• Today is: Thursday, March 28, 2024

ထန်တလန်ပြည်သူများ မြို့မှစွန့်ခွာပြီး အိန္ဒိယနယ်စပ်သို့ စစ်ရှောင်များလာ

ထန်တလန်ပြည်သူများ မြို့မှစွန့်ခွာပြီး အိန္ဒိယနယ်စပ်သို့ စစ်ရှောင်၊ ထန်တလန်မြို့ပေါ်တွင် လူအနည်းငယ်သာ ကျန်တော့

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁

စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်းကြောင့် ချင်းပြည်နယ် ထန်တလန်မြို့ခံပြည်သူများသည် မြို့မှစွန့်ခွာပြီး အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ထန်တလန်မြို့ပေါ်၌ မြို့ခံအနည်းငယ်သာ ကျန်တော့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

” ဒီနေ့မှာ နောက်ဆုံးအသုတ် မြို့ကို စွန့်ခွာသွားပြီ၊ နယ်စပ်ဘက်ကို တိမ်းရှောင်ကြတာပေါ့။ ထန်တလန်မြို့မှာက လူဦးရေ တစ်သောင်းကျော်ရှိတာ၊ အခု တစ်မြို့လုံးနီးပါး ပြေးတာဆိုတော့ မြို့ပေါ် လူမကျန်တော့သလောက် ဖြစ်သွားပြီ။ စစ်ကောင်စီက မြို့ပေါ်မှာ အိမ်တွေကို လက်နက်ကြီးတွေနဲ့ပစ် လမ်းပေါ်တွေ့တဲ့လူလည်း သေနတ်နဲ့ လိုက်ပစ်နေတော့ မြို့ပေါ်မှာ ဘယ်သူမှ မနေရဲတော့တာ” ဟု ထန်တလန် ဒေသခံတစ်ဦးမှ ပြောသည်။

ထန်တလန်မြို့သည် ချင်းပြည်နယ်မြို့တော် ဟားခါး၏ အနောက်မြောက်ဖက် ၂၃ မိုင်ခန့်အကွာအဝေးတွင် တည်ရှိပြီး မြို့ကိုစွန့်ခွာကာ စစ်ရှောင်နေသည့်လူဦးရေအား အတိအကျ ပြောလို့မရကြောင်း ဒေသသတင်းရင်းမြစ်မှ ပြောသည်။

“ထန်တလန်မှာက ကောလာဟလတွေရော၊ သတင်းမှားတွေရောက ပြန့်နေတာ၊ အဲဒါတွေကြောင့် ရှောင်ကြတာလည်း ဖြစ်နိုင်တယ်၊ တစ်မြို့လုံး စစ်ရှောင်ကြပြီဆိုတာတော့ မသေချာဘူး၊ ထန်တလန်က နယ်စပ်နဲ့ နီးတော့ အဲဒီဘက်က ပိုလုံခြုံလို့လည်း ဖြစ်နိုင်တယ်” ဟု ချင်းသတင်းရင်းမြစ်များက ဆိုသည်။

စက်တင်ဘာလ ၁၈ ရက်တွင် ထန်တလန်မြို့ အနီးဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် ထန်တလန် CDF၊ CNA ပူးပေါင်းတပ်ဖွဲ့များ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော် သေဆုံးခဲ့သည်ဟု ထန်တလန် CDF ထံမှ သိရသည်။

အကျအဆုံးများခဲ့သော စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ထန်တလန်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်ရန် လာသော သင်းအုပ်ဆရာတစ်ဦးအား အကြောင်းမဲ့ ပစ်သတ်ပြီး လက်ချောင်းအား ဖြတ်ကာ လက်စွပ်အား ခိုးယူသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထန်တလန်မြို့တွင် အကြမ်းဖက်မှုများ၊ ညအချိန်မတော် ဧည့်စာရင်း စစ်မှုများ၊ လုံခြုံရေး ထိပါးနှောင့်ယှက်မှုများ ပြုလုပ်နေသ၍ အမြစ်ပြတ်တိုက်ခိုက်သွားမည်ဟု CDF ထန်တလန်မှ မနေ့ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။