• Today is: Sunday, May 26, 2024

သုံးပါးသော အပြောင်းအလဲ

▄ သုံးပါးသော အပြောင်းအလဲ

အပြောင်းအလဲတိုင်းအတွက် လူထုလိုပါတယ်။ နိုင်ငံရဲ့ စနစ်တစ်ခုလုံးကို ပြောင်းဖို့ လူထုလိုတယ်။ နိုင်ငံရဲ့ စနစ် အပြောင်းအလဲမှာ အစိုးရ အပြောင်းအလဲဟာ အခရာကျပါတယ်။ စနစ်အပြောင်းအလဲကို ပံ့ပိုးပေးတာက လူ့အဖွဲ့ အစည်းရဲ့ သဘောထားဖြစ်ပါတယ်။ အပြောင်းအလဲကို ယေဘုယျအားဖြင့် အပိုင်း (၃) ပိုင်းခွဲ ပြောနိုင်ပါတယ်။

  • အစိုးရ အပြောင်းအလဲ (Regime Change)
  • စံနစ်အပြောင်းအလဲ (System Change)
  • လူ့အဖွဲ့အစည်း အပြောင်းအလဲ (Society Change)

အစိုးရအပြောင်းအလဲအတွက် အရေးအကြီးဆုံးဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပါတယ်။ ခေတ်၊ စံနစ်အပြောင်းအလဲအတွက် အရေးအကြီးဆုံးဟာ မူနဲ့ စံတန်ဖိုးတွေ အပြောင်းအလဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအပြောင်းအလဲအတွက် အရေးအကြီးဆုံးဟာ အမူအကျင့်ပြောင်းအလဲရေးပဲဖြစ်ပါတယ်။ ချုပ်၍ ယူရင် Political change, principle change နဲ့ behavior change လို့ နားလည်လို့ ရပါတယ်။

▄ အစိုးရအပြောင်းအလဲ

အစိုးရအပြောင်းအလဲဖြစ်ရုံနဲ့ လူ့အဖွဲ့အစည်း ပြောင်းလဲသွားတယ်ဆိုတာ မရှိပါ။ သို့သော်လည်း တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်မှု ပုံစံပြောင်းသွားရင် စံနစ် အပြောင်းအလဲဖြစ်သွားနိုင်တာမို့၊ လူ့အဖွဲ့အစည်းကလည်း လိုက်ပါ ပြောင်းလဲလာပါလိမ့်မယ်။ သို့သော် အပြောင်းအလဲအတွက် ကျော်ဖြတ်ရမယ့် အခုအခံ၊ အတားအဆီးတွေရှိနေပါတယ်။ တခါတရံ လူ့အဖွဲ့အစည်း ကိုယ်၌က အစိုးရအပြောင်းအလဲကို အလိုရှိနေတယ်။ တခါတရံ အစိုးရဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ အလိုရှိနေတယ်။ ဒီနှစ်ခုဟာ တစ်လှည့်စီဖြစ်ပေါ်နေတယ်။ ဘယ်လိုအခြေအနေမျိုးမှာ လူ့အဖွဲ့အစည်းဟာ အစိုးရအပြောင်းအလဲကို တောင်းဆို လေ့ရှိသလဲ။

  • လူထုဟာ အစိုးရကို အယုံအကြည် မရှိတော့ရင် အစိုးရအပြောင်းအလဲကို အလိုရှိတယ်။
  • လူထုဟာ အင်မတန် ခက်ခဲ ကြပ်တည်းပြီး ဖိနှိပ်မှု ညှင်းပန်းမှုတွေ ခံရလွန်းမက ခံရလာရင် အစိုးရအပြောင်းအလဲကို အလိုရှိတယ်။
  • လူထုဟာ တည်ဆဲအိုင်ဒီယာတွေကနေ ရွေ့လာရင် အစိုးရအပြောင်းအလဲကို အလိုရှိတယ်။
  • လူထုဟာ သူတို့နေ့စဉ်ဘဝ အဆင်ပြေချောမွှေ့မှုတွေကို ကဖျက်ယဖျက်လုပ်ခံရ၊ ဖျက်လိုဖျက်စီးလုပ်ခံရရင် အစိုးရအပြောင်းအလဲကို အလိုရှိတယ်။
  • လူထုဟာ အကြောက်တရားကနေ လွတ်မြောက်ချင်တယ်၊ လွတ်လပ်မှုကို ပိုလိုအပ်လာရင် အစိုးရအပြောင်းအလဲကို အလိုရှိတယ်။
  • လူထုဟာ သူတို့ရဲ့နေ့စဉ်ဘဝ ချောင်လည်မှုကို ဖျက်စီးတဲ့အစိုးရလက်အောက်မှာ မနေချင်ဘူး။

လူတွေဟာ လတ်တလော အခက်အခဲ အကျပ်အတည်းတွေကို ကြည့်ပြီး အစိုးရအပြောင်းအလဲကို မျှော်လင့်ကြတယ်။ ဟိုးရှေးရှေးတုန်းလည်း မင်းလောင်းမျှော်တဲ့အကျင့်တွေ ရှိတယ်။ လက်ရှိ ဘုရင် စိုးစံမှုအောက်မှာ နေထိုင်ရတာ မနေပျော်တော့ဘူး၊ မနေသာတော့ဘူး။ ငြီးငွေ့လှပြီ။ ခက်ခဲကျပ်တည်းတာတွေ လည်း ပြေလည်လှတာ မရှိဘူး။ ဒါဆိုရင် မင်းလောင်းမျှော်တာပဲ။ ဒါပေမယ့် မျှော်သာ မျှော်တာ လူထုက ကိုယ်မနှစ်သက်တဲ့ ဘုရင်ကို ပြန်လည် ပုန်ကန်တယ်ဆိုတာတော့ ဖြစ်တောင့် ဖြစ်ခဲ။ ပုန်ကန်ရင်လည်း သေရင် မြေကြီး၊ ရှင်ရင် ရွှေထီး… မို့ တော်ရုံနဲ့ စွန့်စားလုပ်ဆောင်ကြတာ ခဲယဉ်းလှတယ်။ ထားတော့။

အစိုးရအပြောင်းအလဲဖြစ်တိုင်း မူဝါဒတွေ ပြောင်းလဲတာတော့ မဟုတ်ဘူး။ ဒီပုတ်ထဲက ဒီပဲ… ဖြစ်နေတတ်သေး တယ်။ မြန်မာစကားမှာ – နောက်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန် ထက် ကဲ… ဆိုတာ ရှိသေးတယ်။ နောက်တက်လာတဲ့သူ က ရှေ့လူထက် ပိုဆိုးတာမျိုးလည်း ကြုံတတ်တယ်။ ဒီတော့ – လူကိုဗဟိုပြုပြီး ပြောင်းလဲမယ်ဆိုတဲ့ အစိုးရ အပြောင်းအလဲဆိုတာမှာ မှန်းဆ မျှော်လင့်ပြီးတော့သာ လုပ်ကြရတာ။ တကယ်တော့ သေချာလှတယ်လို့ မရှိပါ။

မြန်မာတွေဟာ မူကို လူက လုပ်တာ၊ စံနစ်ကို လူက လုပ်တာလို့ ထင်ကြတယ်။ ဒါ့ကြောင့် မနှစ်သက်ရင် မူတို့ စံနစ် တို့ကို ပြင်ကြ၊ ပြောင်းကြ၊ ဖျက်ကြပါတယ်။ ဒါပေမယ့် အခု စံနစ်ကောင်း၊ မူကောင်းကို တသတ်မတ်တည်း အစဉ်တစိုက် လိုက်ပါဆောင်ရွက်နိုင်အောင် ခိုင်မာအောင် တည်ဆောက်နိုင်မှုမှာတော့ အားနည်းတယ်။ ရှေ့က လုပ်ထုံးနဲ့ ကျင့်ထုံးတွေကို မနှစ်သက်လို့ ပြင်ကြ၊ ဖျက်ကြတာတော့ မြန်မာတွေ လုပ်တတ်ပြပါတယ်။ တကယ် မူကောင်း၊ စံနစ်ကောင်းကို အခြေအမြစ်ကျကျ တည်ဆောက်နိုင်မှုမှာတော့ မြန်မာတွေက ညံ့ဖျင်းလှတယ်။

အစိုးရအပြောင်းအလဲတိုင်းဟာ စံနစ်အပြောင်းအလဲကို မဖြစ်စေပါဘူး။

  • စံနစ်မပြောင်းရင် ခေတ်မပြောင်းပါ။
  • ခေတ် မပြောင်းရင် လူတွေရဲ့ အကျင့်စရိုက်တွေ မပြောင်းပါ။
  • လူတွေရဲ့ အကျင့်စရိုက်တွေ မပြောင်းရင် လူ့အဖွဲ့အစည်းလည်း မပြောင်းပါ။

အပြောင်းအလဲအတွက် လူထုလိုသလို၊ အပြောင်းအလဲအတွက် ကျော်လွှားရမယ့်အရာတွေ၊ ရှိထားရမယ့်အရာတွေ၊ လုပ်ရမယ့်အရာတွေ ရှိနေပါတယ်။

▄ ရှိထားရမယ့်အရာ

အပြောင်းအလဲအတွက် လက်ရှိ တည်ဆဲအခြေအနေအပေါ် မကျေနပ်မှု ရှိရပါမယ်။ လူဟာ ကျေနပ်ရင် မပြောင်းအလဲ လုပ်ချင်စိတ် မရှိပါ။ လက်ရှိ ရနေတဲ့ လစာဝင်ငွေ၊ လက်ရှိ ရထားတဲ့ အခွင့်အရေး၊ လက်ရှိရထားတဲ့ လုပ်ပိုင်ခွင့်၊ လက်ရှိယူထားရတဲ့အလုပ်တာဝန်၊ လက်ရှိ ဆက်ဆံနေရတဲ့ လူ့ပတ်ဝန်းကျင်… စတာတွေကို နှစ်သက် ခုံမင်နေရင် လူဟာ လက်ရှိဒီနေရာမှာပဲ နေပါတယ်။ တခြားနေရာကို ပြောင်းဖို့ မစဉ်းစားပါ။ လက်ရှိ တည်ဆဲ အနေအထားတွေကို မနှစ်သက်မှု၊ မကျေနပ်မှု၊ လက်ရှိ အခြေအနေနဲ့ပတ်ဝန်းကျင်က အဆင်မပြေမှုတွေ ပေးလာတဲ့အခါ လူဟာ မနေပျော်တော့ဘူး။ မနေသာတော့ဘူး။ ဒီတော့ နေရာအပြောင်းအလဲကို အလို ရှိလာတတ် တယ်။ အဆင်မပြေမှုနဲ့ အခက်အခဲတွေဟာ လူရဲ့ အပြောင်းအလဲကို တွန်းပို့စေတဲ့အရာဖြစ်ပါတယ်။ ထိုနည်း လည်းကောင်း တည်ဆဲအခြေအနေတွေကနေ မကျေနပ်မှုတွေ စုပေါင်းလာခဲ့ရင် အပြောင်းအလဲကို တွန်းပို့ခံရပါ တယ်။ ဒီတော့ လူဟာ အပြောင်းအလဲကို အလိုရှိလာတယ်။

အပြောင်းအလဲကို အလိုရှိတိုင်း ပြောင်းလဲသလားဆိုတော့၊ မပြောင်းလဲသေးပါဘူး။ ဘယ်ကို ပြောင်းလဲမှာလဲဆို တာ ဆုံးဖြတ်ရပါတယ်။ သတ်မှတ်ရပါတယ်။ ဒီတော့ ရည်မှန်းချက် ၊ ဦးတည်ချက် ပြတ်ပြတ်သားသား ရှိထားမှလည်း ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ မနေချင်ဘူးဆိုတာနဲ့ အပြောင်းအလဲဟာ မဖြစ်ပါ။ ဘယ်နေရာကို သွားချင်တာလဲ၊ ဘယ်ဆီကိုရောက်ချင်တာလဲ။ တိကျတဲ့ ဦးတည်ချက် ရှိမှ ရပါလိမ့်မယ်။ သို့သော်လည်း ဦးတည်ချက် ရှိတိုင်း၊ ရည်မှန်းချက် ရှိတိုင်း အပြောင်းအလဲဟာ မဖြစ်သေးပါ။ လက်တွေ့လုပ်ဆောင်ရမယ့် အစီအစဉ် အသေးစိတ်လိုပါတယ်။ ဘယ်နေရာကို ဘယ်လို အစီအစဉ်နဲ့ ဘယ်အချိန်ကျရင် ရောက်အောင်၊ ဖြစ်အောင် ပြောင်းလဲမယ်ဆိုတဲ့ တိကျတဲ့အစီအစဉ် လိုပါတယ်။ ပလန်လိုတယ်၊ ပရိုဂရမ်လိုတယ်။ ရှိထားတဲ့ အစီအစဉ်အတိုင်း တိတိကျကျ လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ လက်တွေ့လုပ်ဖို့ လိုပါတယ်။

ဒီလို လက်တွေ့ လုပ်လာတဲ့အခါ…

  • အခက်အခဲတွေနဲ့ ကြုံမယ်။
  • အတားအဆီးတွေနဲ့ ကြုံမယ်။
  • အခုအခံတွေနဲ့ ကြုံမယ်။
  • အဟန့်အတားတွေနဲ့ ကြုံမယ်။
  • အကျပ်အတည်းတွေနဲ့ ကြုံမယ်။

ဒါတွေကို ကျော်လွှားနိုင်ရပါလိမ့်မယ်။ နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုအတွက် အပြောင်းအလဲဖြစ်ဖြစ်၊ လူတစ်ယောက်ဘဝအတွက် အပြောင်းအလဲပဲဖြစ်ဖြစ်။ အပြောင်းအလဲကို အလိုရှိရိုးမှန်ရင် ခုခံတားဆီးမှုတွေကို ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ အခက်အခဲတွေသာ မရှိရင် အောင်မြင်မှုဆိုတာလည်း မရှိဘူး…တဲ့။ အောင်မြင်မှုဆိုတာကလည်း အခက်အခဲတွေကို ကျော်ဖြတ်ရင်းနဲ့သာ ရလာတာ မဟုတ်လား။

▄ လူ့အဖွဲ့အစည်း အပြောင်းအလဲ

လူ့အဖွဲ့အစည်း အပြောင်းအလဲအတွက် အရေးအကြီးဆုံးဟာ လူတစ်ဦးချင်းစီရဲ့ အမူအကျင့် ပြောင်းလဲရေးပဲ ဖြစ်ပါတယ်။ လူ့အကျင့်ဆိုတာ ပြောင်းလဲရ သိပ်ခက်တယ်။ အသက်ကြီးလာရင် ပိုလို့ ပြောင်းလဲရ ခက်တယ်။ ဒီတော့ စံနစ်တစ်ခု မူ တစ်ခု အပြောင်းအလဲလုပ်နိုင်ဖို့၊ မျိုးဆက်သစ်တွေကို အစားထိုးရတယ်။ လူကြီးတွေအစား လူငယ်တွေနဲ့ အစားထိုးရတယ်။ လူအပြောင်းအလဲဖြစ်ရင် မူအပြောင်းအလဲကို တစ်စုံတရာ မျှော်လင့်နိုင်ပြီ။ သို့သော် တရားသေ တစ်ထစ်ချ တွက်လို့ မရသေး။ တခြားသော ဖြစ်တန်စွမ်းတွေ ရှိပါသေးတယ်။ အမူအကျင့် ပြောင်းလဲရေးနဲ့ စံနစ်အပြောင်းအလဲဟာ ဆက်စပ်နေပါတယ်။

တခါတရံ လူတွေကပဲ မူကို ပြောင်းလို့ စံနစ် အပြောင်းအလဲဖြစ်တာ မြန်ဆန်တယ်။ သေသပ်တယ်၊ တိကျတယ်၊ ခိုင်မာတယ်။ တခါတရံကျတော့လည်း စံနစ် အပြောင်းအလဲမှာ လူ့အကျင့်တွေက ပြောင်းလဲလိုက်ပါဖို့ ခက်ခဲလို့ မူတွေကို အကောင်အထည်မဖော်နိုင်ဘဲ၊ ကြန့်ကြာတာ၊ နှောင့်နှေးတာရှိပါတယ်။ ဒီလိုဆိုရင် စံနစ်အပြောင်းအလဲဟာ တုံ့နှေးလို့ နိုင်ငံတွင်းက တိုးတက်သင့်သလောက် မတိုးတက်တာ၊ ပြောင်းလဲသင့်သလောက် မပြောင်းလဲတာတွေ ရှိတယ်။

လူ့အဖွဲ့အစည်းအပြောင်းအလဲအတွက် စိတ်ဓာတ်ရေးရာ ပြောင်းလဲမှု လိုအပ်ပါတယ်။ စိတ်ဓာတ်တွေ ပြောင်းလဲမှ အမူအကျင့်နဲ့ အပြုအမူတွေ ပြောင်းလဲမယ်။ စိတ်ဓာတ်ပြောင်းလဲဖို့အတွက် အတွေးအမြင် ပြောင်းလဲရေးတွေ လိုတယ်။ အတွေးအခေါ် ပြောင်းလဲရေးတွေ လိုတယ်။ စိတ်ဓာတ်အပြောင်းအလဲ၊ အမူအကျင့်အပြောင်းအလဲ၊ အမြင် အပြောင်းအလဲ၊ အတွေးအခေါ်အပြောင်းအလဲတွေအတွက် အဓိက အခရာကျတဲ့အရာတွေ ရှိပါတယ်။ အဲဒါတွေကတော့… ပညာရေးနဲ့ စာပေ၊ အနုသုခုမ ပညာတို့ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းတွင်းမှာ ကောင်းမွန်တဲ့ပညာရေး၊ အဆင့်အတန်းမြင့်တဲ့ပညာရေး ရှိရင် တိုင်းပြည်က နေချင့်စဖွယ် ဖြစ်တဲ့တိုင်းပြည် ဖြစ်လာပါတယ်။ ပညာရေးကောင်းလို့ စာပေနဲ့ အနုသုခုမပညာတွေမှာလည်း အဆင့်အတန်းမြင့် တာတွေ့ရပါတယ်။

▄ လက်ရှိ အပြောင်းအလဲ

မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေဟာ၊ နိုင်ငံရေးအပြောင်းအလဲဖြစ်ရုံနဲပ မလုံလောက်ပါ။ လူ့အဖွဲ့အစည်းရဲ့ ဓလေ့၊ စရိုက် အပြောင်းအလဲကိုပါ လုပ်မှရမယ်လို့ ထင်ပါတယ်။ တရုတ်ပြည်က ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းကတော့ ယဉ်ကျေးမှုတော်လှန်ရေး…. လို့ သုံးနှုန်းပြီး၊ တရုတ်လူ့အဖွဲ့အစည်း ထဲက မလိုလားအပ်တဲ့ သရုပ်သကန် အမူအကျင့် အသုံးအဆောင် အဆောက်အအုံ စတာတွေကို သုတ်သင်ချေမှုန်း တော်လှန်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် ဖောက်ပြန်သော အယူအဆ ကျင့်ထုံးရှိတဲ့ လူတွေကိုပါ ဦးနှောက်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

ကွန်မြူနစ်တွေ လုပ်တဲ့ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာတွေဟာ အလုံးစုံ မမှန်ပါ။ လူတော် လူကောင်းတွေ သုတ်သင်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ အလွန်အကျွံဖြစ်ခဲ့တာတွေလည်း အမြောက်အမြားပါ။ သို့သော်လည်း အပြောင်းအလဲတစ်ခုဟာ တော်လှန်ရေးတစ်ခုအဖြစ် အသွင်ပြောင်းနိုင်မှ ထိရောက်ပါလိမ့်မယ်။ ယဉ်ကျေးမှုတော်လှန်ရေးဟာ ပုံပျက်ခဲ့တဲ့ စကားလုံး တစ်ခုဖြစ်ပေမယ့်၊ မလိုလားအပ်တဲ့ ဓလေ့စရိုက်တွေကို လက်ရှိနိုင်ငံရေးအပြောင်းအလဲ လှိုင်းလုံးနဲ့အတူ အမှိုက်သရိုက် ဒိုက်သရောတွေကို တစ်ပါတည်း သယ်ဆောင် သုတ်သင်ပစ်ရမယ့် တော်လှန်ရေးမျိုးထိ ရောက်သင့်တယ်လို့ ယူဆပါတယ်။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁