• Today is: Friday, April 19, 2024

တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ

တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၁၊ ၂၀၂၁

ပြည်တွင်း၌ အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ဖြစ်စေရန် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့က နောက်ကွယ်မှ ပံ့ပိုးကူညီနေသည်ဟု စစ်ကောင်စီ အာဘော် မြန်မာ့အလင်း သတင်းစာ ဆောင်းပါး တပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ဆောင်းပါးသည် ကလောင်အမည်၊ မင်းခန့်ဟူ၍ ရေးသားထားသည့် “အစွမ်းရောက်အကြမ်းဖက်ဝါဒ မုချကျဆုံးစေရမည်” ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ထိုစာထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်နီအမျိုးသားများ တိုးတတ်ရေးပါတီ (KNPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ တပ်ဖွဲ့ဝင်များကို ပြည်တွင်း၌ အကြမ်းဖက် ဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နိုင်ရန် နောက်ကွယ်က ကူညီနေခြင်း ဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်သည်။

ထိုဆောင်းပါးထဲတွင် KIA၊ KNU/KNLA၊ CNF၊ TNLA၊ KNPP နှင့် RCSS တို့သည် ပြည်တွင်းနိုင်ငံရေး ပြောင်းလဲ မှုပေါ်တွင် အမြတ်ထုတ်ပြီး လူငယ်များကို အကြမ်းဖက်သင်တန်းများ ပေးခြင်း၊ စစ်ရေးအမြတ်ယူခြင်း လုပ်ဆောင် နေပြီး အဆိုပါ အဖွဲ့များသည် မူးယစ်ဆေးဝါးနှင့် စီးပွားရှာကာ ပြည်ပအဖွဲ့အစည်းအချို့၏ ထောက်ပံ့ကြေးများ ရယူ ထားသည်ဟုလည်း စွပ်စွဲရေးသားထားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံမှ သင်တန်းဆင်းလာသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ တပ်ဖွဲ့ဝင်များက လုပ်ဆောင်သည့် အကြမ်းဖက်မှုများ ဟူ၍လည်း ဖောက်ခွဲမှု၊ ပစ်ခတ်မှု ဖြစ်စဉ် ၂၆ ခုကို ဇယားဖြင့် ပူးတွဲဖော်ပြထားသည်။

စစ်ကောင်စီ၏ သတင်းစာထဲတွင် ထည့်သွင်းဖော်ပြထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်တပ်က အာဏာမသိမ်းခင်ကာလအထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ဆွေးနွေးနေကြသည့် တပ်ဖွဲ့များ ဖြစ်သည်။

ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ထဲတွင် အင်အားအကြီးဆုံး တပ်ဖွဲ့ ဖြစ်သည့် KNU/KNLA နှင့် RCSS၊ CNF တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးကာ အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများတွင် တစိုက်မတ်မတ် ပါဝင် ဆွေးနွေးခဲ့ကြသည့် တပ်ဖွဲ့များ ဖြစ်သည်။

KIA နှင့် TNLA သည်လည်း ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းခဲ့ပြီး KNPP သည်လည်း NCA ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေဆဲ အဖွဲ့ တဖွဲ့ဖြစ်သည်။

စစ်တပ်က ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ထွက်ပြီးနောက်တွင် လူထုက မဲအများဆုံး ပေးကာ ရွေးချယ်ခဲ့ပြီး တနိုင်ငံလုံးတွင် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲ ခိုးသည်ဟု စွပ်စွဲကာ အာဏာသိမ်းရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများစုသည် ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားတပ်ဖွဲ့များကို လိုက်ဆက်သွယ်ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးက စစ်ကောင်စီနှင့် ဆက်ဆွေးနွေးခြင်း မလုပ်ခဲ့ပါ။

ပြည်တွင်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လူထုကို ထောင်နှင့်ချီ၍ သတ်ဖြတ်ခြင်း၊ အာဏာသိမ်းခြင်းကို လက်မခံဘဲ ဆန့်ကျင်သူများကို ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မိသားစုပိုင်နေအိမ်များကို ဖျက်ဆီးခြင်းများကြောင့် စစ်ကောင်စီကို ဆန့်ကျင်ကြသည့် နိုင်ငံတဝှမ်းမှ လူငယ်များသည် လက်နက်ကိုင်၍ စစ်အာဏာရှင်ကို ဖြုတ်ချရန် ဦးတည်သွားခဲ့ကြသည်။

ထို့ကြောင့် နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ဆက်သွယ်ကာ စစ်ပညာသင်ယူခြင်း၊ စစ်ကောင်စီကို တိုက်ခိုက်ခြင်းများ ပြုလုပ်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ PDF များအနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို ဖြုတ်ချရန် အုပ်ချုပ်ရေးယန္တရားရုံးများကို ဝင်စီးနင်းထိန်းချုပ်ရန် ထုတ်ပြန်ထားသည်။ (ဧရာ၀တီ သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)