• Today is: Friday, March 29, 2024

ငြိမ်းချမ်းရေးယူပြီးနောက် ‘ဝ’ဒေသသည် နိုင်ငံတစ်ခုလို တည်ဆောက်လာဟု ဉီးရဲထွန်းပြော

ငြိမ်းချမ်းရေးယူပြီးနောက် ‘ဝ’ဒေသသည် နိုင်ငံတစ်ခုလို တည်ဆောက်လာဟု ဉီးရဲထွန်းပြော

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၁

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူပြီးနောက် ‘ဝ’ ဒေသကို တည်ဆောက်လာရာ နိုင်ငံငယ် တစ်ခုကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

‘ဝ’ ဒေသသည် ငြိမ်းချမ်းရေးယူပြီးနောက် ကိုယ့်တပ်၊ ကိုယ့်ဒေသ၊ ကိုယ့်လူထုနှင့် ကိုယ့်နိုင်ငံငယ်လေး တစ်ခုကဲ့သို့ တည် ဆောက်လာပြီး အခွန်ကောက်ခံမှုစနစ်ကို ထူထောင်ထားနိုင်ခဲ့သလို တရုတ်ပြည်မှ ရင်းနှီးမြှပ်နှံမှုများလည်း လက်ခံမှု ရှိသည် ဟု ၎င်းက ဆိုသည်။

ဦးရဲထွန်းက “ဝ ဒေသက ဗကပကို တွန်းလှန်လိုက်ပြီးနောက် အဲဒေသမှာ ယေဘူယျ စိုက်ကြပျိုးကြတာက တောင်ပေါ် ဒေသဆိုတော့ ဘိန်းစိုက်တာများတယ်။ ဘိန်းထွက်တာများတယ်။ အဲဟာက တရုတ်ပြည်အတွက်လည်း မကောင်းဘူး။ ‘ဝ’ဒေသအတွက်လည်း မကောင်းနိုင်ဘူးလို သိတဲ့အခါကြတော့ တောင်ပေါ်တွေမှာဆို လက်ဖက်၊ တောင်စောင်း ချိုင့်ဝှမ်း တွေမှာဆိုရင် ရာဘာတွေ စိုက်ဖို့ တရုတ်ပြည်ဘက်က ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို မက်လုံးပေးပြီးတော့ Import လုပ်ဖို့ အားပေးတိုက်တွန်းတာပေါ့။ ‘ဝ’ နယ်မှာ အဲဟာတွေလည်း လုပ်တယ်။ ဆိုတော့ သူတို့ ဆီမှာ သွားပြီးလေ့လာရင် နိုင်ငံငယ် လေး တစ်ခုလိုပါပဲ။ လျှပ်စစ်ဓါတ်အားရတယ်။ ရွာတွေအထိ ရောက်တယ်။ ရေအားလျှပ်စစ်တွေ ရှိတယ်။ မော်တော် ကား လမ်းတွေ ကောင်းတယ်။ စက်ရုံတွေ ရှိတယ်။ သတ္ထုတွေလည်း ထွက်တာကိုးဗျ” ဟု ပြောသည်။

‘ဝ’ဒေသ နိုင်ငံရေးကေဒါကျောင်းမှ လူငယ်ကေဒါများအတွက် ပထမဆုံး လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ဖွင့်လှစ်ခဲ့သည်။ထို’ဝ’ဒေသ နိုင်ငံရေးကေဒါသင်တန်းဖွင့်လှစ်ခြင်း အပါအ၀င် တခြားသော UWSA ၏ လက်ရှိဖြစ်တည်နေမှုများကို လေ့လာကာ ဉီးရဲထွန်းက အထက်ပါအတိုင်း သုံးသပ်ပြသည်။

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာ၀န်ခံ ဦးညီရမ်းက “အဲလိုလည်း ကျနော်မသိဘူး။ ကျနော်လည်း အပြင်ရောက်နေလို့ ကျနော်လည်း ‘ဝ’ ပြည်တွင်းမှာ မရှိတော့ Information မရဘူး ဖြစ်နေတယ်။ ကျနော်တို့ ‘ဝ’ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား တွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ‘ဝ’ ပြည်နယ်မှာလည်း ရှမ်းလူမျိုးတွေလည်း ရှိတယ်၊ လားဟူ လူမျိုးတွေ လည်း ရှိတယ်။ လူမျိုးပေါင်းစုံပေါ့နော်။ ကျနော်တို့ မခွဲခြားပါဘူး။ အရည်အချင်း ပြည့်မီတဲ့သူ အားလုံးတက်နေတာတော့ တွေ့ရတာပေါ့” ဟု ပြောသည်။

လက်ရှိ ဖွင့်လှစ်လိုက်သည့် လူငယ်ကေဒါ သင်တန်းကျောင်းကို လူဦးရေ မည်မျှ တက်ရောက် သင်ကြားနေသည်ကို မသိရှိ သေးဟု ဦးညီရမ်းက ဆိုသည်။

‘ဝ’-UWSA သည် တရုတ်ပြည်၏ စနစ်ကို ယူထားခြင်းဖြစ်ပြီး ကေဒါကျောင်း ဖွင့်လာသည်မှာ ယခုမှ မဟုတ်ဘဲ ယခင် ကတည်းက တိုင်းရင်းသားလက်နက်ကိုင်များ၏ လူငယ်ကေဒါများကို ဖွင့်လှစ်သင် တန်းပေးခဲ့ကြောင်း ဦးရဲထွန်းက ပြောသည်။

UWSA နှင့် နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်‌ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် ကိုးကန့်တပ် (MNDAA) တို့မှ လူငယ်ကေဒါများ လာ၍ တက်ရောက်မှုများ ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

ဦးရဲထွန်းက “နိုင်ငံရေး သင်တန်းကျောင်း ဖြစ်တဲ့အတွက်မို့ ကျနော်တို့ ရှိတုန်းက ကွန်မြူနစ်ဝါဒပေါ့၊ ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်တဲ့ဟာတွေ သင်တာပေါ့၊ နောက် မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ အခြေအနေ၊ နောက် မာက်စ်ဝါဒ၊ မော်စီတုန်း အတွေးအခေါ် ဒါတွေပေါ့။ အခု နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ဖျက်ပြီးတဲ့ အခါကြ တော့ ဗမာကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့ မာက်စ်ဝါဒတို့ကိုတော့ သင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျ‌နော်ထင်တယ် တရုတ်ပြည်ထဲက ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ ဖြစ်ကောင်း ဖြစ်နိုင် တာပေါ့” ဟု ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး ယူပြီးနောက် ကိုယ့်တပ်ကို မတည်ဆောက်ပဲ ပစ်ထားပါက တပ်ပိုင်းဆိုင်ရာ ပျက်သွားခြင်း အပါအ၀င် အတွေးအခေါ်၊ စစ်နှင့်ဆိုင်သည့် အတတ်ပညာများ ပျက်သွားခြင်းများ ရှိသည့် အတွက် အရေးအကြောင်းဆို အရှုံးနှင့် ရင်ဆိုင်ရနိုင်ခြင်းကြောင့် UWSA သည် ယခုကဲ့သို့ တည်ဆောက်လာခြင်းဖြစ်သည်ဟု ဦးရဲထွန်းက သုံးသပ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များထဲတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် UWSA ‘ဝ’ တပ်ဖွဲ့သည် အရာရှိများနှင့် တပ်သားများကို အဆင့်မြင့်တင်ပေးရန် ဗိုလ်လောင်းသင်တန်းကျောင်းကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ နေ့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ပန်ဆန်းမြို့ ၊ရောင်တိမ်းကျေးရွာတွင် စတင်ဖွင့်လှစ်လိုက်ထားသည်။

‘၀’ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)မှ ခွဲထွက်ခဲ့ပြီးနောက် ‘ဝ’ပြည် သွေးစည်း ညီညွှတ်ရေးပါတီ (UWSP/UWSA)ကို ဖွဲ့စည်း၍ အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ယူခဲ့သည်။

ထို့နောက် အစိုးရဘက်က UWSA ကို အထူးဒေသ(၂)အဖြစ် ‘၀’ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့သည်။ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ် မှတ် ပေးထားသည်။

အဆိုပါ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် UWSA သည် ကိုယ်ပိုင် လက်နက်ကိုင်တပ်၊ ရဲတပ်ဖွဲ့၊ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ တို့ကို ဖွဲ့စည်း၍ လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး အကောင်ခွန်ဌာန၊ တရားရေးဌာန၊ လူ၀င်မှုကြီးကြပ်ရေးဌာန၊ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန တို့အပါအ၀င် တခြားသော ဌာနဆိုင်ရာများကို ဖွဲ့စည်းကာ ‘၀’ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CNI News ၏ သတင်းအရင်းအမြစ်ကို အခြေပြု ကိုးကား တင်ဆက်သည်။