ် အဆင်ပြေဖို့ပဲ အရေးကြီးတာကိုး။ နေထိုင်မကောင်းဖြစ်တဲ့အခါမှာလည်း အရပ်ထဲက ဆေးဆိုင်တွေမှာ ဆေးလေးဝယ်သောက် သက်သာတော့အလုပ်ကလေးပြန်လုပ်၊ ပြီးတော့အရင်ကလိုပဲ နေထိုင်စားသောက် လည်နေတာပေါ့။ ကြာလာတော့ရောဂါဖြစ်ပြီး ဆေးဆိုင်ကဆေးနဲ့ မသက်သာတော့မှ ဆရာဝန်တို့ ဆေးခန်းတို့လာပြကြတာ”ဟု သူငယ်ချင်းဆရာဝန်က ပြောသည်။

မီးဖိုချောင်မှာ နေ့စဉ်သုံးနေရသည့် ဆီ၊ ဆား၊ ဟင်းချိုမုန့်၊ ဟင်းခတ်မုန့်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမုန့်အပါအဝင် ဟင်းချက်ပြုတ်ရာတွင် သုံးသည့်ပစ္စည်းများ၏ အရည်အသွေးသည် မိသားစုကျန်းမာရေး အတွက် အလွန်အရေးပါသည်။ သုံးစွဲသည့်ပမာဏ အလိုက် လူကိုဘေးဒုက္ခပေးတတ်တယ်။ သွေးတိုး၊ ဆီးချို၊ အသည်း၊ နှလုံးရောဂါများသည် နေ့စဉ်စားသုံးသည့် အစားအသောက်များနှင့် တိုက်ရိုက်ပတ်သက်နေတယ်ဟု ၎င်းကပြောသည်။

ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးမြန်မာနိုင်ငံသည် အခြားအိမ်နီးခြင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လူတစ်ဦးခြင်းဝင်ငွေ အနှိမ့်ဆုံးမှာရှိသည်။ အဆင်းရဲဆုံးဖြစ်သည့်အတွက် အခြားနိုင်ငံများက မြန်မာနိုင်ငံသို့တင်ပို့သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများသည် အရည်အသွေးနိမ့် ပစ္စည်းများသာ ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်ပစ္စည်း များသည်လည်း အများသုံးနိုင်ရန် အရည်အသွေးနိမ့်ထုတ်လာသည်။ ထို့သို့အရည်အသွေးနိမ့် စားသောက်ကုန်များကို နှစ်ရှည်လများစွာ မဖြစ်မနေစားသုံးနေရသည့် အခြေခံလူတန်းစား ပြည်သူများသာလျင် တနေ့တခြားရောဂါတွေ ထူထပ်လာသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့်ကင်ဆာအဖြစ်များဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ အစားအသောက် အနေအထိုင်ကြောင့် ရောဂါများဖြစ်ရသည်ကို သိရှိစေရန် ပညာပေး လှုံ့ဆော်မှုအားနည်းသည်။

“မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဘယ်လောက်အဖြစ်များတယ်ဆိုတာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ တောင်ကြီး စစ်စံထွန်းဆေးရုံများရှိ ဓာတ်ကင်ဌာနကို သွားကြည့်ပါ။ ရန်ကုန်ရှိကင်ဆာဓာတ်ကင်ဌာနမှာ ဓာတ်ကင်ရန် အလှည့်ကျဖို့ အနည်းဆုံးတစ်နှစ်ခွဲလောက် စောင့်ရတယ်။ တောင်ကြီးရှိ ကင်ဆာဓာတ်ကင်ဌာနမှာလည်း ကင်ဆာဓာတ်ကင်ဖို့ရာ အလှည့်ကျစောင့်ရတာ အနည်းဆုံး ခြောက်လကျော် တနှစ်နီးပါးကြာတယ်။ ငွေကြေးတတ်နိုင်သူတွေက ပုဂ္ဂလိကအထူးကုဆေးရုံတွေနဲ့နိုင်ငံခြားထိသွားကုလို့ရပေမယ့် ငွေကြေးမတတ်နိုင်သူ အများစုက ဒီလိုပဲအလှည့်ကျစောင့်ကုရင်း ကိုယ့်အလှည့်မရောက်ခင် သေကုန်ကျသူတွေ မနည်းတော့ဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးသူ လူနာရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှာအဖြစ်များသည့်ကင်ဆာရောဂါများထဲတွင် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ ရင်သားကင်ဆာ အူမကြီးကင်ဆာများ ဖြစ်သည်။ နှစ်စဉ် နိုင်ငံတော်မှ ဘတ်ဂျက်ခွဲဝေသုံးစွဲရာတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ သုံးစွဲသည့်ပမာဏမှာ နည်းနေဆဲပင်ဖြစ်သည်။ ကျန်းမာရေးမကောင်း၍ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသမည် ဆိုပါကလည်း လူနာကုတင်နှင့် ဆရာဝန်ကြည့်ရှုစစ်ဆေး ပေးသည်မှလွဲပြီး ကျန်သည့်ကုသမှုများတွင် ငွေပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်သည်။ ဆေးရုံစရိတ် မတတ်နိုင်ကြလို့ လက်လျှော့ပြီး အိမ်မှာကုရင်းသေဆုံးသွားကြသူတွေ တနေ့တခြားများလာသည်။

တိုင်းဒေသနှင့်ပြည်နယ်များတွင် အခြားအရာများမတိုးတက်လျှင်သာနေမည်၊ စားသောက်ဆိုင်များနှင့် အရက် ဘီယာဆိုင်များမှာ တိုးတက်များပြားလာသည်။ ထို့အပြင် အရက်၊ ဘီယာ၊ ဆေးလိပ်အပါအဝင် စားသောက်ကုန် အမျိုးမျိုးနှင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်ကြီးငယ်များလည်း တိုးချဲ့ဖွင့်လှစ်ရောင်းချ လာကြသည်။

“သိန်းကျော်တန်ကနေ လေးငါးထောင်တန်ထိ အရက်ကိုအတုလုပ်ရောင်းချတာတွေ ရှိတယ်။ တချို့က အရက်ကြတော့ ငွေတစ်ထောင်ကျော်နဲ့ ဝယ်သောက်လို့ရတယ်။ မူးယစ်ဆေးပြားတွေဆိုလည်း လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရလာတယ်။ ဒီတော့ဘာခံနိုင်တော့မလဲ အရက်သမားဆေးသမားတွေဖြစ်ကုန်တာပေါ့။  တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါတွေဖြစ်ကြပြီး သက်တမ်းစေ့မနေရဘဲသေကုန်ကျတယ်”ဟု ကုန်စုံဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။

ယနေ့အနေအခြေအနေတွင် ပြည်သူတွေအစစအရာ အခက်အခဲဖြစ်နေသည်ကိုစာနာမှုမထားပဲ ကုန်ပစ္စည်းများအဝင်နည်းမှုအပေါ် အခွင့်ကောင်းယူပြီး ဝိသမစီးပွားရေးသမားတချို့မှ၊ ဈေးနှုန်းအဆမတန် မြှင့်တင်ကစားကြသည်။ ထို့အပြင် ဆန်၊ ဆီ၊ ဆေးဝါးကအစ ကုန်ပစ္စည်းများကို ရောနှောခြင်း အတုလုပ်ခြင်းများ ပြုလုပ်သည်။ ဈေးနှုန်းအမျိုးမျိုးတပ်ပြီး ရောင်းကြသည်။

“ဝယ်စားနေကြတံဆိပ်နဲ့ ရွှေဘိုပေါ်ဆန်းမွှေး ၂၄ပြည်တစ်အိတ်ကို တစ်သိန်းခုနှစ်သောင်းကျော် ပေးရတယ်။ ချက်စားတော့ အရင်လိုဆန်က မကောင်းတော့ဘူး။ ဆန်ကြမ်းတွေ အများကြီးရောထားတယ်။ ပင်ရင်းက ရောတာလား အခွဲဆိုင်တွေကတဆင့် ပြန်ရောတာလားတော့မသိဘူး။ ဝယ်တဲ့ဆိုင်ပြန်လဲလည်း ဆန်က အတူတူပဲဖြစ်နေတယ်။ ပေါ်ဆန်းမွှေးဆန်အစစ်ရချင်ရင် ဆန်စက်သွားဝယ်ရမလို ဖြစ်နေပြီ”ဟု ကိုယ်တိုင်ကြုံဘူးသည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

ယခုအချိန်အခါသည် လူကြီးများသာမက ကလေးငယ်များပါ ခေတ်စကားနှင့်ပြောရလျင် (ဂျင်း)ထည့်ခံနေရပြီ ဖြစ်သည်။ ကလေးတွေစားသည့်မုန့်ပဲသားရေစာများမှာ အရက်လိုအတုတွေမရှိသော်လည်း အရည်အသွေးနိမ့် ထုတ်လုပ်လာကျသည်။ တချို့မုန့်များကျ အရေအတွက်လျော့ချထားသည်။ အရင်သုံးရာသုံးရာ့ငါးဆယ်ကျပ်တန် ပဲနို့တစ်ဗူးသည်အခုခုနှစ်ရာကျော်ပေးရသည်။ တချို့ပါကင်လှလှလေဖောင်းမုန့်ထုတ်များသည် ဈေးနှုန်းအနည်းငယ် ခန့်တက်ပြီး အထဲကမုန့်အရွယ်အစားကို သေးပစ်သည်။ အရင်တထုပ်စာပါသည့် မုန့်အရေအတွက်သည် အခုနှစ်ထုပ်ဝယ်မှရသည်။ ကလေးတစ်ယောက်မုန့်ဖိုးသည် အရင်ထက်နှစ်ဆကုန်သည်။

“အခုအခြေအနေက နယ်စပ်ကုန်သွယ်ရေးလမ်းတွေဖွင့်တဲ့ ပိတ်တဲ့အပေါ်နဲ့ ငွေဈေးအပေါ်မူတည်နေတာပေါ့။ ပစ္စည်းအဝင်များမယ်၊ ငွေဈေးကျမယ်ဆိုရင် ဒီမှာရောင်းတဲ့အခါလည်း ဈေးကျတာပဲ။ ပိုဆိုးလာတာက လမ်းမှာပေးရတဲ့ဂိတ်ကြေးက အကျမရှိတော့ဘူးလေ။ ပိုတိုးလာတာပဲရှိတာကိုး။ ဆီဈေးနဲ့သယ်ယူ ပို့ဆောင်ရေးစရိတ်ကလည်းထည့်တွက်သေးတာဆိုတော့ တရုတ်ကလာတဲ့ ပစ္စည်း ထိုင်းပစ္စည်းတွေက ဈေးကျဖို့မလွယ်သေးဘူး”ဟု တောင်ကြီးမြို့က ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အုပ်ချုပ်လာခဲ့ပြီးနောက် နိုင်ငံအဝှမ်းအထွေထွေအကျပ်အတည်းများနှင့် ရင်ဆိုင်လာခဲ့ရသည်။ စားဝတ်နေရေး ကျန်းမာရေးတို့နှင့်ပတ်သက်သည့် ကဏ္ဍများ၌ ပြည်သူလူထုမှာ အဆိုးဆုံးခံစားရသည်။

မြန်မာနိုင်ငံတဝှမ်းစစ်ပွဲများကြောင့်အိုးအိမ်နှင့်နေရပ်စွန့်ခွာထွက်ပြေးရသည့် ပြည်သူနှစ်သန်းကျော်နှင့် အိုးအိမ်မဲ့ပြည်သူတစ်သန်းကျော်ထိ ရှိနေပြီဖြစ်သည်။

ထို့အပြင်စားဝတ်နေရေးခက်ခဲနေသည့်ပြည်သူများ တနေ့ထက်တနေ့ များပြားလာနေသည်။ အခက်အခဲ၊ အကျပ်အတည်းများ အားလုံးပြေလည်နိုင်ရေးသည် ခက်ခဲစွာဖြေရှင်းရမည့် ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေဦးမည်ဖြစ်သည်။

ထို့အပြင်စားဝတ်နေရေးခက်ခဲနေသည့်ပြည်သူများ တနေ့အခြားများပြားလာနေသည်။ အခက်အခဲ၊ အကျပ်အတည်းများ အားလုံးပြေလည်နိုင်ရေးသည် ခက်ခဲစွာဖြေရှင်းရမည့် ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေဦးမည်ဖြစ်သည်။

ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကြီးဆင်နွှဲနေသည်မှာ အောင်ပွဲနှင့် တစတစနီးလာနေပြီ။ မဝေးတော့သည့် အနာဂတ်အချိန်မှာ တိုင်းဒေသနှင့်ပြည်နယ်များတွင်ဖက်ဒရယ်ဒီမိုကရေစီအသီးအပွင့်များဝေဝေဆာဆာနှင့် ဖူးပွင့်ရန် အားကောင်းလာနေပြီဖြစ်သည်။

ယခုပြည်သူများရင်ဆိုင်နေသည့် စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းများ နောက်ဆက်တွဲ ဘေးအန္တရာယ် ဒုက္ခများအားလုံး စစ်အာဏာရှင်စနစ်နှင့်အတူအမြန်ဆုံးကွယ်ပျောက်ရန် ဝိုင်းဝန်းကြိုးစားရမည်ဖြစ်သည်။