• Today is: Friday, March 29, 2024

မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်က စစ်ရေးတပ်ပေါင်းစု

မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်က စစ်ရေးတပ်ပေါင်းစု

စဉ်းစားချက်

  • ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးပဋိညာဉ်အောက်မှာ အကျိုးစီးပွား ပဋိပက္ခသစ်တွေ မဖြစ်ထွန်းဖို့
  • တည်ဆဲ အကျိုးစီးပွားပဋိပက္ခတွေ ရှိနေရင်လည်း စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းအပေါ် ဆွဲတင်ရင်း ဘေးထွက်ဆိုးကျိုးနည်းစွာ ကိုင်တွယ်နိုင်ဖို့
  • မြန်မာ့နွေဦးတော်လှန်ရေး ထီးရိပ်အောက်မှာ ဖက်ဒရယ်လိုလားသော လူမျိုးစုလက်နက်ကိုင်အဖွဲ့အားလုံး ခြေစုံရပ်နိုင်ကြဖို့
  • အလုပ်ဖြစ်တဲ့ စစ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ဖို့၊
  • စစ်ရေးတပ်ပေါင်းစုလည်း လူမျိုးစုခေါင်းဆောင်တွေ တညီတညွတ်တည်းဦးဆောင်မယ့် နိုင်ငံရေးခေါင်းဆောင်မှုထီးရိပ်တစ်ခုတည်းအောက် ရောက်ရှိစေဖို့၊
  • တည်ဆဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှုအောက်မှာ ထိထိရောက်ရောက်သွတ်သွင်းဦးဆောင်ဖို့နဲ့ စစ်ရေးခေါင်းဆောင်မှု ပေးဖို့ ၊ စစ်ရေးအကူအညီတွေ ပေးနိုင်ဖို့၊
  • လက်နက်ကိုင်လမ်းစဉ်ဟာ ဘေးထွက်ဆိုးကျိုးများနိုင်တာကြောင့် တတ်နိုင်သရွေ့ ဂုဏ်သရေ မညှိုးနွမ်းရသော တော်လှန်ရေးဖြစ်ဖို့၊
  • မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်ကို ဆက်လက်ကျယ်ပြန့်အောင် ခိုင်ခိုင်မာမာ မိုးထားဖို့ နဲ့
  • တော်လှန်ရေးလွန်ကာလမှာ အကျိုးစီးပွားပဋိပက္ခကို မကိုင်တွယ်နိုင်လို့ အကွဲအပြဲဇာတ်လမ်းသစ် ထပ်မံ မပေါ်ပေါက်ဖို့ ဖြစ်ပါတယ်။

ဒီကိစ္စတွေဟာ ယေဘုယျကျကျ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ အသေးစိတ် ထဲထဲဝင်ဝင် စနစ်တကျ လုပ်ဆောင်မှ ဖြစ်မယ့်အရာတွေ ဖြစ်ပါတယ်။

ဖက်ဒရယ်လိုလားချက်နဲ့ မူရင်းအထိုင်

နွေဦးတော်လှန်ရေးရဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးနဲ့ပတ်သက်ရင်၊ ကျနော်တို့ တော်တော်များများဟာ ယေဘုယျကျတဲ့စကားလုံးတွေကိုပဲ ပြောဆိုနေကြတာများပါတယ်။ ဒီအထဲမှာ ယေဘုယျကျတယ်လို့ ယူဆလို့ ရပေမယ့် အသေးစိတ်ဆန်ပြီး အငြင်းပွားဖွယ် ပိုများနိုင်တဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ လက်နက်ကိုင်လူမျိုးစုအဖွဲ့တွေ အချင်းချင်းအကြား အကျိုးစီးပွားပဋိပက္ခကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အကျိုးစီးပွားပဋိပက္ခလို့ သုံးနှုန်းတာကို မလိုလားသူ ရှိနိုင်ပါတယ်။ ပြည်တွင်းစစ်နှစ်တာရှည်ခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ လက်နက်ကိုင်လူမျိုးစုအဖွဲ့တွေထဲမှာ ဒေသခံလူမျိုးစုအကျိုးစီးပွားနဲ့ယှဉ်တဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေ ရှိနေနိုင်ပါတယ်။ ဒါဟာ တစ်ဖက်ကကြည့်ရင်၊ လက်နက်ကိုင်အဖွဲ့ရဲ့ ဝင်ငွေရလမ်းအတွက် ကြိုးစားရုန်းကန်ရခြင်းလို့ မြင်နိုင်ပါတယ်။ သို့သော်လည်း အဖွဲ့အစည်းကို အကြောင်းပြုပြီး အားလုံးစုပေါင်းရပ်တည်ကြတာဖြစ်ပေမယ့်၊ တော်လှန်ရေးကြောင့် မူလအထိုင်တွေ ပျက်သွားပြီး၊ အနာဂတ်မှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ဘယ်လို ဘယ်လိုပေါင်းစည်းမလဲ၊ ပေါင်းစည်းနိုင်ခဲ့ရင်လည်း ဘယ်လို ဒီဇိုင်းချမလဲ ဆိုတာ အငြင်းပွားဖွယ်ရာတွေ များစွာ ရှိလာနိုင်ပါတယ်။

နိုင်ငံရေးပဋိညာဉ်

နွေဦးတော်လှန်ရေးသာ အောင်မြင်ခဲ့ရင် တော်လှန်ရေးလွန်ကာလမှာ လုပ်ဆောင်ရမယ့် လက်နက်ကိုင်အဖွဲ့ တစ်ပေါင်းတစ်စည်းတည်းနဲ့ တစ်ခုတည်းသောနိုင်ငံရေးဦးဆောင်မှုအောက်မှာ တည်ရှိနေနိုင်ရေးဟာ – ခိုင်မာ ရှင်းလင်း တိကျတဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခု တည်ဆောက်နိုင်ဖို့ လိုပါတယ်။ နှစ်ပေါင်းများစွာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ ရှင်သန်ဖြစ်တည်ရာ ဒေသတွင်းမှာ၊ နိုင်ငံတော်ကို ထီးရိပ်လုပ်ပြီး အားလုံး နိုင်ငံရေးခေါင်းဆောင်မှု တစ်ခုတည်း အောက်မှာ အညီအညွတ် ရောက်ကြဖို့ ဆိုတာ မလွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကြားထဲမှာ ceasefire capitalism လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ယှဉ်တွဲဖြစ်တည်လာတဲ့ စီးပွားရေးအကျိုးစီးပွားတွေ ရှိနေပါတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့အားလုံးဟာ တစ်ညီတစ်ညွတ်တည်း ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်နိုင်ဖို့ကတော့၊ အခုအခံ အတားအဆီးတွေ ရှိနေဆဲဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် တည်ဆဲ အကျိုးစီးပွားတွေနဲ့ ရှိခဲ့ပြီးသား အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာဟာ တကယ့်ပြဿနာဖြစ်ပါတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးဟာ လူမျိုးစုအခွင့်အရေးအတွက် လက်နက်ကိုင်နေကြတာချည်း မဟုတ်ပါ။ ၎င်းအဖွဲ့တွေကို အမျိုးအစားအားဖြင့် ခွဲခွဲခြားခြား ပိုင်းပိုင်းဖြတ်ဖြတ် ကြည့်ဖို့ ဖြစ်ပါတယ်။

ပုံပျက်ခဲ့မှုထဲက၊ အကောင်းတွေ ကျန်သေး

နဂိုမူလကတည်းက လူမျိုးစုအခွင့်အရေး အပြည့်အဝရဖို့ လက်နက်ဆွဲကိုင်တော်လှန်ခဲ့ကြတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းစစ် ကာလ နှစ်ကြာရှည်လာတာနဲ့အမျှ ပုံပျက်လာတာတွေ ရှိပါတယ်။ အဲသည်လို ပုံပျက်မှုတွေကြားထဲမှာ ထိန်းထိန်းသိမ်းသိမ်း လျှောက်လှမ်းရင်း၊ နဂိုမူလ ပန်းတိုင်ကို မရွဲ့မစောင်း လျှောက်လှမ်းနေတဲ့၊ တကယ့် ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ မြန်မာစစ်တပ်လက်ဝေခံ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အုပ်စုကိုတော့ ထည့်သွင်းတွက်ချက်စရာ မလို။ လက်ရှိမှာ မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်မှာ အတူပေါင်းစည်းလာတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ရှိပါတယ်။ ဒါဟာ ဘုံရည်မှန်းချက် တစ်ခုအပေါ်မှာ ဘုံတူညီချက်အနေနဲ့ စုဆုံမိကြတာဖြစ်ပါတယ်။

သို့သော်လည်း မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်ကို ခြေတစ်ဖက်သာ လှမ်းထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တချို့ ရှိပါတယ်။ ဒါကတော့ နိုင်ငံရေးခေါင်းဆောင်ပိုင်းက ဆက်လက်ပြီး နိုင်ငံရေးယုံကြည်ချက်ကို ထပ်မံတည်ဆောက်ရင် ဖြစ်နိုင်ချေ ရှိပါတယ်။ သို့သော်လည်း မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်ကို ဝင်မလာသေးတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ ပြည်မနဲ့ တောင်တန်းပြည်သူတွေရဲ့သဘောထားဆန္ဒအထွေထွေကို ဒီနေ့ခေတ်မှာ ပြတ်ပြတ်သားသား ရှင်းရှင်းတွေ့မြင်နေရပြီး ဖြစ်ပါတယ်။ သို့သော်လည်း လက်တွေ့နိုင်ငံရေးမှာ၊ တော်လှန်ရေးတပ်ပေါင်းစုထဲ ဝင်လာဖို့ မျှော်လင့်လို့ မရတဲ့ အဖွဲ့တွေ ခပ်များများ ရှိနေပါသေးတယ်။ ဒါဟာ ဘာ့ကြောင့်လဲ။

ဒီနေရာမှာ ဗမာနိုင်ငံရေးအင်အားစုတွေနဲ့ ယုံကြည်မှုမတည်ဆောက်နိုင်သေးတာ ပါဝင်နိုင်သလို၊ တည်ဆဲ အကျိုးစီးပွားတွေကို လက်သီးဆုပ် မဖြည်နိုင်တာ၊ ဖြစ်လာလတ္တံ့သော ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို စစ်စစ်မှန်မှန် မလိုလားတာတွေ ရှိနိုင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ ယှဉ်ပြီး အထွေထွေ အာဏာဖီဆန်ရေးမဟာဗျူဟာ လမ်းကြောင်းကို လျှောက်လှမ်းနေပြီး ဖြစ်ပါတယ်။

ခရီးကား ဝေးသေး၏

ဒီနေရာမှာ လူမျိုးစုလက်နက်ကိုင်ဘိုးအေကြီးတွေရဲ့ အားပေးကူညီမှုနဲ့ အတူ ပုံဖော်လာနိုင်တဲ့ စစ်ရေးစွမ်းရည် တည်ဆောက်မှုတွေ ရှိလာပါတယ်။ ထိုနည်းလည်းကောင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တစ်ခုတည်းသောနိုင်ငံရေးဦးဆောင်မှုထီးရိပ်အောက်ကို မသွတ်သွင်းနိုင်သေးလို့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုး တချို့ကိုလည်း တွေ့မြင်နေရပါတယ်။ ဒါဟာ ရေရှည် ဖြစ်လာရင် မကောင်းပါ။ အချိန်မှီ ထိန်းကွပ်နိုင်ကြဖို့ ဖြစ်ပါတယ်။ အချိန်မှီထိန်းကွပ်နိုင်ကြဖို့ ဆိုရင် ဖက်ဒရယ်လမ်းကြောင်းကို တကယ်လိုလားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြားမှာ ခိုင်မာကျစ်လစ်တဲ့ စစ်ရေးတပ်ပေါင်းစုကြီးကို အလုပ်ဖြစ်အောင် ဖွဲ့စည်းနိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုပေါ်ထွက်လာမယ့် စစ်ရေးတပ်ပေါင်းစုကြီးဟာလည်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးပဋိညာဉ်နဲ့ အတူ တစ်ခုတည်းသောနိုင်ငံရေးဦးဆောင်မှုထီးရိပ်အောက်မှာ ရောက်ရှိနေရမှာ ဖြစ်ပတယ်။

ဒီလိုရောက်ရှိပြီဆိုရင်လည်း လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြားက အကျိုးစီးပွားပဋိပက္ခတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီး ဖြစ်ရမှာပါ။ သို့မဟုတ်ရင်တော့ စစ်ရေးတပ်ပေါင်းစုနဲ့ နိုင်ငံရေးတပ်ပေါင်းစု ဖွဲ့နိုင်သည့်တိုင်၊ အကျိုးစီးပွားပဋိပက္ခကြောင့် ကျစ်လစ်စွာ အစေးကပ်နိုင်မယ် မထင်ပါ။ တော်လှန်ရေးလွန်ကာလ ရောက်သည့်တိုင်၊ ယခင်က ပေါင်းစည်းခဲ့မှုတွေဟာ အကျိုးစီးပွားပဋိပက္ခအပေါ် ကိုင်တွယ် ဖြေရှင်း ညှိနှိုင်းမှု ညံ့ဖျင်းခဲ့ရင် တစ်လုံးတစ်စည်းထဲ ဖက်ဒရယ်လမ်းကြောင်းကို အတူလျှောက်နိုင်မယ် မထင်ပါ။ အကွဲအပြဲ ဇာတ်လမ်းသစ်ကို တစ်ဖန်ပြန်တွေ့ရမလို ဖြစ်သွားနိုင်ပါတယ်။

ဘုံရည်မှန်းချက် ၊ ဘုံတူညီချက်

ဒီတော့ မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်မှာ ဖက်ဒရယ်ကို စစ်စစ်မှန်မှန် လိုလားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ စုဆုံကြနိုင်ကြဖို့ ဖြစ်ပါတယ်။ ဒီလို စုဆုံခြင်းကို ဟန့်တား ခုခံနေတဲ့ ယုံကြည်မှု အကျပ်အတည်းကိစ္စတွေကိုလည်း ဖြေရှင်းနိုင်ကြဖို့ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်မှာ ရောက်ရှိနေပြီးဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေကလည်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထိရောက်တဲ့ စစ်ရေးခေါင်းဆောင်မှုနဲ့ စစ်ရေးအကူအညီတွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်ကို ခြေတစ်ဖက် လှမ်းထားပြီးဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို ဆက်လက်၍ ခြေစုံပစ် ပူးပေါင်းပါဝင်နိုင်အောင်၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးပဋိညာဉ်နဲ့ စည်းနှောင်ကြဖို့ ဖြစ်ပါတယ်။

အကျိုးစီးပွားပဋိပက္ခတွေ ရှိခဲ့ရင်

တော်လှန်ရေးကာလအတွင်းမှာလည်း ရှိခဲ့ပြီးသား အကျိုးစီးပွားပဋိပက္ခတွေကို ကိုင်တွယ်ညှိနှိုင်းနိုင်ကြဖို့ ဖြစ်ပါတယ်။ အကယ်၍ တော်လှန်ရေးလွန်ကာလ ရောက်ရင်လည်း ဖြစ်လာလတ္တံသော အကျိုးစီးပွားပဋိပက္ခတွေကို အကွဲအပြဲ ဇာတ်လမ်းသစ် မပေါ်ပေါက်အောင် ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းရတာဟာ ဘေးထွက်ဆိုးကျိုး များနိုင်တာ ဖြစ်ခြင်းကြောင့် စစ်ရေးတပ်ပေါင်းစု ဖွဲ့စည်းပြီး ညီညွတ်စွာ ဦးဆောင်ခြင်းနဲ့ စစ်ရေးတပ်ပေါင်းစုကို တစ်ခုတည်းသော နိုင်ငံရေးခေါင်းဆောင်မှု ထီးရိပ်အောက်မှာ ထားသိုဖို့ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးခေါင်းဆောင်မှုထီးရိပ်ဟာလည်း တပ်ပေါင်းစုနိုင်ငံရေးအသွင်ဆောင်တဲ့ လူမျိုးစုခေါင်းဆောင် အားလုံးပေါင်းစည်းညီညွတ်ကြတဲ့ နိုင်ငံရေးပုံသဏ္ဍာန်ဖြစ်ဖို့ အထူး လိုအပ်ပါတယ်။

ဒီအချက်တွေဟာ ယေဘုယျကျတဲ့အချက်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် အသေးစိတ် အတွင်းကျကျ စနစ်တကျ မြန်မြန်ဆန်ဆန် လုပ်မှ ထိရောက်နိုင်မယ့် အရေးအရာတွေ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းသေ့ (ဆောင်းပါး) 

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၄၊ ၂၀၂၁