• Today is: Thursday, March 28, 2024

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး ကျင်းပပြီးစီးကြောင်း ထုတ်ပြန်

(၃) ရက်ကြာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၁၉/၂၀၂၁) အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း NCA-S EAO အဖွဲ့ ထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၉ ရက်၊ ၂၀၂၁

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အစည်းအဝေး (၁၉/၂၀၂၁) သည် ယနေ့ စက်တင်ဘာလ (၉) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ဦးဆောင်မှု အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ် မိန့်ခွန်းနှင့်အတူ ထုတ်ပြန်ကြေညာ ထားသည်ကို တွေ့ရှိရသည်။

အစည်းအဝေး ကျင်းပြီးစီးကြောင်း ထုတ်ပြန် ကြေညာချက်တွင် နိုင်ငံရေး ရည်မှန်းချက်များ(၇)ချက် ချမှတ်နိုင်ခဲ့ပြီး စက်တင်ဘာလ (၇)ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ခဲ့သည့် အရေးအပေါ် အခြေအနေ ကြေညာခြင်း နှင့် ပတ်သက်၍ ထူးခြားတဲ့ အခြေအနေမှာ နိုင်ငံရေး တောင်းဆိုချက်အရ NUG ရဲ့ နိုင်ငံရေး ကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း PPST အနေနဲ့ ရှုမြင်သည်ဟု ဖော်ပြထားသည်။

ASEAN အာဆီ အထူးကိုယ်စားလှယ်ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ၊ ထောက်ပံ့မှု (Humanitarian Assistance) ပေးနိုင်ရေး အတွက် ကြိုးပမ်းမှုကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် အာဆီယံ သဘောတူညီချက် (၅)ရပ်ကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် ဖော်ပြထားသည်။

ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သည့် အကူအညီ၊ ထောက်ပံ့မှုများ ရရှိဖို့ ခက်ခဲ နေသည့် ပြည်သူလူထုများအတွက် PPST အနေနဲ့ များစွာ စိုးရိမ်မကင်း ဖြစ်မိပါကြောင်း ယင်းမိန့်ခွန်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

  • အစည်းအဝေးမှ ချမှတ်နိုင်ခဲ့သည့် နိုင်ငံရေး ရည်မှန်းချက် (၇)ချက်
  • (က) စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေး အဖြေရှာရန်
  • (ခ) အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူများ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများ နှင့် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာသွားရန်
  • (ဂ) တိုင်းပြည်၏ အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ်ချုပ်မှု နှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွဲ ပြောင်းရေးကို ဝိုင်းဝန်း အဖြေရှာကြရန်
  • (ဃ) နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံ အဆောင်အအုံ (Institutions) များကို ပြုပြင် ပြောင်းလဲမှုများ (Reforms) ပြုလုပ်သွားရန်
  • (င) တိုင်းပြည် ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာ ၀ပြောရေးတို့ကို ရှေ့ရှုပြီး လူထုကို ကာကွယ်မှု ပေးသော လုံခြုံရေးစနစ် တည်ဆောက်သွားရန်
  • (စ) ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးခြင်း နှင့် ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုများ အတွက် ဘ၀ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် ကုစားရေး အစီအစဉ်များ ဆောင်ရွက်သွားရန်
  • (ဆ) ရေရှည် တည်ငြိမ် ငြိမ်းချမ်း သာယာ၀ပြောဖွံဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန်

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၉ ရက်၊ ၂၀၂၁