• Today is: Friday, April 19, 2024

NCA နှစ်ပတ်လည် အခမ်းအနားသို့ အနည်းဆုံး အပစ်ရပ် ၅ ဖွဲ့တက်မည်

NCA နှစ်ပတ်လည် အခမ်းအနားသို့ အနည်းဆုံး အပစ်ရပ် ၅ ဖွဲ့တက်မည်

ဖက်ဒရယ်ဂျာနယ် ၊အောက်တိုဘာ ၁၄၊ ၂၀၂၁
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားကို အပစ်ရပ် ၁၀ ဖွဲ့အနက် အနည်းဆုံး ၅ ဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေ သူများထံမှ သိရသည်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)၊ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ(ALP)တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ လက်မှတ်ထိုးခဲ့ကြသည်။
အဆိုပါ NCA ထိုးထားသည့် ၁၀ ဖွဲ့အနက် အနည်းဆုံး ၅ ဖွဲ့သည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA လက်မှတ်ထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ် လည် အခမ်းအနားကို တက်ရောက်ကြလိမ့်မည်ဟု PNLO မှ ရှေ့ဆောင်နာယ က ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကိုယ်တိုင်တက်နဲ့ အွန်လိုင်းတက် နှစ်မျိုးရှိတယ်၊ ၅ ဖွဲ့ ၆ ဖွဲ့လောက်ကတော့ အလယ်အလတ် ခေါင်းဆောင်တွေ နေပြည်တော်ကို သွားကြမယ်ထင်တယ်။ကျနော်တို့ လူကြီးပိုင်းတွေကတော့ အွန်လိုင်းကနေပဲ တက်ပြီး တော့ ဂုဏ်ပြုစကားပြောရမှာပေါ့။ ဒီနှစ်ပတ်လည် အထိမ်းအမှတ်အတွက်ပါ တခြားတော့မပါပါဘူး”ဟု ပြောသည်။
နေပြည်တော်မှာ ကျင်းပမည့် NCA နှစ်ပတ်လည် အခမ်းအနားသို့ ALP၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ NMSP မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများက ပြောသည်။
အလားတူ PNLO မှ ကိုယ်စားလှယ်များ သွားလာရ အဆင်ပြေပါက သွားတက်ရောက်ရန် မိမိအနေဖြင့် အကြံပြုထားပြီး ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းနှင့် မိမိမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းကြောင့် အွန်လိုင်းကနေပဲ တက်ရောက်မည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့ထဲမှ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU နှင့် RCSS မှ ကိုယ်စားလှယ် NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ရန် ရှိ/မရှိ အတည်မပြုနိုင်သေးသော် လည်း RCSS ကိုယ်စား လှယ်တချို့တက် ရောက်နိုင်ခြေရှိသည်ဟု ကြားသိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တစ်ဦးက “ အနည်းဆုံးတော့ အပစ်ရပ် ၁၀ ဖွဲ့ထဲက ၈ ဖွဲ့လောက်တော့ တက်နိုင် ခြေရှိတယ်။ တချို့ကတော့ အွန်လိုင်းကနေ တက်ကြမယ်၊ ဦးခွန်ဥက္ကာတို့ RCSS အကြံပေး ဦးခွန်ဆိုင်းတို့က အွန်လိုင်းက တက်ကြမယ်လို့ သိရတယ်။ အခုဆိုရင် နေပြည်တော်ကို ဒေါ်စောမြရာဇာလင်းတို့ ရောက်တောင် ရောက်နေလောက်ပြီး။ ABSDF ကတော့ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းကို တာဝန်မပေးဘူး ကိုယ်စားလှယ်တစ်ဦးတော့ လွှတ်မယ်တော့ ကြားတယ်”ဟု ပြောသည်။
NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကိုဗစ်-၁၉ ကာလ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ပြီး အွန်လိုင်းကနေ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားသည်ဟု စကစ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောထားသည်။ (CNI သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)