• Today is: Friday, March 29, 2024

KNLA တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလို မတင်ရန် KNU ဗဟို ပြန်ကြားရေးက မေတ္တာရပ်ခံ

KNLA တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလို မတင်ရန် KNU ဗဟို ပြန်ကြားရေးက မေတ္တာရပ်ခံ

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့် စစ်ကောင်စီတပ်စခန်းများအား KNLA မှ တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက ပြည်သူများအနေဖြင့် online ပေါ်၌ အလျင်စလို မတင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပြန်ကြားရေးဗဟိုမှ မေတ္တာရပ်ခံ စာတစ်စောင်ထုတ်ပြန် လိုက်သည်။

အဆိုပါ ထုတ်ပြန်စာအား ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဗဟိုဌာန page စာမျက်နှာမှာ မနေ့ မွန်းလွဲ ၂ နာရီခန့်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြည်သူသို့ မေတ္တာရပ်ခံစာတွင် ပစ်ခတ်တိုက်မှုဖြစ်ပွားပြီး သည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့် နောက်၌ဖြစ်စေ စစ်ရေးအစီအစဉ်အရ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဆက်လက်လုပ်ဆောင် ရမည့်အရာများရှိနေသည့် အတွက်ကြောင့် ယခုလို မေတ္တာရပ်ခံခြင်းဖြစ်သည်။

ထို့အပြင် စစ်ရေးလှုပ်ရှားမှု အကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာ သက်ရောက်ပြီး စစ်မြေပြင်၌ ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှု ရှိနိုင် ကြောင်း KNU ဗဟိုပြန်ကြားရေးက ပြောသည်။

ပုံမှန်အားဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်း နှင့် စစ်ကူတပ်ဖွဲ့များ စေလွှတ်ခြင်းများကို ပြုလုပ်လျက် ရှိသည်ဟု မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည် ရောက်ရှိသောအချိန်မှသာ လျင် onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံကြောင်း KNU ဗဟိုမှ ပြည်သူများသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

ကရင် ပြည်နယ် အခြေပြု သတင်းဌာန (KIC) နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေး ဗဟို ထုတ်ပြန်ချက်ကို အခြေပြု၍ တင်ဆက်သည်။