• Today is: Friday, March 29, 2024

တပ်ရင်းမှူးကျဆုံးမှု စိတ်မကောင်းကြောင်း၊ လက်နက်များ ပြန်အပ်လိုက်သည်ဟု ပဒိုစောရွှေမောင်းပြော

တပ်ရင်းမှူးကျဆုံးမှု စိတ်မကောင်းကြောင်း၊ လက်နက်များ ပြန်အပ်လိုက်သည်ဟု ပဒိုစောရွှေမောင်းပြော

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၉၊ ၂၀၂၁ ခုနှစ်

တပ်မတော်၏ ခြေလျင်တပ်ရင်း ၂၈၃ အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်း မှူး အပါအဝင် အရာခံစစ်သည် ၇ ဦးကျဆုံးသွားခြင်းအပေါ် စိတ်မကောင်းကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်များကို တပ်မတော်ထံ ပြန်လည် အပ်နှံလိုက်ကြောင်း ပဒိုစောရွှေမောင်းက ပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့က ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်တွင် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ခုခံရွာနှင့် သံပုရာရွာကြားတွင် တစ်ကြိမ်၊ သံပုရာရွာနှင့် အနန်းကွင်းရွာကြားတွင် တစ်ကြိမ် တပ်မတော်၏ ခလရ ၂၈၃ နှင့် KNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သာဝင်းထွန်း အပါ အဝင် အရာခံစစ် သည် ၇ ဦး ကျဆုံးခဲ့သည်။

အဆိုပါ သတင်းသည် လွန်စွာ စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဖြစ်ကြောင်း KNU ၏ တပ်မဟာ(၆) ဒူးပလာ ယာ ခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက အောက်တိုဘာ ၂၉ ရက်မှာ လက်မှတ်ထိုး ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းက “ကျနော် တို့က NCA ဟာ မပျက်ပြယ်သေးဘူးဆိုတဲ့အပေါ်မှာ NCA အရပဲ ညှိနှိုင်းဆောင်ရွက်ကြတာ ပေါ့၊ အဲလိုပဲ သွားနေတာပေါ့။ ဆက်ဆံရေးကတော့ နည်းနည်းကြဲသွားတဲ့ သဘောတော့ ရှိတာပေါ့၊ သံသယ စိတ်တွေ နည်းနည်းကြီး မားလာ တာပေါ့။ အဲတာကလည်း နှစ်ဖက်ကတိပြု ထားတဲ့အပေါ်မှာပဲ အခြေခံပြီးတော့ ရှေ့ဆက်သွားရမှာပေါ့”ဟု ပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့ ပစ်ခတ်မှုဖြစ်စဉ်တွင် တပ်မတော်ဆီကနေ သိမ်းဆည်းရမိခဲ့သည့် လက်နက် ၇ လက်ကို KNU ဘက်မှ ဘုရားသုံးဆူအခြေစိုက် တပ်မတော်ထံ အောက်တိုဘာ ၂၆ ရက်က ပြန်လည် အပ်နှံခဲ့ ကြောင်း သိရသည်။

KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက “ လက်နက်တွေကို ပြန်အပ်လိုက်တာလည်း ဟုတ်ပါတယ်။ ကျနော်တို့ကတော့ ပြည်တွင်း ငြိမ်းချမ်းမှု မရှိရင် ပြည်သူလူထုရဲ့ ဘဝက မစိုပြေနိုင်ဘူးလေ၊ ဒါကြောင့်မလို့ ရှေ့ဆက် ဆောင်ရွက်ဖို့ပဲရှိတာပေါ့။ နှစ်ဦးနှစ်ဖက် ကတိပြုထားတဲ့အတိုင်း ကျနော်တို့ နိုင်ငံ ငြိမ်းချမ်းမှု ရရှိတဲ့အထိ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပေါ့”ဟု ပြောသည်။

ထို့နောက် ပစ်ခတ်တိုက်ခိုက်ခံရသော နေရာဒေသသည် KNU နှင့် တပ်မတော် နှစ်ဖက်တပ်များ သွားလာလှုပ် ရှားသော နေရာဒေသဖြစ်ကြောင်း၊ KNU နှင့် အစိုးရတပ်မတော်တို့သည် ပစ်ခတ်တိုက်ခိုက်မှု မပြုကြရန် NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများဖြစ်ကြောင်း၊ ဤကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းများ မဖြစ်သင့်ဘဲ ဖြစ် ပေါ်လာပြီး သေကြေသွားခဲ့ကြသည်များမှာ လွန်စွာ ဝမ်းနည်းကြေကွဲ ဖွယ်ရာများဖြစ်ပါကြောင်း ပဒိုစောရွှေ မောင်း၏ အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းဖြစ်ပြီး KNLA သည် KNU ၏ စစ်ရေး လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သည်။

ပုံ-ပဒိုစောရွှေမောင်းကိုတွေ့ရစဉ်။(KIC)