• Today is: Friday, March 29, 2024

မြန်မာ့အရေးနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အနေဖြင့် နောက်တဖန် ကျရှုံးနိုင်သည့် အခြေအနေ

မြန်မာ့အရေးနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အနေဖြင့် နောက်တဖန် ကျရှုံးနိုင်သည့် အခြေအနေ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၃၊ ၂၀၂၁

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် ယခင်ပြုလုပ်ခဲ့သော အမှားများအား ထပ်မံကျူးလွန်နိုင်သည့် အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီအနေဖြင့် သတိပေးလိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် တရားမ၀င်စစ်အာဏာသိမ်းသည့် စစ်အုပ်စုကြောင့် ပေါ်ပေါက်လာသည့် ဒုက္ခများ ပိုမိုဆိုးရွားလာအောင် ပြုလုပ်ပေးသကဲ့သို့ဖြစ်ခြင်းမှ ရှောင်လွှဲလိုပါက ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှုနှင့် သင့်တင့်လျောက်ပတ်သော မဟာဗျူဟာများ ချမှတ်ရမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလမှ စတင်၍ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်မှ မြန်မာပြည်သူလူထု အပေါ် အကြမ်းဖက်၊ အနိုင်ကျင့်စော်ကားမှုများ ပြုလုပ်ခဲ့ကြပြီး တိုင်းပြည်သည်လည်း နာတာရှည်အရေးအခင်းနှင့် ကြုံတွေ့နေရပါသည်။ ယခုကဲ့သို့ နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေတွင်ပင် မြန်မာနိုင်ငံရှိ ပြည်သူများ အနေဖြင့် ၎င်းတို့အား ကမ္ဘာ့ကုလသမဂ္ဂမှ လျစ်လျူရှုသည်ဆိုသည့် ခံစားချက်ကို ခံစားနေကြရပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးမှ ဦးဆောင်မှုပေးရန် ပျက်ကွက်မှုနှင့် လုံခြုံရေးကောင်စီတွင်း ကြန့်ကြာနှောင့်နှေးထိရောက်မှု မရှိခြင်းများသည် မြန်မာနိုင်ငံအရေးဖြေရှင်းရာတွင် ကမ္ဘာ့ကုလသမဂ္ဂမှ ၈ လတိုင်တိုင် ပျက်ကွက်ခဲ့ခြင်းမှ ၎င်းအခြေအနေကို တုံ့ပြန်ရန် နှစ်ချီကျရှုံးခြင်းနှင့် ကြုံတွေ့ရနိုင်ပါသည်။ မကြာသေးမီကာလများအတွင်း ကမ္ဘာ့ကုလသမဂ္ဂ၏ အကြီးတန်းအရာရှိများမှ “စစ်အုပ်စုမှ နိုင်ငံအား ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း”၊ “အာဏာကို မြဲမြံစွာကိုင်ဆုပ်ထားနိုင်ကြောင်း” စသည့် မမှန်ကန်သည့် မှတ်ချက်များပြုလုပ်ခဲ့ပြီး ယခုအခြေအနေများသည် ကာလကြာရှည်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆုံးဖြစ်ရပ်များ ဖြစ်နေသယောင် ပြောဆိုခဲ့ကြပါသည်။ ၎င်းမှာ လက်ရှိအခြေအနေအား လွဲမှားစွာကိုယ်စားပြုခြင်းဖြစ်ပြီး ကြုံတွေ့နေရသော ပြဿနာအခက်အခဲများကိုလည်း ပိုမိုဆိုးရွားပြင်းထန်စေပါသည်။

“မင်းအောင်လှိုင်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တောက်လျှောက်ကျူးလွန်လာခဲ့တာကိုက သူ့မှာ ဘယ်လိုအာဏာမှ လက်ဆုပ်လက်ကိုင်မရှိထားဘူးဆိုတာကို ပေါ်လွင်နေပါတယ်။ အကြမ်းဖက်မှုတွေရဲ့ ဇစ်မြစ်က စစ်အုပ်စုပါပဲ၊ ဒါကို စစ်အုပ်စုရဲ့ အပြစ်လျော့ပါးအောင် ပြောဆိုနေတာတွေကိုက လက်ရှိအခြေအနေကို လွဲမှားစွာပုံဖော်နေခြင်းပါပဲ။ လွှဲမှားစွာပုံဖော်ခြင်းကြောင့် လွဲမှားတဲ့ ကိုယ်စားပြုတွေ၊ အဲ့ဒီကနေတစ်ဆင့် နားလည်မှုတွေပါ လွဲမှားလာကြမယ်ဆိုရင် အမှားတွေကိုပဲ လုပ်မိနေကြပါလိမ့်မယ်။” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီတည်ထောင်သူ Yanghee Lee မှ ပြောကြားခဲ့ပါသည်။

ဤအချက်သည် မြန်မာနိုင်ငံတွင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် စဥ်ဆက်မပြတ်ကြုံတွေ့နေသည့် ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာ နိုင်ငံ၏ အရေးကိစ္စများတွင် ၂၀၁၀မှ ၂၀၁၈ ခုနှစ်ကာလများအတွင်း ပါ၀င်ပက်သတ်ခဲ့မှုများအား လေ့လာထားသည့် Rosenthal အစီရင်ခံစာတွင်လည်း ၂၀၁၆နှင့် ၂၀၁၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်မှုကြုံတွေ့ခဲ့ရမှုများနှင့် ပက်သတ်၍ စနစ်ပိုင်းဆိုင်ရာနှင့် အရင်းခံအကြောင်းတရားဆိုင်ရာ ပျက်ကွက်မှုများကြောင့် ပြည်သူလူထုအား ကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းများ၏ ပျက်ကွက်မှုများအား အစီရင်ခံ ရေးသားတင်ပြထားပါသည်။ ၎င်းပျက်ကွက်မှုများသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးမှစတင်၍ ဌာနေညှိနှိုင်းရေးကိုယ်စားလှယ်အထိ ကမ္ဘာ့ကုလသမဂ္ဂ၏ ပါ၀င်ဆောင်ရွက်မှုတစ်လျှောက်လုံး ပျက်ကွက်ခြင်းဖြစ်ပါသည်။ တရားမ၀င် စစ်အုပ်စုမှ ကျူးလွန်သည့် အရေးကိစ္စအား ဖြေရှင်းရာတွင် ၎င်းပျက်ကွက်မှုများနှင့်အမှားများအား ထပ်မံကျူးလွန်ခြင်းများ မပြုလုပ်မိရန် ရှောင်ရှားရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆက်လက်တည်ရှိနေနိုင်ရေးနှင့် နိုင်ငံအတွင်းရှိ အစီအစဥ်များအား ဆက်လက်စီမံခန့်ခွဲနိုင်ရန်အတွက် စစ်အုပ်စုနှင့် လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံရမည်ဆိုသည့် တွေးခေါ်ပုံအားလည်း မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီမှ အလွန်အမင်း စိုးရိမ်ကြောင့်ကြဖြစ်ရကြောင်း ပြောကြားလိုပါသည်။ ၎င်းတွေးခေါ်ပုံသည် ယခုလက်ရှိ အရေးကိစ္စနှင့် စစ်အုပ်စု၏ အခန်းကဏ္ဍအား ကမ္ဘာ့ကုလသမဂ္ဂမှလွဲမှားစွာ ပုံဖော်၊ ကိုယ်စားပြုနေခြင်းကိုသာ ဖြစ်ပေါ်စေပါသည်။

“မင်းအောင်လှိုင်နဲ့ သူ့ရဲ့ကြမ်းကြုတ်ရက်စက်တဲ့ အင်အားစုတွေရဲ့ စစ်အာဏာသိမ်းမှုဟာ မအောင်မြင်တဲ့အပြင် ၈လတိတိ ကြာပြီးချိန်မှာလည်း မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် စစ်အုပ်စုကဦးဆောင်တဲ့ ဖြေရှင်းမှု တစ်ခုတောင် မရှင်းတာလည်း ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ အချက်ပါပဲ။ ပြည်တွင်းမှာတည်ရှိနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဒီလိုပဲ မျှောလိုက်နေပြီး စစ်အုပ်စုကို တာ၀န်ခံပေးနေသလိုဖြစ်နေပါတယ်။ ဒီလိုလုပ်နေတာဟာ ပြည်တွင်းကလူတွေရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအပေါ် စစ်အုပ်စုကဖိအားပေးရပ်တန့်ခိုင်းနေတဲ့ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်စဥ်ကြီးကို ဖြစ်အောင် အားပေးအားမြှောက်ပြုနေတယ်ဆိုတဲ့ အမြင်ကိုလည်း ပေါ်ပေါက်လာစေနိုင်ပါတယ်။” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီတည်ထောင်သူနှင့် အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ Marzuki Darusman မှ​ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အနေဖြင့် စစ်အုပ်စုကို အကြမ်းဖက် မှုများ ကျူးလွန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့်သာ ဆက်ဆံရန် သင့်တင့် လျောက်ပတ်သည့် မဟာဗျူဟာများ ချမှတ်ဆက်ဆံရမည်ဖြစ်ပြီး အစိုးရအနေဖြင့် ဆက်ဆံရမည်မဟုတ်ပါ။

မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့နေရသည့် စစ်ဆေးမှုများ၏ ပြင်းထန်မှုများ၊ ပြည်တွင်းတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း အရေအတွက်များ၊ ရန်ပုံငွေများနှင့် အစီအစဥ်များ သိသာ ထင်ရှား စွာတည်ရှိနေသော်လည်း မြန်မာပြည်တွင်းရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်းမှစတင်၍ အမြဲခန့် ဌာနေညှိနှိုင်းရေးကိုယ်စားလှယ် မရှိပါ။

“အလွန်တရာ ကံမကောင်း၊ အကြောင်းမလှတဲ့ ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံအရေးကိစ္စကို ဖြေရှင်းဖို့မှာ ကုလသမဂ္ဂရဲ့ ဦးဆောင်မှု ကင်းမဲ့ခဲ့ရပါတယ်။ မြန်မာပြည်တွင်းမှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အမြင့်ဆုံးရာထူးကို တာ၀န်ယူမယ့်သူနေရာလည်း ယခုအချိန်မှာ လစ်လပ်လျက်ရှိနေပါတယ်။ ဒါဟာ လုံး၀ လက်ခံလို မရနိုင်တဲ့ကိစ္စဖြစ်ပြီး ဒီကိစ္စကို နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ ဖြေရှင်းရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ အတွေ့အကြုံရင့်ကျက်တဲ့သူတစ်ဦးကို ကမ္ဘာ့ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးကိုယ်စားလှယ်အနေနဲ့ လိုအပ်ပါတယ်၊ အဲ့လို ရွေးချယ်ခန့်အပ်ရာမှာလည်း ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ မြန်မာ နိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း ခန့်အပ် ရမှာဖြစ်ပါတယ်။” ဟု Chris Sidoti မှ ပြောကြားခဲ့ပါသည် ဟု Special Advisory Council for Myanmar ကထုတ်ပြန်ထားသည်။
———————————————————-
ကမ္ဘာ့ကုလသမဂ္ဂ၏ အကြီးတန်းအရာရှိများက စစ်အုပ်စုအ​နေဖြင့် အာဏာကို ထိန်းချုပ်နိုင်သွားပြီဟု မှတ်ချက်​ပေးခဲ့ကြသည်။ ယင်းမှတ်ချက်မှာ လွဲမှားလျက်ရှိပြီး ပြသနာကို ပိုမိုဆိုးရွား​စေနိုင်သည်။