• Today is: Tuesday, May 21, 2024

ဓမ္မဿရွာ (သို့မဟုတ်) စစ်ကောင်စီနဲ့ မွန်တို့၏ လမ်းခွဲခြင်းပြယုဒ်

ဓမ္မဿရွာ (သို့မဟုတ်) စစ်ကောင်စီနဲ့ မွန်တို့၏ လမ်းခွဲခြင်းပြယုဒ်

ညာဏ်လင်းပြည့် | သတင်းဆောင်းပါး 

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

၂၀၂၄ ခုနှစ် မတ် လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးကြောင့် ခြောက်ခြားပြေးလွှားနေတဲ့ လူအုပ်ကြားထဲမှာ သောကတွေပြည့်နှက်နေသော မွန်အမျိုးသမီးတစ်ဦးရဲ့ မီးလောင်နေတဲ့ အိမ်တွေကြားထဲမှာ မိခင်ပျောက်ရှာပုံတော် မြင်ကွင်းဟာ မွန်လူထုတစ်ရပ်လုံးရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့တယ်။

ဒီလှုပ်ခတ်မှုက မွန်တို့ရဲ့ စစ်အာဏာရှင်အပေါ်မုန်းတီးရမယ့် အသိကို သတိပေးလိုက်တာပဲဖြစ်တယ်။

မွန်လူထုရဲ့နိုင်ငံရေး အခန်း ကဏ္ဍကို နှစ်ပေါင်း ၆၀ ကျော်အကြာ မွန်လူထုအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မွန်လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ကသာ အဓိက ဦးဆောင်ဦးရွက်ပြုနေခြင်းဖြစ်တယ်။

သို့ပင်မဲ့ မွန်ပြည်နယ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဥ်ရင်တော်လှန်ရေးမှာ ပါဝင်မှုအားနည်းပြီး မွန်နိုင်ငံရေး ခေါင်းဆောင် သက်ကြီးပိုင်းအများစုဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပိုနီးစပ်တယ်လို့ လူအများရဲ့ ထင်မြင်မှုတွေရှိခဲ့ကြတယ်။

တော်လှန်ရေး၏ အစပိုင်းကာလတွေမှာ နိုင်ငံရေးအရ မွန်လူထုရဲ့ အားပေးထောက်ခံမှု အပြည့်အဝရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) ဟာ စစ်ကောင်စီနဲ့ တရားဝင်ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။မွန်ညီညွတ်ရေးပါတီကို စစ်ကောင်စီမှာပါဝင်ဖို့ ကမ်းလှမ်းခဲ့ရာမှာ ပါတီကိုယ်စားလှယ်အဖြစ် ဒေါက်တာဗညားတင်အောင်မိုးကို စေလွှတ်ခဲ့ပါတယ်။ ဒေါက်တာဗညားတင်အောင်မိုးကို စစ်ကောင်စီကလည်း စစ်ကောင်စီအဖွဲ့ဝင်အနေနဲ့ဖြင့် ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် မွန်ညီညွတ်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး နိုင်လယ်တမကိုလည်း မွန်ပြည်နယ် အုပ်ချုပ်ရေးကောင်စီမှာ ရာထူးပေးခန့်အပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မွန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မွန်လူထုကို ချုပ်ကိုင်နိုင်ရန် မွန်တို့၏ လိုအင်ဆန္ဒများကို ဟန်ပြ ဖြည့်ဆည်းပေးခဲ့ပါတယ်။ NLD အစိုးရလက်ထပ်မှာ မွန်လူထုတွေရဲ့ အခဲမကြေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့ နာမည်အပေါ်မှာ စစ်ကောင်စီရဲ့ မွန်လူထုကို ချွေးသိမ့်မှုတစ်ခုအဖြစ် သံလွင်တံတား(ချောင်းဆုံ) ဟုပြန်လည်ပြောင်းလဲပေးခဲ့ပြန်တယ်။ တံတားအမည်ပြောင်းပွဲအတွက် အဓိက ကူညီပံ့ပိုးသူတွေဟာ MUP က ဖြစ်ခဲ့ပါတယ်။

မျှော်လင့်စရာ တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ၏ ရပ်တည်ချက်မှာလည်း ပြတ်သားမှုမရှိခဲ့ပေ။ အာဏာသိမ်းကာလရဲ့ အစပိုင်းဖြစ်တဲ့ ၂၀၂၁ ဧပြီလကုန်ပိုင်းမှာ မွန်ပြည်သစ်ပါတီဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှာလည်း မွန်ပြည်သစ်ပါတီ က စစ်အာဏာရှင်တို့၏ အဖြေမထွက်တဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြန်တယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကလည်း ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလတွင် ထပ်မံတွေ့ဆုံခဲ့ကြပြန်တယ်။

မွန်ပြည်သစ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းက မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်ရတာဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့လည်း အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆွေးနွေးညှိနှိုင်းပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီ၏ ဥက္ကဋ္ဌ ထံမှာလည်း ဖက်ဒရယ်မူပြဌာန်းရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့အထိကို မွန်ပြည်သစ်ပါတီက ဆွေးနွေးတင်ပြမှုတွေ ပြုလုပ်ခဲ့ကြတယ်။ မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ်မှာ မွန်ပြည်သစ်ပါတီရဲ့ ယုံကြည်အားကိုးမှုဟာ မိမိလူမျိုးတွေအတွက် အဆိပ်အတောက်ဖြစ်စေမယ်ဆိုတာကို မွန်ခေါင်းဆောင်တွေ မေ့နေခဲ့ပုံပေါ်ပါတယ်။

မွန်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတို့ရဲ့ ဆက်ဆံရေးဟာ တခြားသော တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေထက် ပိုမိုရင်းနှီးခဲ့တယ်ဆိုတာ တော်လှန်ရေး ကာလ အစမှာ ထင်သာမြင်သာ မြင်တွေ့ခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ မွန်နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင်များ၏ နီးကပ်မှုရှိနေခြင်းကြောင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ NCA နှစ်ပတ်လည်ပွဲကို မွန်ပြည်သစ်ပါတီ မတက်ရောက်ဖို့ မွန်တော်လှန်ရေးအင်အားစုတွေက တောင်းဆိုရတဲ့ အခြေအနေအထိဖြစ်လာခဲ့ရတာပါ။

မွန်နိုင်ငံရေး ခေါင်းဆောင်များမှာ မည်သို့ပင်စစ်ခေါင်းဆောင်များနှင့် နီးကပ်သောဆက်ဆံရေးတွေ ရှိစေကာမူ မွန်ပြည်နယ်အတွင်းမှာ များစွာသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ကြုံတွေ့ခဲ့ကြရတယ်။ အာဏာသိမ်း ၃နှစ်တာ အတွင်း မွန်ပြည်နယ်အတွင်းမှာ ဖမ်းဆီးခံရသး ၉၀၀ ကျော်နှင့် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း ခံရသူ ၁၀၀ ကျော်ရှိနေပြီးဖြစ်ကြောင်း သိရပါတယ်။ ဒီအခြေအနေတွေ အပေါ်မှာ စစ်ကောင်စီနှင့် နီးစပ်တဲ့ မွန်အဖွဲ့အစည်းတချို့ မှာ နှုတ်ဆိတ်နေကြပါတယ်။

မွန်နိုင်ငံရေးထိပ်ပိုင်းခေါင်းဆောင်များကသာ စစ်ကောင်စီနှင့် ဆက်ဆံရေးကို တည်ဆောက်နေကြသော်လည်း မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးမှာလည်း အရှိန်လျော့ မနေခဲ့ပါ။ နိုင်ငံရေးဦးဆောင်မှုအတွက် CRMH(Committee Representing Mon State Hluttaw)၊ New Remhonya Federated Force(NRFF) နှင့် Mon State Federal Council) စတဲ့ အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့တယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အနေနဲ့လည်း မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ မြို့နယ်အလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေနှင့် Mon State Revolutionary Force(MSRF)၊ Mon State Defense Force(MSDF)၊ Mon State Revolutionary Organisation(MSRO) စသော လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြတယ်။ ထို့ပြင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသော မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) ဟူ၍ပင် ထပ်မံ ဖွဲ့စည်းပေါ်ပေါက်လာခဲ့တော့သည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်။ NMSP- AD အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းမှာ တဖြည်းဖြည်းအင်အားကောင်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာလည်း မကြာခဏတိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ထို တိုက်ပွဲများစွာထဲကမှ ရန်သူဟာ ရန်သူပီသတယ်ဆိုတဲ့ အသိနဲ့ မွန်လူမျိုးတို့ရဲ့ နှလုံးသားထဲကို တပ်လှန့်ခဲ့တဲ့ တိုက်ပွဲကတော့ ဓမ္မဿရွာတိုက်ပွဲလို့ပဲ ပြောရပါမယ်။ ဓမ္မဿရွာအတွင်းရှိ နေအိမ်တွေရဲ့ မီးလောင်ခဲ့တဲ့ မြင်ကွင်းက မွန်လူမျိုးအများစုကို အသက်အိုးအိမ်အတွက် စိုးရိမ်ပူပန်စိတ်တွေ စတင်ဖြစ်ပေါ်စေခဲ့တယ်။

မွန်လူမျိုးအများစုဟာ နိုင်ငံရပ်ခြားတွေမှာ အနှစ်နှစ်အလလ ဒုက္ခခံကာ ကိုယ်ရေ ကိုယ့်မြေမှာ အိမ်ကြီး အိမ်ကောင်းရဖို့ ကြိုးစားခဲ့ရတယ်။ ဒီ အတွက်ကြောင့်ပဲ မြန်မာနိုင်ငံရဲ့ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ချင်း၊ ကရင်နီ၊ စစ်ကိုင်း စတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေရဲ့ အိမ်တွေကို မီးရှို့ဖျက်စီးတဲ့ ပုံရိပ်ဟာ မွန်လူမျိုးတို့အတွက် တော်လှန်ရေးမှာ ပါဝင်ရင်ဆိုင်ဖို့ စိုးရိမ်စိတ်ကို မြင့်တက်စေခဲ့ပါတယ်။

ဒီလို အခြေအနေကို မည်သို့ပင်ရှောင်လွဲလိုစေကာမူ အာဏာရှင်ဟာ အာဏာရှင်ပီသကြောင်းကို ဓမ္မဿရွာရဲ့ အိမ်ခြေ ၉၀% မီးလောင်မြင်ကွင်းက သက်သေပြခဲ့ပြီး။ မင်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်ခဲ့သည်ဖြစ်စေ စစ်အာဏာရှင်ရဲ့ ဒုက္ခတွင်းထဲမှ မင်းတို့အတွက် သီးသန့် ကင်းလွတ်ခွင့်ဟူ၍ မရှိပေ။

ဒါကြောင့် မွန်နိုင်ငံရေးခေါင်းဆောင်ကြီးတွေ မျှော်လင့်ထားသလို စစ်ကောင်စီက ပေးမယ့် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဆောင်းအိပ်မက်လို မက်လို့ကောင်းရုံသာ ရှိပင်မဲ့ လက်တွေ့ အလုပ်မဖြစ်ဘူးဆိုတာ သိသင့်နေပြီး။ မွန်နိုင်ငံရေး ခေါင်းဆောင်ကြီးတချို့လည်း အိပ်မက်က နိုးထသင့်နေပါပြီး။

ဓမ္မဿကျေးရွာရဲ့ မီးလောင်မြင်ကွင်းကရလာတဲဘ ဝမ်းနည်းမှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး ရန်သူအပေါ် မွန်ပြည်သူတစ်ရပ်လုံးက ရန်ငါပြတ်ဖို့ အချိန်တန်နေပြီး။ ဓမ္မဿကျေးရွာက မွန်တို့နဲ့ စစ်အာဏာရှင်ရဲ့ လမ်းခွဲခြင်း ပြယုဒ်အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ဖို့ မွန်နိုင်ငံရေးခေါင်းဆောင်များနှင့် မွန်ပြည်သူတရပ်လုံးရဲ့ တာဝန်တစ်ခုပါပဲ။