• Today is: Thursday, March 28, 2024

သက်ကြီးဝါကြီးများကို စစ်ကောင်စီက အစည်းအဝေးရှိသည်ဟု လိမ်လည်ခေါ်ယူကာ စစ်သင်တန်းပေးနေ

သက်ကြီးဝါကြီးများကို စစ်ကောင်စီက အစည်းအဝေးရှိသည်ဟု လိမ်လည်ခေါ်ယူကာ စစ်သင်တန်းပေးနေ

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပြည်သူ့စစ်မှ စစ်သင်တန်းတက်ရန် စည်းရုံးသော်လည်း တက်မည့်သူ မရှိသဖြင့် အသက် ၆၀ အရွယ် အမျိုးသားများကို အစည်းအဝေးတက်ရန်ဟူ၍ လိမ်လည်ခေါ်ယူကာ စစ်သင်တန်းပေးကြောင်း သိရသည်။

အစည်းအဝေးရှိသည်ဟု လိမ်လည်ခေါ်ယူကာ ပူတာအိုအခြေစိုက် စစ်ကောင်စီတပ်၏ တပ်ရင်း ၄၆ တွင် စစ်သင်တန်းတက်စေသည်ဟု လိမ်လည်ခေါ်ယူခံရသူများနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“အသက် ၆၀၊ ၇၀ အရွယ်တွေပါတယ်။ ခေါ်သွားတုန်းက အစည်းအဝေးရှိတယ်ဆိုပြီး တချို့ကိုကျတော့ စစ်တပ်မှာ တရားဟောပြောပွဲရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ။ စစ်တပ်ရောက်မှပဲ ဒီမှာရှိတဲ့သူတွေအားလုံးကို နာမည်စာရင်း သွင်းလိုက်ပြီ ဒီမှာနေရမယ်၊ နှစ်ပတ်သင်တန်းပေးမယ် ဆိုပြီးတော့ ပြန်လို့မရတော့ဘူးပြောတယ်။ လူကြီးတွေကို အတင်းအဓမ္မ လိမ်ပြီးခေါ်တာ” ဟုသူကပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကိုယ်တိုင်လာရောက်ခေါ်ယူခြင်းမဟုတ်ဘဲ နီးစပ်ရာမှတစ်ဆင့် ချည်းကပ်ပြီး ခေါ်ယူသောကြောင့် လိုက်ပါသွားခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“လူငယ်ပိုင်းကိုတော့ သူတို့တစ်ယောက်မှ မရဘူး။ တကယ်လို့ ဗမာတွေ ကိုယ်တိုင်လာစည်းရုံးရင် ဘယ်သူမှ ဝင်မှာမဟုတ်ဘူး။ အခုဟာက သူတို့က နီးစပ်ရာ အသင်းတော်အသီးသီးက ဩဇာရှိတဲ့ လူကြီးတွေကို ချည်းကပ်ပြီးမှ သူတို့ကတဆင့် စည်းရုံးရေးဝင်တဲ့ပုံစံ ဖြစ်နေတော့ ပါသွားကြတာပေါ့”ဟု ပြောသည်။

ရဝမ်လူကြီးများ၏ ယခုကဲ့သို့ လိမ်လည်ခေါ်ယူမှုမျိုး မလုပ်သင့်ကြောင်းနှင့် ခေါ်သွားခံရသူများကို နေအိမ်သို့ ပြန်လာနိုင်ရန်လည်း တာဝန်ယူလုပ်ဆောင်ပေးသင့်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ဘာသာလည်းတူတယ် လူမျိုးလည်းတူတယ်။ ဘာဖြစ်လို့ လိမ်ရတာလဲ။ သူတို့ပိုက်ဆံအများကြီးများရလို့လား။ သူတို့ကိုအခွင့်အရေးအများကြီးပေးလို့လား။ ဒါတွေ မလုပ်သင့်ပါဘူး။ လိမ်ပြီးခေါ်သွားတာဆိုတော့ အခုစစ်တပ်လက်ထဲကို အပ်တဲ့သူတွေက တာဝန်အရှိဆုံးပဲ။ အိမ်မှာလွတ်လွတ်လပ်လပ်ပြန်လာနိုင်ဖို့ ပြန်နေနိုင်ဖို့ သူတို့လုပ်ပေးရမယ်” ဟု ပြောသည်။

ပြည်သူ့စစ်မှ ခေါ်ယူသော စစ်သင်တန်းတွင် စစ်အာဏာရှင်ကိုထောက်ခံကြသူမှအပ တက်ရောက်မည့်သူ မရှိသဖြင့် ယခင်က သင်တန်းဆင်းများအား မလာမနေရ အတင်းအကြပ်ခေါ်မှုများ ရှိနေသောကြောင့် တိမ်းရှောင်နေသူများလည်းရှိကြောင်း သူကဆက်ပြောပြသည်။

ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့တွင် KIA ကိုတိုက်ထုတ်နိုင်ရန်အတွက် ဌာနေပြည်သူ့စစ်ထံ စစ်သင်တန်းတက်ရောက် သင်ယူကြရန် လိုက်လံစည်းရုံးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ကို ၂၀၀၆ ခုနှစ်တွင် ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ခေါင်လန်ဖူးအခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

(The 74 Media သတင်းရင်းမြစ် ကိုးကာတင်ဆက်သည်။)