• Today is: Saturday, April 20, 2024

အနော်ရထာ စစ်ဆင်ရေးအား ကန့်ကွက်ကြောင်း ဥပဒေအထောက်အကူပြု ကွန်ရက်က သဘောထားထုတ်ပြန်

နိုင်ငံတကာ စစ်ဥပဒေ (ဂျီနီဗာကွန်ဗင်းရှင်း) ကို ဆန့်ကျင်ပြီး သာလွန်စစ်အင်အား အသုံးပြု၍ အရပ်သားလူထုအပေါ် သိမ်းကျုံးတိုက်ခိုက် လာနိုင်သည့် မြန်မာစစ်တပ်၏ “အနော်ရထာစစ်ဆင်ရေး” အား ဥပဒေအထောက်အကူပြု ကွန်ရက်က ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားသည်။ 

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၈၊ ၂၀၂၁

စစ်ကောင်စီက မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက််ဒေသအား သာလွန် စစ်အင်အားအသုံပြု၍ ထိုးစစ်ဆင်လာသောကြောင့် လူထုများအနေ ဖြင့် ရက်စက်ကြမ်းကြုတ်သည့် နိုင်ငံတကာအဆင့်ရှိပြစ်မှုကြီးများ (လူသားဖြစ်မှုကို ဆန့်ကျင့်သောပြစ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု) မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ရနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းသို့သော် အခြေအနေဆိုးများမှ ကြိုတင်ကာကွယ်မှု ပေးနိုင်ရေးအတွက် အင်အားစု အသီးသီးထံသို့ အချက် (၅)ချက်ဖြင့် တောင်းဆိုထားသည်ကိုလည်း တွေ့ရသည်။

၁) လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း လိုက်နာရမည့် ဂျီနီဗာကွန်ဗင်းရှင်းအား အပြည့်အ၀ လေးစားလိုက်နာရန်။

၂) စစ်ဆင်ရေးဒေသအတွင်း နေထိုင်သည့် အရပ်သားပြည်သူများ၏ အသက်လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ရရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ဒေသအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့များနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွင်ထားနိုင်ရန်။

၃) နိုင်ငံတကအဆင့် ဆိုးဝါးပြင်းထန်သည့် ပြစ်မှုကြီးများအား ကျူးလွန်သူများကို ပြည်တွင်းနှင့် ဥပဒေ အဖွဲ့အစည်းများ၊ လူထုအသင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် အင်အားစု အသီးသီးတို့အနေဖြင့် လိုအပ်သော စီစဉ်ဆောင်ရွက်မှုများကို ချမှတ်ဖော်ဆောင်နိုင်ရန်။

၄) တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ခေတ်အဆက်ဆက် မြန်မာစစ်တပ်၏ ခွဲခြားဆက်ဆံမှု အခြေခံကနေ ဖော်ဆောင်နေသည့် ဖိနှိပ်သော မဟာဗျူဟာ စစ်ဆင်ရေးအား တညီတညွတ်တည်း ခုခံတွန်းလှန်ကြရန်။

၅) မြန်မာစစ်တပ်အား ဘဏ္ဍရေး၊ စစ်လက်နက်၊ နည်းပညာ နှင့် သံတမန်ရေးအရ တနည်းတဖုံဖြင့် ထောက်ပံ့ပေးနေသည့် နိုင်ငံများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် လူပုဂ္ဂိုလ်များ အနေဖြင့် မြန်မာစစ်တပ်နှင့် လုံး၀ အဆက်အသွယ်မပြုလုပ်ကြရန်။

ဥပဒေ အထောက်အကူပြု ကွန်ရက်က ထုတ်ပြန်ထားသည်။
ထုတ်ပြန် ကြေညာချက် PDF Link –
https://drive.google.com/file/d/1bVh3WheiqmBHPRRxQvMcBKvYOki2HrrI/view?fbclid=IwAR3E-RTjH1djtcPDPwr0SB4VBTSzfkBEtRkhAO9egK9FtSGzkuyvutxAFgI