• Today is: Friday, March 29, 2024

D-Day ရက် တစ်လပြည့် သုံးသပ်ခြင်း

D-Day ရက် တစ်လပြည့် သုံးသပ်ခြင်း

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၇၊ ၂၀၂၁

ဒီနေ့ဆိုရင် NUG က စစ်ကြေညာတာ ရက်ပေါင်း ၃၀ ပြည့်သွားပြီ။ ခြုံငုံသုံးသပ်ရလျှင် NUG က စစ်ပွဲခေါ်သံ ကျယ်လောင်သလောက် မြေပြင်မှာ မစွမ်းဆောင်နိုင်ဘူး ဖြစ်နေတယ်။ ယနေ့ တိုက်ပွဲများဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သူတို့၏ လက်အောက်ခံအဖွဲ့များနှင့် ပြည်မမှာ ကိုယ့်အား ကိုယ်ကိုးဖြင့် တည်ဆောက်ထားသော PDF များက ယနေ့အထိ ကိုယ့်အစီအစဉ်ဖြင့် တိုက်ပွဲ ဆင်နွေးခဲ့ခြင်းသာ ဖြစ်ပြီး NUG လက်အောက်ခံ PDF က စစ်တိုက်တယ်ဆိုတာ သိသိသာသာ မတွေ့ရပေ။ အဲဒီကြားထဲ NUCC မှာ အဖွဲ့ဝင်တစ်ချို့ နှုတ်ထွက်သွားတာလည်း တွေ့ရပြန်တယ်။

အခုမှ NUG-PDF က ကန်ဒေါ်လာ သန်း ၇၀၀ နဲ့ လက်နက်ဝယ်ဖို့ ပြင်ဆင်တယ်ဆိုပြန်တယ်။ စဉ်းစားစရာက NUG က စစ်ကြေညာခဲ့တာက အမှန်တကယ် အဆင်သင့်မဖြစ်ဘဲနဲ့ ကုလသမဂ္ဂညီလာခံ မစတင်ခင် လှည့်ကွက် တစ်ခုအနေနဲ့ နိုင်ငံရေးအရ ကြေညာခဲ့တာလား။ စစ်ဗျူဟာကို စိတ်ခံစားချက်နှင့် နိုင်ငံရေးအရ ခင်းတာမျိုး မဟုတ်ဘဲ စစ်ရေးသက်သက်ဖြင့် ဆုံးဖြတ်သင့်ပါတယ်။

စစ်ကောင်စီကိုတော့ အမြစ်ပျက်တိုက်ရမှာပါ။ နောက်ဆုတ်စရာအကြောင်းမရှိပါ။သို့သော် ချိန်ကိုက်(timing) ညီဖို့ပါတော့လိုတယ်။ ပြိုင်တူတွန်းမှရွေ့မှာမို့။ အခုတော့ တိုင်းရင်းသား လက်နက်ကိုင်အကြား၊ NUG PDF အကြား၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်မှု (coordinated) သိပ်မတွေ့ရဘဲ တစ်ယောက်တစ်ပေါက် ဖြစ်နေကြတယ်။ အကျိုးဆက်အနေဖြင့် ခံရတဲ့သူက အလူးအလဲခံရပြီး ထိရောက်သင့်သလောက် မထိရောက် ဖြစ်သွားတယ်။ စစ်ကောင်စီအတွက် အခွင့်ကောင်းဖြစ်သွားတယ်။

အခုဆိုလျှင် စစ်ကောင်စီတပ်က အနောက်မြှောက်ပိုင်းဖြစ်တဲ့ ချင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအထက်ပိုင်းတွေကို အပြတ်ရှင်းဖို့ အလုံးအရင်းနဲ့ ဖိနေတာကို စိတ်မကောင်းဖွယ် တွေ့ရတယ်။ တကယ်တမ်း NUG PDF က ပြည်မမှာ အဲလောက် အဆင်သင့်မဖြစ်သေးရင်လည်း ချင်းတောင်မှာ ပြည်သူများ စပါးရိတ်သိမ်းလို့ရအောင် တိုက်ပွဲများ ခဏလျှော့ချသင့်ပါတယ်။

ရှင်းလင်းတဲ့ ဗျူဟာရှိဖို့နှင့် ပိုပြီး coordinated ဖြစ်ဖို့လိုအပ်ကြောင်း တွေ့ရပါတယ်။

ဆလိုင်း (သုံးသပ်သည်)

Credit – Photo