• Today is: Friday, March 29, 2024

အတွေးအမြင်

⭕️ အာဏာသိမ်း စစ်တပ်က (၅) လတာ အပစ်ရပ်မယ်လို့ ထုတ်ပြန်လိုက်တာဟာ ဘာအတွက်ကြောင့်လို့ထင်လဲ?

လဂွန်းအိမ်စာစဉ် (အတွေးအမြင်)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၉၊ ၂၀၂၁

⚫️ မင်းသီဟ (ရာမညဖက်ဒရယ် ဒီမိုကရက်တစ်ကော်မတီ)
❝ စစ်တပ်က သူ့ကိုယ်သူ လူကောင်းသူကောင်းပုံစံမျိုး ပြချင်တာလည်း ပါမယ်။ နောက်တခုက အပစ်ခတ်ခဏရပ်ပြီး၊ အချိန်ဆွဲပြီး စည်းရုံးရေးပြန်လုပ်ချင်တဲ့အပိုင်းလည်း ရှိမှာပေါ့။ ဒါပေမယ့် တကယ်တမ်းပြောရမယ်ဆိုရင် အပစ်အခတ်ရပ်မယ်လို့သာ ပါးစပ်ကပြောတာ ပစ်တဲ့နေရာမှာတော့ပစ်ပြီး၊ လုပ်တဲ့နေရာမှာတော့ လုပ်နေတယ်ပေါ့လေ ❞
⚫️ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မွန်လူငယ်တဦး
❝ တခုကတော့ သူတို့လက်ရှိ အာဏာသိမ်းထားတဲ့ကာလမှာ အလုံးစုံ မထိန်းချုပ်နိုင်ဘူးဆိုတဲ့ဟာကို တွေ့ရတယ်။ နောက်တခုကတော့ စစ်မက်ဖြစ်ပွါးမှုမရှိတဲ့ ပြည်နယ်တွေမှာ စစ်မက်မဖြစ်လာအောင် သူတို့ဘက်က လိုလားတယ်ဆိုတဲ့ဟာကို တွေ့ရတယ်။ နောက်ဆုံးတခုကတော့ ခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စားပွဲခုံပေါ်မှာ ပြန်ပြီးတော့ဆွေးနွေးနိုင်အောင်ဆိုတဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေကို တွေ့ရတယ် ❞
⚫️သံလွင်အေး
❝ စစ်ကောင်စီအနေနဲ့ ဒီအပစ်အခတ်ရပ်စဲရေးလုပ်တယ် ဆိုတဲ့ဟာက နိုင်ငံရေးလှည့်ကွက်တစ်ခုပဲပေါ့။
သူကတော့ သူ့ကို မကျူးကျော်ရန်မစရင် သူပြန်မပစ်ဘူးဆိုတဲ့ သဘောမျိုးပြောတဲ့ကိစ္စက မဟုတ်နေတာ တစ်နိုင်ငံလုံးအသိပဲ ။ ဒီအခြေနဲ့ပါတ်သက်ပြီးတော့ ကျွန်တော်တို့ လှည့်ကွက်တစ်ခုလို့ နားလည်ထားရင် ရမယ်ထင်ပါတယ် ဒီလှည့်ကွက်ကလည်း လက်နက်ကိုင် အစုအဖွဲ့တွေ အကုန်လုံးကတော့
သိပြီးသား ဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း စစ်ကောင်စီက သူက နိုင်ငံရေးအရလည်း ကျရှုံးပြီးသား ဖြစ်တယ် ။ စစ်ရေးအရလည်း သူ့အတွက်က စိန်ခေါ်မှုတစ်ခုဖြစ်လာတဲ့အခါကျတော့ ဒီအခြေအနေကို တုန့်ပြန်တဲ့အနေနဲ့ တစ်ဖက်ကို လူကြားကောင်းအောင် သူလုပ်တဲ့ နည်းလမ်းဖြစ်တယ် ။ ဒီအခြေအနေကို ကျွန်တော်တို့က ယုံကြည်လက်ခံလိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ဟာလေးကိုတော့ အားလုံး မှတ်ထားဖို့လိုအပ်မယ်ထင်ပါတယ် ❞
⚫️ ဘုန်းမြတ်မိုး
❝ စစ်ကောင်စီ စစ်တပ်က ၅ လတာ အပစ်ရပ်မယ်လို့ထုတ်ပြန်တာ အကြောင်းပြချက်သက်သက်သာဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေ ကျောင်းသားလူငယ်တွေ လူထုတစ်ရပ်လုံးကနေပြီးတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ကာလကနေပြီးတော့ တော်လှန်ရေးရေချိန်မြင့်လာတယ်။ စစ်ကောင်စီရဲ့နိုင်ငံရေးအရ အမြတ်ထုတ်လိုမှု၊ စစ်ကောင်စီရဲ့လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုတွေကြောင့် ပြည်သူလူထုအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို မလွှဲမရှောင်သာရွေးချယ်ခဲ့ရတယ်။ အဲဒီအတိုင်းပဲ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ပြည်သူတွေရဲ့လှုပ်ရှားမှုတွေ စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေကို ထိုးနှက်မှုတွေ များလာတယ်။ များလာတော့ စစ်ကောင်စီက သူတို့အထိနာနေတာကို ဟန်ဆောင်နေပြီးတော့၅လ တာအပစ်ရပ်မယ်ဆိုပြီး ကြေငြာတာကတော့ အကြောင်းပြချက်သပ်သပ်ပဲဖြစ်တယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကိုလည်း ဖမ်းဆီးမှုတွေရှိတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ နှိမ်နှင်းနေတာမျိုးတွေလည်းရှိတယ်။ ဒီအရာက သူတို့အပစ်ရပ်ထားပေမယ့် တော်လှန်ရေးရဲဘော်တွေကနေ တိုက်ခိုက်ပြီးတော့ သူတို့ပြန်တိုက်ခိုက်ရပါတယ်ဆိုတဲ့ သူတို့ရဲ့ ရှေ့ရိုးနည်းလမ်းဟောင်းကြီးပါပဲ။ ဒါကြောင့် ဒီ ၅လ တာအပစ်ရပ်မယ်ဆိုတာက အကြောင်းပြချက် သပ်သပ်သာဖြစ်ပါတယ်။ စစ်မြေပြင်မှာ ကျွန်တော်တို့ကိုတိုက်ခိုက်နေတာလည်း တိုက်ခိုက်နေတာပါပဲ။ မြို့တွင်းမှာလည်း ဖမ်းဆီးနေတာ ဖမ်းဆီးနေတာပဲ။ ဒီဟာအပေါ်မှာက ကျွန်တော်တို့ယုံကြည်လို့မရဘူး၊ အကြောင်းပြချက်သပ်သပ်သာဖြစ်တယ်။❞