• Today is: Friday, March 29, 2024

လျှပ်စစ်ထုတ်လုပ်ရေးအတွက် သံလွင်မြစ်နှင့် ကျောက်မီးသွေးတို့ကို အသုံးချရန် စစ်ခေါင်းဆောင်ပြော

လျှပ်စစ်ထုတ်လုပ်ရေးအတွက် သံလွင်မြစ်နှင့် ကျောက်မီးသွေးတို့ကို အသုံးချရန် စစ်ခေါင်းဆောင်ပြော

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၂၊ ၂၀၂၁

လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် ရှမ်းပြည်နယ်အတွင်း သဘာ၀ အရင်းအမြစ်များစွာရှိရာ သံလွင်မြစ်မှ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးကိုအသုံးပြု၍ လျှပ်စစ်ထုတ်ယူလို့ရကြောင်း မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

မနေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကိုရောက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီခန့်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များအရ သိရသည်။ 

၎င်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်နိုင်သည့် သံလွင်မြစ်နှင့် အခြားအရင်းအမြစ်များစွာရှိကြောင်းနှင့် ကျောက်မီးသွေးများထွက်ရှိသဖြင့် ကျောက်မီးသွေးအသုံးပြု၍ ခေတ်မီနည်းပညာများဖြင့် စနစ်တကျအသုံးပြုနိုင်ပါက ပတ်ဝန်းကျင်ထိခိုက်မှုကိုနည်းပါးစေပြီး လျှပ်စစ်ဓါတ်အားထုတ်ယူ၍ ရကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောခဲ့သည့် အထက်ပါ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနည်းလမ်းနှစ်ခုသည် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဒေသခံများအစဥ် ကန့်ကွက်ခဲ့သော လုပ်ငန်းကြီးနှစ်ခုဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်က တရုတ်နှင့်ပေါင်း၍ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ခု တည်ဆောက်ရန်လျာထားခဲ့ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ရှမ်း၊ ကယားနှင့် ကရင်ဒေသခံပြည်သူများက အပြင်းအထန်ကန့်ကွက်ခဲ့သည်။

သံလွင်မြစ်၏သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပျက်စီးစေခြင်း၊ မြစ်ကြောင်းတစ်လျှောက်နေထိုင်သည့် ပြည်သူများလည်းဒုက္ခရောက်နိုင်ခြင်းတို့ကြောင့် သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ရန် ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်ရှိ မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်များအပါအဝင် နိုင်ငံရေးအဖွဲ့အစည်းပေါင်း ၁၃၀ ကျော်က လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

ထို့ပြင် ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း မြန်မာပြည်သူများအစဉ် ကန့်ကွက်နေသည့်လုပ်ငန်းကြီးဖြစ်သည်။ စီမံကိန်းနေရာအနီးတစ်ဝိုက်ရှိ လေထုနှင့် ရေထုညစ်ညမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသခံပြည်သူများ ကန့်ကွက်နေသည့် လုပ်ငန်းများလည်းဖြစ်သည်။

ဥပမာအားဖြင့် ရှမ်းပြည်နယ် ပင်လောင်းမြို့မှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ကရင်ပြည်နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးအသုံးချလျှပ်စစ်ဓါတ်အားထုတ်လုပ်လည်ပတ်မှု၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးအသုံးချ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး လုပ်ငန်းလည်ပတ်နေမှုများသည် ဒေသခံပြည်သူများ၏ ကန့်ကွက်မှုနှင့် အစဉ်တစ်စိုက်ကြုံတွေ့ခဲ့သည့်လုပ်ငန်းများဖြစ်သည်။