• Today is: Friday, April 19, 2024

အရပ်ဘက် လူထုအင်အားစု က NUCC ကိုတောင်းဆို

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အ​ကြောင်း ပြည်သူလူထုအား အမြန်ဆုံး အစီရင်ခံရန် အရပ်ဘက်လူထုအင်အားစုများ တောင်းဆို

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၀၊ ၂၀၂၁

တော်လှန်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံရေး ဦးဆောင်မှုပေးရမည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အ​ကြောင်း ပြည်သူလူထုအား အမြန်ဆုံး အစီရင်ခံရန် အရပ်ဘက်လူထုအင်အားစုများ တောင်းဆိုချက်ကို MM Spring – Civil Society Collective ဖေ့ဘုတ်စာမျက်နှာတွင် တင်ပြတောင်းဆိုထားသည်။

အဆိုပါတောင်းဆိုချက်တွင် “ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ စံတန်ဖိုးတစ်ရပ်ဖြစ်သော “စုပေါင်းခေါင်းဆောင်ခြင်း” ကို လက်တွေ့ဖော်ဆောင်နိုင်သော နိုင်ငံရေးအရ တရားဝင်မှုနှစ်မျိုးဖြစ်သည့် ရွေးကောက်ပွဲအရ တရားဝင်မှု (De Jure Legitimacy) နှင့် လက်တွေ့အရ တရားဝင်မှု (De Facto Legitimacy) တို့ကို ပေါင်းစပ်ထားသည့် နိုင်ငံရေး ဦးဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် NUCC စုဖွဲ့မှုနှင့် လုပ်ငန်း​ဆောင်ရွက်ချက်များအား ပြည်သူကို အစီရင်ခံကာ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်မည့် တော်လှန်ရေးအောင်ပွဲအား လူမျိုး​ပေါင်းစုံ ပါ၀င်သည့် စုပေါင်းအားဖြင့်သာ ရယူရန် လွန်ခဲ့သည့် (၆) လ ကျော်က စတင်၍ အမျိုး သား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) ဖွဲ့စည်း တည်ရှိကြောင်း ကြားသိ​နေရ​သော်လည်း ယနေ့အချိန်ထိ NUCC ဖွဲ့စည်းမှု နှင့် လက်ရှိ လုပ်ဆောင်မှုများအား တိကျရှင်းလင်းသည့် ကြေညာမှုများ၊ ကိုယ်စားပြု​ ပြောဆိုမှုများ မရှိသေးပါသဖြင့် အရပ်ဘက်အင်အားစုများ အ​နေဖြင့် အောက်တိုဘာလ (၈) ရက်နေ့ တွင် NUCC၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့ အောက်ဖော်ပြအချက်များ ပါဝင်သည့် စာတစ်စောင်ပေးပို့ကာ ပြည်သူလူထုအား အသိပေး ထုတ်ပြန် အစီရင်ခံရန် တောင်းဆိုထားသည်။

၁။ မတ်လ ၃၁ ရက်နေ့ တွင်ထုတ်ပြန်သည့် CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Charter) ထုတ်ပြန်ချက်အရ ပဋိညာဉ်၏ အစိတ်အပိုင်း (၁) ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းအား NUCC တွင် ဆွေးနွေးအတည်ပြုသည်ဟု ပါရှိပြီး၊ ဧပြီလ ၁၆ ရက်နေ့က အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government – NUG) ဖွဲ့စည်းကြောင်း ကြေညာရာတွင်လည်း NUCC အတွင်း ဆွေးနွေးညှိနှိုင်းကာ CRPH ၏ အတည်ပြုမှုဖြင့် NUG ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ကို ဖော်ပြထားပြီး၊ NUCC က တာဝန်အပ်နှင်းချက်အရ NUCC ကိုယ်စား ဦးမင်းကိုနိုင်က ‌NU‌G အစိုးရအသစ် ဖွဲ့စည်းခြင်းကို နိုင်ငံအား အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်ကို တွေ့ရပါသည်။ အောက်တိုဘာလ (၅)ရက်နေ့က ကျင်းပရန် စီစဉ်ထားသည့် NUCC ၏ သတင်းစာရှင်းလင်းပွဲသည်လည်း ကျင်းပရန် တရက်အလိုတွင် ပျက်သွားခဲ့​ကြောင်း စိတ်မ​ကောင်းစွာ ကြားသိရသည်။

၂။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၅)တွင်လည်း “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်များ” ကို အတိအလင်း ဖော်ပြထားသည်ကို ​တွေ့ရသည်။ အခန်း (၅) အပိုဒ် (၁) တွင် “ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများနှင့် လုပ်ငန်းစဉ် အဆင့်တိုင်းတွင် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရမည်” ဟု ပါရှိပါသည်။

၃။ သို့ရာတွင် NUG ဖွဲ့စည်းပြီး (၆) လ ခန့်ကြာလာချိန် ယနေ့အထိ ၎င်း၏ လုပ်ငန်းစဉ် အဆင့်များ၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများနှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခြင်းများ၊ NUCC ထပ်တိုး ဖွဲ့စည်းမှုများ နှင့် ​တော်လှန်​ရေးအတွက် NUCC နှင့် တိုင်ပင်လုပ်ဆောင်မှုများ စသည့် အ​ကြောင်းအချင်းအရာ တစုံတရာအား ပြည်သူများအ​နေဖြင့် သတင်းအချက်အလက်များ ထပ်မံ သိရှိရခြင်း မရှိသေးသည်ကို တွေ့ရပါသည်။

၄။ NUCC သည် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးအတွက် သာမက၊ တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ရပ် ဖြစ်ထွန်းရေးအတွက် လွန်စွာအရေးပါသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ဖက်ဒရယ်ပဋိဉာဉ်ပါ စံတန်ဖိုးတစ်ရပ်ဖြစ်သော “စုပေါင်းခေါင်းဆောင်ခြင်း” ကို လက်တွေ့ဖော်ဆောင်နိုင်သော နိုင်ငံရေးအရ တရားဝင်မှုနှစ်မျိုးဖြစ်သည့် ရွေးကောက်ပွဲအရ တရားဝင်မှု (De Jure Legitimacy) နှင့် လက်တွေ့အရ တရားဝင်မှု (De Facto Legitimacy) တို့ကို ပေါင်းစပ်ထားသည့် နိုင်ငံရေး ဦးဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

၅။ မြန်မာ့နွေဦးတော်လှန်ရေးသည် လူထုလူတန်းစားအလွှာ အသီးသီးက ကျရာကဏ္ဍအလိုက် ဦးဆောင်မှု၊ ပါဝင်မှုများဖြင့် နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ရှိခဲ့သော ဖိနှိပ်မှု၊ တန်းတူညီမျှမှု ကင်းမဲ့ခဲ့ သည့် နိုင်ငံရေးစနစ်ကြီး ကို အဆုံးသတ်ရန် ​ပေါ်​ပေါက်လာသည့် ပြည်သူ့​တော်လှန်​ရေး ဖြစ်သည်။ ပြည်သူအားလုံးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ တိုင်းပြည်အာဏာကို မတရားသိမ်းရန် ကြိုးပမ်းချိန်ကစ၍ ယ​နေ့တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း၊ လက်နက်စွဲကိုင် ခုခံတော်လှန်ခြင်း စသည့် နည်းမျိုးစုံဖြင့် စစ်တပ်၏ မတရား အာဏာသိမ်းရန် ကြိုးပန်းမှု နှင့် အာဏာရှင်စံနစ်မှန်သမျှကို တုံ့ပြန် တော်လှန်နေကြသည့် ပြည်သူများသည် ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေး၊ တရားမျှရေး နှင့် လွတ်လပ်ခွင့်များကို ပြည့်ပြည့်ဝဝ အာမခံနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင် လိုကြပါသည်။

၆။ ထိုကဲ့သို့သော အနှစ်သာရဖြင့် ပြည့်စုံပြီး လူထုထောက်ခံမှုအား အပြည့်အဝရှိသည့် တော်လှန်ရေးတွင် နိုင်ငံရေးအားဖြင့် ဦးဆောင်မှု ပေးနေသည့် နိုင်ငံရေး တရားဝင်မှုများကို ကိုယ်စားပြုသော အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား NUCC တည်ရှိမှုနှင့် လုပ်ငန်းများ အ​ကြောင်း ၆ လ ကြာသည့်တိုင် သတင်းအချက်အလက် ထုတ်ပြန်မှု မပြုခြင်း၊ ပြည်သူလူထုနှင့် ဆက်ဆံ ဆက်သွယ်မှု မပြုခြင်းကြောင့် ​တော်လှန်​ရေးတွင် NUCC ၏ အခန်းကဏ္ဍအပေါ် မရှင်းလင်းမှုများ ဖြစ်ပေါ်စေပါသည်။

၇။ သို့ပါ၍ NUCC ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှု များကို တော်လှန်ရေးတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိကြသော ပြည်သူများအား အမြန်ဆုံး ထုတ်ပြန်အစီရင်ခံရန် နှင့် လက်ရှိအ​နေအထားကို ပြင်ဆင်​ရှေ့ဆက်ရန်ဆောင်ရွက်​နေသည့် ညှိနှိုင်းလုပ်ဆောင်မှုများ (ရှိပါက) သတင်းထုတ်ပြန်ကာ အများပြည်သူအား မှန်မှန် ကန်ကန် အသိပေး တင်ပြရန် အရေးကြီးပါသည်။ ထို့အပြင် NUCC တွင် ဆွေးနွေး ဖြည့်စွက် ပြင်ဆင်နေသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်၏ လက်ရှိ ဆွေးနွေးမှု ရလဒ်များ အခြေအနေကို အများပြည်သူအား အသိပေးကာ၊ အများပြည်သူ၏ သဘောထားများ ထင်ဟပ်နိုင်ရေး လုပ်ဆောင်နိုင်ရေးသည်လည်း လွန်စွာ အရေးကြီးပါသည်။

၈။ ကျွန်ုပ်တို့ အရပ်ဘက် လူထုအဖွဲ့အစည်းများအ​နေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ စံတန်ဖိုးတစ်ရပ်ဖြစ်သော “စုပေါင်းခေါင်းဆောင်ခြင်း” ကို လက်တွေ့ဖော်ဆောင်နိုင်သော နိုင်ငံရေးအရ တရားဝင်မှုနှစ်မျိုးဖြစ်သည့် ရွေးကောက်ပွဲအရ တရားဝင်မှု (De Jure Legitimacy) နှင့် လက်တွေ့အရ တရားဝင်မှု (De Facto Legitimacy) တို့ကို ပေါင်းစပ်ထားသည့် နိုင်ငံရေး ဦးဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် NUCC စုဖွဲ့မှုနှင့် လုပ်ငန်း​ဆောင်ရွက်ချက်များ အား ပြည်သူအများကို အစီရင်ခံကာ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်မည့် တော်လှန်ရေးအောင်ပွဲအား လူမျိုး​ပေါင်းစုံပါ၀င်သည့် စုပေါင်းအားဖြင့်သာ ရယူရန် အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။

MM Spring သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသော၊ ဖက်ဒရယ်ဒီမိုကရေစီတန်ဘိုးများကို ယုံကြည်လိုလားသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများက အားလုံးပါဝင်နိုင်ရေး အခြေခံမူဖြင့် စုဖွဲ့ထားသည့် အင်အားစုဖြစ်သည်။
MM Springတွင် လူမျိုးစုဒေသ အသီးသီးရှိ အရပ်ဘက်လူထုအဖွဲ့အစည်းများက ပညာရပ်ဆိုင်ရာ မတူညီသည့် နယ်ပယ်များက ကျွမ်းကျင်သူ လူပုဂ္ဂိုလ် ပေါင်း ၈၀ ဦးခန့် ပါဝင်သော အရပ်ဘက်လူထု အင်အားစုဖြစ်သည်။