• Today is: Tuesday, April 16, 2024

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ်သစ် ခန့်အပ်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ် နှစ်နေရာစလုံး ဒု-ဗိုလ်ချုပ်ကြီးစောစတီးက ပူးတွဲတာဝန်ယူမည်။

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၏ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးကို လစ်လပ် စစ်ဦးစီးချုပ် ခန့်အပ် လိုက်ကြောင်းနှင့် တဆက်တည်း ဒုစစ်ဦးစီးချုပ်တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း DKBA (ဗဟို) ခေါင်းဆောင်တစ်ဦးက ပြောသည်။

DKBA စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးစောဖားဘလက်က “ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က ၁၁ဦးရှိ တယ်။ အခုက ဗိုလ်ချုပ်မိုရှေး မရှိတော့ ၁၀ဦးပဲကျန်ပြီး အဲ့ ၁၀ဦးကနေ စည်းဝေးပြီးတော့ အခု ဆုံးဖြတ်ချက်အတိုင်း ထုတ်ပြန်လိုက်တာဖြစ်တယ်။ အခုက ဒု-စစ်ဦးစီးချုပ်ကို ခန့်အပ်ဖို့ လူက မရှိသေးတော့ စစ်ဦးစီးချုပ်ကော၊ ဒုစစ်ဦးစီး ချုပ်ကော သူတစ်ယောက်ပဲ လောလောဆယ် ပူးတွဲ တာဝန်ယူသွားလိမ့်မယ်။” ဟု ပြောသည်။

DKBA ဗဟိုစစ်ဌာနချုပ်ရုံး၏ ယနေ့ထုတ်ပြန်ချက်ထဲတွင် အလုပ်အမှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေး သဘောတူဆုံးဖြတ်ချက်အရ လစ်လပ်လျှက်ရှိသော စစ်ဦးစီးချုပ်နေရာတွင် ဒု-ဗိုလ်ချုပ်ကြီးစောစတီးကို စက်တင်ဘာ လ ၂၃ရက်နေ့မှစ၍ စစ်ဦးစီးချုပ် တာဝန်ကို ပေးအပ်လိုက်ကြောင်း ဖော်ပြပါရှိသည်။

ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့က ကိုဗစ်ကူးစက်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်ခဲ့ပြီးနောက် စစ်ဦးစီးချုပ်နေရာ လစ်လပ်ခဲ့သည်။

တစ်လကျော်ကြာ လစ်လပ်ခဲ့သည့် DKBA ၏ စစ်ဦးစီးချုပ်တာဝန်ကို မခန့်အပ်နိုင်သေးမှီ ကြားကာလတွင် အဖွဲ့၏ ဗဟို အလုပ်အမှုဆောင်ကော်မတီ(EC)က ယာယီ ဦးဆောင်မှုပြုခဲ့ကြောင်း ဩဂုတ်လ ၄ရက်နေ့က သက်ဆိုင်ရာ တပ်ဖွဲ့ဝင် များထံ DKBA ဗဟိုက အသိပေး အကြောင်းကြားခဲ့သေးသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင်ကရင်အမျိုးအသားအစည်းအရုံး-KNUမှ ခွဲထွက်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော်-DKBA အနေဖြင့် ရပ်တည်ခဲ့ပြီးနောက် ၂၀၁၀ပြည့်နှစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဗိုလ်ချုပ် ကြီးစောလားပွယ်က လက်မခံခဲ့ဘဲ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အနေဖြင့် ခွဲထွက်ရပ်တည်ခဲ့သည်။

၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့အနက် တစ်ဖွဲ့အပါအဝင် ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဌာနချုပ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့က ဆုံဆည်းမြိုင်တွင် တည်ရှိပြီး အင်အား ၁၅၀၀ အထက်ရှိနိုင်ကြောင်း နိုင်ငံရေးအကဲဖြတ်များက ခန့်မှန်းကြသည်။

ကရင် သတင်းရင်းမြစ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) သတင်းထုတ်ပြန်ချက် တို့ကို ကိုးကားတင်ဆက်သည်။

ဓါတ်ပုံ – ဂူဂဲလ် ပုံဟောင်း အသုံးပြုထားသည်။