• Today is: Friday, March 29, 2024

၆လအတွင်း နိုင်ငံရဲ့စီးပွားရေးပြန်လည်ရှင်သန်အောင်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

၆လအတွင်း နိုင်ငံရဲ့စီးပွားရေးပြန်လည်ရှင်သန်အောင်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမိန့်ခွန်းတွေဟာ သူ့ကိုယ်သူပြန်လည်အားပေးတဲ့အသွင်ဆောင်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေသုံးသပ်ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ တတိယပတ်လောက်ကစတင်ပြီး ကိုဗစ်ရောဂါ ကြောင့်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ၆လအတွင်း နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး ပြန်လည်ရှင်သန်စေနိုင်ဖို့ကြားကာလ အမျိုးသားစီမံကိန်း ဥပဒေကိုရေးဆွဲဖို့ကြိုးစားနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။

အရင်က ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလကနေ စက်တင်ဘာလအထိသတ်မှတ်ဆောင်ရွက်ခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်ကိုတော့ အောက်တိုဘာလကနေ ၂၀၂၂ မတ်လအထိ ကြားကာလ ၆လ အမျိုးသားစီမံကိန်းဥပဒေ အဖြစ်ပြောင်းလဲသတ်မှတ်မှာဖြစ်တဲ့အကြောင်းကို စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့အကြောင်း စစ်တပ်ကထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

ဒီ ၆ လအမျိုးသားစီမံကိန်းဟာဆိုရင် နိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးလုပ်ငန်းတွေ ပြန်လည်ရှင်သန်စေမှာဖြစ်ပြီး ပြည်သူတွေရဲ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်ရေးကိုအထောက်အကူ ပြုတဲ့အတွက် အတူကြိုးပမ်းကြ မယ်ဆိုရင် ကာလတိုအတွင်းလျင်မြန်ထိရောက်တဲ့ ရလဒ် (Quick Win)ကိုရမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌရဲ့မိန့်ခွန်းမှာဖော်ပြထားပါတယ်။

ဒီ ၆လတာ စီမံကိန်းကာလဟာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတွေမှာ တည်ဆောက်ဆဲလုပ်ငန်းတွေပြီးပြတ်မှာဖြစ်သလို လုပ်ငန်းစီမံကိန်းအသစ်တွေ လည်းဆောက်ရွက်နေမှာဖြစ်တယ်လို့မိန့်ခွန်းဖော်ပြချက်တွေအရသိရပါတယ်။

ဒါနဲ့ပတ်သက်လို့ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းနဲ့ပြောဆိုချက်တွေဟာ တိုင်းပြည်ရဲ့လက်တွေ့အခြေအနေနဲ့ ကင်းကွာမှုတွေပိုပြီးဖြစ်လာတာဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေပြီး ဝမ်းနည်းစရာကောင်းတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

” အရင်းခံကတော့ လူတစ်ယောက်က အာဏာရှင်ဆန်လာလေလေ ဒီကိစ္စတွေကဖြစ်လေလေပဲ။ အဓိကကတော့ သူ့ကိုယ်သူပြန်အယုံသွင်းနေရတာ၊ သူ့ကိုယ်သူပြန်အားပေးနေရတာ။ ဘေးက အသိုင်းအဝိုင်းတွေက ဒါလွဲနေတယ်၊ ဒါမမှန်ဘူးဆိုတာဘယ်သူမှမပြောကြဘူး။ လူတိုင်းသိတယ် ၆လနဲ့မြန်မာပြည်ကပြန်မကောင်းနိုင်တာကိုလည်း လူတိုင်းသိတယ်။ စစ်ကောင်စီမှာလည်း နိုင်ငံရေးသမားတွေရှိတာပဲ၊ ဒါတွေပြောဖို့လိုတယ်။ ဖေဖော်ဝါရီလကမှဟုတ်သလိုလိုရှိဦးမယ်။ နောက်ပိုင်းတိုင်းပြည်ကပိုဆိုးလာတယ်၊ သူကလည်းဒါတွေဆက်ပြောနေတုန်းပဲဆိုတော့လူတွေကလည်းအယုံအကြည်မရှိတော့ဘူး” လို့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ တမ္ပဒီပ အင်စတီကျူက ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“ငွေကြေးဖေါင်းပွမှုကလဲ ကြောက်ခမန်းလိလိ ထိပ်ဆုံးက GDP ကလဲ တမူထူးခြား တခြားနိုင်ငံတွေရဲ့ ဆန့်ကျင်ဖက် အနုတ်လက္ခဏာဂိတ်ဆုံး။ လူလို တာဝန်သိတတ်တဲ့ လူ ဆိုရင် နှုတ်ထွက်သင့်တာ ကြာပြီပေါ့” ဟု ဒေါက်တာတူးခေါင်က ၎င်း ကိုယ်ပိုင်လူမှုကွန်ရက်မှတဆင့် တုံ့ပြန်ရေးသားထားသည်။

(ဘီဘီစီမြန်မာပိုင်း၊ ဝန်ကြီး ဒေါက်တာတူးခေါင် လူမှုကွန်ရက် တို့၏ သတင်းရင်းမြစ်ကို ကိုးကားတင်ဆက်သည်။)