• Today is: Friday, April 19, 2024

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက် တင်ဆက်ခြင်း အစီအစဉ်

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက် တင်ဆက်ခြင်း အစီအစဉ်

ဦးမျိုးကျော် (အထွေထွေအတွင်းရေးမှူး-ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)နဲ့ ဖက်ဒရယ်ဂျာနယ်က သီးသန့် ဆက်သွယ်မေးမြန်းထားသည်။

ဖဇအ – ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၅၊ ၂၀၂၁

မေး။     ။ လက်ရှိNUG ရဲ့နိုင်ငံရေးအခင်းအကျင်းအပေါ် ဆရာရဲ့အမြင်သဘောထားသိချင်ပါတယ်။

ဖြေ။      ။ NUG မပေါ်ခင် CRPH ( လွှတ်တော်ကိုယ်စားပြုကော်မတီ) အရင်ပေါ်တာပေါ့နော်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကပဲအ များဆုံးနိုင်တဲ့အတွက် NLD ကပဲကမကထလုပ်ပြီးတော့ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တယ်။ အဲ့ဒီကတဆင့် NUG အစိုးရဖွဲ့ လာတယ်၊ သူတို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရလို့ဆိုတယ်။ တိုင်းရင်းသားတွေကိုလည်း အတော်အတန်နေရာပေးတယ်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရမှာတိုင်းရင်းသားတွေရဲ့အခန်းအားနည်းတယ်။ NLD ကိုအခြေခံပြီးတော့ ဖွဲ့စည်းတယ်။ NLD ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်။ NUG ဆိုတာ NLD ရဲ့ထိန်းချုပ်မှုအောက်မှာပဲသွားနေတဲ့ အစိုးရအဖွဲ့လို့ပဲမြင်တယ်။

မေး။     ။ NUG က D-Day ခေါ်လိုက်တာ နည်းနည်းကြာနေပြီပေါ့။ ဒီ D-Day ခေါ်လိုက်တဲ့အပေါ် ဆရာအနေနဲ့ အားသာချက်/အား နည်းချက် ဘာပြောချင်လဲ။

ဖြေ။      ။ D-Day ခေါ်တာက အရင်ကမ္ဘာစစ်တွေမှာတုန်းကသုံးခဲ့ဖူးတာပေါ့။ D-Day ခေါ်ပြီးတာနဲ့အရှိန်အဟုန်အလုံးအရင်း နဲ့အဆက်မပြတ်လူအင်အား၊ လက်နက်အင်အားနဲ့ တိုက်တာပေါ့။ အပြီးသတ်တိုက်ပွဲကိုဆင်နွဲတယ်။  ဒါကကျွန်တော်တို့စာထဲမှာ ဖတ်ဖူး၊ လေ့လာဖူးတာပေါ့။ NUG အစိုးရရဲ့ D-Day ခေါ်တာကကျတော့ လေလှိုင်းပေါ်ကနေခေါ်ပြီးတော့ တိုက်ခိုက်တာ၊ အပြတ်အ သတ်ချေမှုန်းတာမျိုးတွေ သိပ်မတွေ့ရဘူး။ နိုင်ငံတကာကD-Day ခေါ်တဲ့ပုံစံနဲ့ NUG က D-Day ခေါ်တဲ့ပုံစံဟာ လုပ်ငန်းသဘောသ ဘာဝအရ ကွဲနေတယ်။ NUG ခေါ်လိုက်တဲ့ D-Day ကြောင့် တကယ့် D-Day ရဲ့အနှစ်သာရပေါ့သွားတယ်။ နောက်တစ်ခုက D-Day ခေါ်လိုက်တဲ့အချိန်မှာ PDF တွေ ကာကွယ်ရေးတပ်တွေရှိတယ်။ သူတို့ကလည်း ပြင်ဆင်မှုဆိုတာတွေမှာ မရှိသလောက်ပဲ။ သူတို့ဟာသူတို့ရှိတဲ့လက်နက်တွေနဲ့ပဲ ခုခံကာကွယ်နေရတယ်။ PDF တွေဟာကို့အားကို ကိုယ်ကိုးပြီးရုန်းကန်နေရတယ်။ NUG ရဲ့အထောက်အပံ့နည်းတဲ့အတွက်ကို့မှာရှိနေတဲ့ တူမီးသေနတ်တွေနဲ့ပဲ ခုခံနေရတယ်ပေါ့။

မေး။     ။ နွေဦးတော်လှန်ရေးမှာ AA အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများ ပူးပေါင်းပါဝင်တာမတွေ့ရဘူး။ ဒီအခြေအနေအပေါ်မှာဆရာရဲ့အမြင်သဘောထားကို သိချင်ပါတယ်။

ဖြေ။      ။ ကျွန်တော်တို့နိုင်ငံဟာ ၁၉၄၈ မှာလွတ်လပ်ရေးရလာတယ်။ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။ ပြည်ထောင်စုဆိုတာ ပြည်နယ်တွေကိုစုထားတဲ့ပြည်ထောင်စုဖြစ်တယ်။ ဒါပေမယ့်ပြည်ထောင်စုဖြစ်ဖို့ကတိကဝတ်ဟာ မဖြစ်ခဲ့ဘူ၊ မတည်ခဲ့ဘူး။ ပြည်နယ် တွေမှာရှိတဲ့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဟာမရခဲ့ဘူး။ တိုင်းရင်းသားတော်လှန်ရေးတွေဖြစ်လာတယ်။ အဲ့တော့ဒီနိုင်ငံမှာပြည် တွင်းစစ်ဖြစ်လာတာဟာ လွတ်လပ်ရေးနဲ့အတူပဲဖြစ်တယ်။ ဖေဖော်ဝါရီ (၁) ရက်နေ့အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေက စစ်အာဏာရှင်ကိုတော်လှန်တယ်။ အထူးသဖြင့် ဗမာကိုယ်စားပြုစစ်အာဏာရှင်ကိုတော်လှန်တယ်။ ငါတို့ရဲ့ဘုံရန်သူဟာ စစ်အာဏာ ရှင်ဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ငါတို့ဟာဘဝတူတွေဆိုပြီး တန်းညှိတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့။ သို့သော်တိုင်းရင်းသားပြည်သူတွေ အနေနဲ့ကြည့်တဲ့အခါမှာ တိုင်းရင်းသားတွေအနေနဲ့စစ်အာဏာရှင်ဒဏ်ကိုခံလာရတာဟာ နှစ်ပေါင်း (၇၀) ကျော်ပြီ။ ဗမာတွေအနေနဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ သူတို့ရဲ့လူငယ်မျိုးဆက်တွေကအဓိက တော်လှန်တယ်။ အထူးသဖြင့်ဗမာအင်အားစုတွေက သူတို့တွေနဲ့တိုင်းရင်းသားတွေဟာ ဘဝတူတွေပါဆိုတဲ့အမြင်မျိုးပြောလာတယ်။ သို့သော် သူတို့နာတဲ့အခါမှသာဘဝတူဆိုတဲ့ဟာမျိုး ကိုသူတို့ခံစားမိတယ်။ ၁၉၈၈ မှာကျောင်းသားတွေထွက်ပြေးလာတယ်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ၊ လွတ်မြောက်နယ် မြေတွေကို ရောက် လာတယ်။ အစိုးရတွေဖွဲ့တယ်။ သူတို့ကလက်နက်ကိုင်တော်လှန်နေတဲ့တိုင်းရင်းသားတွေနဲ့ တသားလည်းလိုခံ စားရလာတယ်။ သို့သော်ကာလတစ်ခုပြီးသွားတဲ့အခါမှာ ဗမာတွေကဗမာအလုပ်လုပ်သွားတယ်။ သူတို့ကိုလက်ခံလိုက်တဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ပိုပြီးတော့ထိုးစစ်ကိုခံလာရတယ်။ ပိုပြီးတော့စစ်ဘေးရှောင်တွေပိုများလာတယ်။ ခုချိန်မှာ ဗမာတွေက ဘဝတူလို့ပြောပေမယ့် တိုင်းရင်းသားတွေကတော်တော်လေးကို ချင့်ချင့်ချိန်ချိန်နဲ့စဉ်းစားနေရတယ်။ အတွေ့အကြုံတွေရှိနေတော့ လေ။

 မေး။    ။ စစ်ကောင်စီမှာ ANP ပါတီကပူးပေါင်းပါဝင်ခဲ့တယ်၊ ပြီးတော့ဒေါက်တာအေးမောင်တို့ AFP ပါတီလည်းစစ်ကောင်စီခေါ်တဲ့ အစည်းအဝေးတွေတက်တယ်၊ ဆရာတို့ ALD ပါတီကတော့ပါဝင်တာမတွေ့ရဘူး။ အဲ့တော့လက်ရှိစစ်တပ်ကအာဏာသိမ်းမှုနဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ်မှာဆရာတို့ပါတီရဲ့ ရပ်တည်ချက်ကို သိချင်ပါတယ်။

ဖြေ။      ။ ALD ပါတီရဲ့ရပ်တည်ချက်က ပါတီရဲ့မူမှာကိုယ်၌က မည်သည့်အာဏာရှင်စနစ်ကိုမဆိုလက်မခံဘူး၊ တွန်းလှန်မယ် ပေါ့နော်။ အခုက ဖေဖော်ဝါရီ (၁)ရက်နေ့မှာ တပ်ကအာဏာထိန်းတယ်လို့ပြောပေမယ့် တကယ်ကအာဏာသိမ်းတာပဲဖြစ်တယ်။ စစ်အာဏာရှင်ဖြစ်တဲ့အတွက် ALD အနေနဲ့ကတော့ ပူးပေါင်းသွားဖို့အစီအစဉ်မရှိဘူး။ အဲ့တာကြောင့်သူတို့ဖိတ်တဲ့ပွဲတွေလည်း မတက်ဘူး၊ လက်မခံတာဖြစ်ပါတယ်။

မေး။     ။ နောက်တစ်ခုမေးချင်တာက ဆရာတို့ပါတီက နွေဦးတော်လှန်ရေးကိုထောက်ခံပါသလား။

ဖြေ။      ။ နွေဦးတော်လှန်ရေးထောက်ခံလားဆိုတော့ နှစ်ပိုင်းရှိလိမ့်မယ်။ ပြည်သူလူထုလှုပ်ရှားမှုဖြစ်တဲ့အရာမှာကျတော့ ဒီမိုကရက် တစ်ပါတီအနေနဲ့လက်ခံတယ်။ ဒါပေမယ့်နိုင်ငံရေးရည်ရွယ်ချက် ဘာတွေလည်းဆိုတဲ့ဟာမှာ မေးခွန်းတွေရှိတယ်။ စစ်အာဏာသိမ်း ပြီးတဲ့နောက်မှာ လူထုတွေထွက်လာတယ်။ သူတို့ရင်ထဲမှာရှိတဲ့ ဆန္ဒတွေကိုဖော်ထုတ်ကြတယ်။ တချို့ကလည်း ငါတို့အာဏာငါတို့ ပြန်ပေး၊ ငါတို့ခေါင်းဆောင်တွေလွှတ်ပေး၊ အမေကိုလွှတ်ပေး ဘာညာဆိုပြီးတော့ အများကြီးကြွေးကြော်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ယုံကြည်တာက ကျွန်တော်တို့နိုင်ငံရဲ့ပြဿနာဟာ (၁) အာဏာရှင်စနစ်ချုပ်ငြိမ်းရမယ်။ (၂) ဒီနေ့အာဏာရှင်ဖြစ်ဖို့အ တွက်ပြဿနာဟာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကိုဖျက်သိမ်းရမယ်။ (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ရမယ်။ ဒီလိုမျိုးပုံစံအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ပါတီအနေနဲ့နွေဦးတော်လှန်ရေးကိုလက်ခံမယ်။ အဲ့လိုမျိုးမဟုတ်ဘူးဆို ရင်တော့ကျွန်တော်တို့ လက်ခံလို့မရဘူး။ နိုင်ငံရေးအရမဟုတ်ဘဲ စိတ်ခံစားမှုအရသွားနေတဲ့အဖွဲ့အစည်းတွေနဲ့ဆိုရင်တော့ ကျွန်တော်တို့ လမ်းကြောင်းမတူပါဘူး။

မေး။     ။ ဟုတ်ကဲ့ပါဆရာ။ နောက်တစ်ခုမေးချင်တာက နွေဦးတော်လှန်ရေးမှာ AA ကပါဝင်မှုမရှိလို့ တချို့ကအားမလိုအားမရဖြစ် နေကြတယ်။ AA ခံစားခဲ့ရတာတွေနဲ့ AA ရဲ့လမ်းစဉ်ကိုလည်း နားလည်ပေးသင့်တယ်လို့တချို့ကပြောတယ်ပေါ့နော်။ နောက်တချိန် မှာ AA ကတစ်ဖွဲ့တည်းပြန်တိုက်နေမယ့်အစား နွေဦးတော်လှန်ရေးမှာပူးပေါင်းပါဝင်ပြီး ဘုံရန်သူကို အတူတကွ ပူးပေါင်းတိုက်ခိုက် တာက ပိုမကောင်းဘူးလား။ ဆရာဘယ်လိုမြင်မိပါသလဲ။

ဖြေ။      ။ အမှန်ကဒီမေးခွန်းကတော့ AA ရဲ့သဘောထား၊ AA ကိုပဲမေးရမှာ။ ဒါပေမယ့်ကျွန်တော်ကရခိုင်နိုင်ငံရေးပါတီရဲ့တာဝန်ရှိသူ တစ်ယောက်အနေနဲ့ဖြေပေးရမယ်ဆိုရင် AA ဆိုတာဟာ ရခိုင်ပြည်သူကို ကိုယ်စားပြုတဲ့အဖွဲ့ဖြစ်တယ်။ သူတို့ရဲ့ရည်မှန်းချက် ကွန်ဖယ်ဒရိတ်ဆိုတာလည်း သူတို့ရဲ့အမျိုးသားရည်မှန်းချက်ဖြစ်တယ်။ သူတို့ရဲ့အကျိုးဆိုတာဟာ ရခိုင်ပြည်သူလူထုအကျိုးသာဖြစ် တယ်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ AA နဲ့ BIAနဲ့ ရခိုင်ပြည်မှာတိုက်ပွဲတွေဖြစ်ကြတယ်။ ရခိုင်ပြည်သူတွေဒုက္ခရောက်တယ်။ BIA ဟာ ရခိုင်ပြည်မှာ ကုန်း၊ ရေ၊ လေ ဘတ်ပေါင်းစုံက ထိုးစစ်ဆင်တယ်။ ရခိုင်ပြည်သူနှစ်သိန်းကျော်ဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ဖြစ်လာတယ်။ AA အနေနဲ့အလူးအလဲ ဒါတွေကိုကြံ့ကြံ့ခံပြီးတော့ ရုန်းကန်ကြရတယ်။ အဲ့ဒီအချိန်တွေတုန်းကဆိုရင် AA နဲ့ ရခိုင်ပြည်သူလူထုကတစ်ဖက်၊ တစ်ခြားလူမျိုးတွေ၊ တစ်ခြားအဖွဲ့အစည်းတွေ အထူးသဖြင့် ဗမာပြည်မကအုပ်စုတွေက AA ကိုချေမှုန်းရမယ်ဆိုတဲ့အမြင်မျိုးနဲ့ပဲ သူတို့သွားချင်တယ်။ နောက်တစ်ခါအာဏာရှိနေတဲ့ NLD အစိုးရကိုယ်၌ကိုယ်က AA ကိုချေမှုန်းဖို့ အမိန့်တွေပေးခဲ့တယ်။ ဒါတွေဟာ AA ရဲ့ရင်ထဲမှာ ဘယ်လိုမှဖျောက်ဖျက်လို့မရတဲ့ ဒဏ်ရာတွေဖြစ်တယ်။ ရခိုင်ပြည်သူလူထုတွေရဲ့ရင်ထဲမှာ စိတ်ဒဏ်ရာတွေ အနာကြီးနာခဲ့တယ်။ ဒီတော့ ဖေဖော်ဝါရီ (၁) ရက်နေ့စစ်အာဏာသိမ်းပြီးတဲ့နောက် ရခိုင်ပြည်မှာတိုက်ပွဲတွေမဖြစ်ဘူး၊ ရခိုင်ပြည်မှာ ဆန္ဒထုတ်ဖော်မှုတွေမရှိဘူး။ ရခိုင်ပြည်အေးဆေးတည်ငြိမ်စွာနဲ့ သူ့ဟာနဲ့သူရပ်တည်ခဲ့တဲ့အနေအထားရှိတယ်ပေါ့။ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းမပါဝင်လည်းဘာမှမဖြစ်ဘူးဆိုတဲ့အမြင်မျိုး ပုံဖော်တယ်ပေါ့။ ဒီတော့ ဒီဖက်ကအနေနဲ့ လက်ရှိတော်လှန်ရေးမှာ AA မပါကောင်းလားဆိုပြီးတော့ အပစ်တင်နေလို့တော့မဖြစ်ဘူးထင်တယ်။ AA အနေနဲ့ သူ့အလုပ်သူလုပ်နေတာလို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

မေး။     ။ NUG က ၁၉၈၂ နိုင်ငံသားဥပဒေကိုပြင်ဖို့အပါအဝင် ဘင်္ဂါလီ(ခ) ရိုဟင်ဂျာတွေနဲ့ လက်တွဲတာတွေ၊ ကတိကဝတ်တွေပေးလာတာတွေရှိ တာပေါ့။ NUG ရဲ့အခုလိုလုပ်ဆောင်ချက်တွေက ရခိုင်ပြည်သူလူထုအပေါ် အကောင်း/အဆိုး ဘယ်လိုသက်ရောက်မှုရှိမလဲ ဆရာ။

ဖြေ။      ။ ဘင်္ဂါလီ(ခ)ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ဆိုတာမှာ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးပါတီတစ်ခုကပဲ ဆုံးဖြတ်လိုက်လို့က တော့ အဆင်ပြေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂါလီ(ခ)ရိုဟင်ဂျာတွေနဲ့ ရခိုင်တွေဟာ နယ်နိမိတ်ချင်းဆက်စပ်နေတယ်။ သမိုင်းတစ် လျှောက်လည်း အတူတူတွဲပြီးနေလာခဲ့တဲ့ကာလတွေအများကြီးရှိတယ်။ ဒီတော့ရခိုင်ပြည်သူတွေရဲ့ သဘောထားဆန္ဒ ကိုလည်း ရယူဖို့လိုတယ်။ ကျွန်တော့်အမြင်ကတော့ ဘင်္ဂါလီ(ခ)ရိုဟင်ဂျာတွေက ရှည်လျားတဲ့သမိုင်းကြောင်းအရ ရခိုင်တွေနဲ့အတူ တွဲနေလာတဲ့အတွက် နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေကို နိုင်ငံသားပေးတာဟာ ပြဿနာမဟုတ်ဘူး။ သို့သော်လည်း ခေတ်အဆက်ဆက်အုပ်ချုပ်လာ ခဲ့တဲ့အစိုးရအဆက်ဆက်ဟာ နယ်စပ်တံခါးကိုတော့မပိတ်ပဲနဲ့ ရခိုင်ပြည်နဲ့ဗမာပြည်ကို ထွက်ပေါက်တွေဖြစ်တဲ့ အမ်းတောင်ကြား လမ်း၊ တောင်ကုတ်တောင်ကြားလမ်း၊ ဂွလမ်းတွေကို ပိတ်ပြီးဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ထဲမှာပဲထားခြင်းဟာ ပြဿနာတစ်ခုလို့ ကျွန်တော်တို့အနေနဲ့မြင်ပါတယ်။ NUG ရဲ့အကြပ်အတည်းကာလမှာ နိုင်ငံတကာထောက်ခံမှုလိုတဲ့အတွက် ဘင်္ဂါလီ(ခ)ရိုဟင်ဂျာတွေကို အသုံးချ တယ်လို့တော့ ကျွန်တော်ကတော့မြင်ပါတယ်။ ဒီလိုအသုံးချတဲ့အတွက် အနာဂတ်မှာရခိုင်ပြည်မှာဖြစ်လာမယ့်ပြဿနာတွေကို NUG ကတာဝန်ခံရမယ်လို့ကျွန်တော်ကတော့ မြင်ပါတယ်။

မေး။     ။ အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ရပ်နားတာတွေ ဆိုင်းငံ့တာတွေဖြစ်နေတာတွေ့ရတယ်၊ တရုတ်စီမံကိန်းတွေကတော့မရပ်တဲ့အပြင်ပိုလို့တောင် တိုးလာဖို့ရှိတာတွေ့ရတယ်ပေါ့နော်၊ ရခိုင်ပြည်မှာဆိုရင် ကျောက်ဖြု စီမံကိန်းပေါ့ တရုတ်စီမံကိန်းတွေအပေါ်ရခိုင်ပြည်သူတွေရဲ့သဘောထားက ဘယ်လိုရှိမယ်လို့ဆရာမြင်ပါသလဲ။

ဖြေ။      ။ ကျွန်တော့်အနေနဲ့ကတော့ ရခိုင်ပြည်မှာ ပြည်သူတွေအတွက်အကျိုးမရှိဘဲလုပ်နေတဲ့စီမံကိန်းတွေအားလုံး ရပ်တန့်သင့် တယ်လို့မြင်ပါတယ်။ အုပ်ချုပ်သူ သို့မဟုတ် စစ်တပ် သူတို့ရဲ့အကျိုးစီးပွားအတွက်ပဲလုပ်နေတဲ့လုပ်ငန်းတွေအားလုံးရပ်တန့်ရမှာ ဖြစ်ပါတယ်။

မေး။     ။ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဆရာ။

ဖြေ။      ။ ကျွန်တော်တို့နိုင်ငံဟာပြည်ထောင်စုနိုင်ငံဖြစ်တယ်။ မတူသောလူမျိုးတွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီလူမျိုးတွေရဲ့ရပိုင် ခွင့်ဟာဒီနိုင်ငံမှာရှိကိုရှိနေတယ်။ ကျွန်တော်တို့ကိုသမိုင်းပုံဖျက်ပြီးတော့ ပညာရေးစနစ်တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကိုဖျက်ပြီး တော့တလွဲအသိတွေထည့်နေတယ်။ ဒီဟာတွေကိုပြင်ပေးစေချင်တယ်လို့ ကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ဖက်ဒရယ်ဂျာနယ်ကနေ အထူးကျေးဇူးတင်ပါတယ်ဆရာ။