• Today is: Thursday, March 28, 2024

ပြည်တွင်းစစ်သမိုင်း အကျဉ်းချုပ်

▄ ပြည်တွင်းစစ်သမိုင်း အကျဉ်းချုပ်

မင်းသေ့ (သုံးသပ်ချက် ဆောင်းပါး)
ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၅၊ ၂၀၂၁

• စေ့စပ်ဆွေးနွေးရေးအိပ်မက် လမ်းဆုံး

• စားပွဲဝိုင်းနိုင်ငံရေး ခေတ်မထ
• ဗုံးလက်နက်တို့ တောထ

• ပြည်တွင်းစစ် သက်ဆိုးရှည်

ခေတ်အဆက်ဆက် အတိတ် အခြင်းအရာကို ကြည့်ရင် …..
စစ်တပ်မှာ ကျူပင်ခုတ်၊ ကျူငုတ် မကျန်စေရ ဗျူဟာ ခေတ်စားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစု တွေမှာလည်း အပြုတ်တိုက်လမ်းစဉ် ရေပန်းစားတယ်။ အပြုတ်တိုက်အပြတ်ရှင်းလမ်းစဉ်နဲ့ ကျူငုတ်မကျန် သုတ် သင်ရေးဗျူဟာဟာ ထိပ်တိုက်တိုးလို့ တောတွင်းစစ်ပွဲကြီးတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပေမယ့်၊ ကျူငုတ်လည်း ကျန်နေခဲ့တယ်၊ အပြုတ်လည်း မတိုက်နိုင်၊ အပြတ်လည်း မရှင်းနိုင်ခဲ့။ ထန်းလျက်ခဲ ခွေးလျက် သလို လုံးပါးပါးတာ တွေ ရှိပေမယ့် အသွင်သစ်နဲ့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ နာတာရှည် ရောဂါလို စွဲမြဲနေခဲ့တယ်။

နှစ်ဖက်စလုံးဟာ အမာလိုင်းကို အလျှောက်များခဲ့လို့ စေ့စပ်ဆွေးနွေးရေးလမ်းစဉ် (တနည်း) စစ်မှန်တဲ့ စားပွဲဝိုင်းနိုင်ငံရေး ပလက်ဖောင်းပေါ် ဘယ်တုန်းကမှ မရောက်ခဲ့ဘူး။ ရောက်ရင်လည်း အဖြေ မထွက်ဘူး။

• အဖြေ မထွက်တာနဲ့

• အီလည်လိုက်နေတာနဲ့

• မျောနေတာနဲ့

• ပြန်ပျက်တာနဲ့

ဒီလိုနဲ့ပဲ ဇာတ်သိမ်းသွား၊ နိဂုံးချုပ်သွားတယ်။

တကယ့်လက်တွေ့မှာ ကျူပင်သာ ခုတ်တယ်။ ကျူငုတ်တွေက ဒင်းကြမ်းပြည့်နေအောင် ကျန်ခဲ့တယ်။ မြုပ်နေတဲ့ ကျူငုတ်တွေတောင် ပေါ်လာတယ်၊ အသစ်ပေါက်လာတယ်။ ဒါ့ကြောင့် လက်နက်ကိုင်နိုင်ငံရေးပဋိပက္ခ ရှိနေတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အပြုတ် လည်း မတိုက်နိုင်၊ အပြတ်လည်း မရှင်းနိုင်။ ဒါ့ကြောင့် လက်နက်ကိုင်နိုင်ငံရေးပဋိပက္ခထဲ ပြန်သက်ဆင်းသွားတယ်။

ဒီလိုနဲ့ မြန်မာပြည်ဟာ ပြည်တွင်းစစ် သက်ဆိုးရှည်ခဲ့တယ်။