• Today is: Saturday, February 24, 2024

တိုင်းပြည်တည်ဆောက်ရေး နည်းသစ်

တိုင်းပြည်တည်ဆောက်ရေး နည်းသစ်

  • တကယ်တော့ နည်းသစ်လို့တောင် ပြောလို့ မရပါ။ နည်းဟောင်းဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ သိပ် ဂရုမမူ သတိမထား အပြော မများကြပါ။ တိုင်းပြည်တည်ဆောက်ရေးကို ပဋိညာဉ်တွေ၊ စာချုပ်တွေ၊ ကတိကဝတ်တွေ၊ သဘောတူညီမှုတွေနဲ့ နိုင်ငံရေးနည်းအားဖြင့် လုပ်ကြတာကလည်း တစ်ပိုင်း ဖြစ်ပါတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ နိုင်ငံရေးအရ မစွမ်းနိုင်မယ့် တိုင်းပြည်တည်ဆောက်ရေးကို ယဉ်ကျေးမှုအနုပညာအရ စွမ်းဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ အမာနည်းအားဖြင့် မစွမ်းနိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာတွေကို အပျော့နည်း အားဖြင့် ဆိုင်ရာ ဆိုင်ရာ နယ်ပယ် ကဏ္ဍ အလွှာ အသီးသီးက ပညာတတ် စာတတ် အနုပညာသမား စာပေသမား အသိရှင် အတတ်ရှင်တွေက စွမ်းဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးမှာ နိုင်ငံရေးအရ အစေးကပ်အောင် လုပ်လို့ မရတာတွေကို ယဉ်ကျေးမှုအားဖြင့် အစေးကပ်အောင် လုပ်ကြဖို့ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံအမြင်နဲ့ ချည်းကပ်ရမှာ ဖြစ်ပါတယ်။ တိုင်းရေးပြည်ရာဆိုတာ နိုင်ငံရေးနဲ့သာ သက်ဆိုင်တဲ့အရာ မဟုတ်ပါ။ စီးပွားရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ များစွာသက်ဆိုင်နေပါတယ်။ သို့သော် လည်း ဒီနေရာမှာ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာပြည်မှာ ဘာသာရေးအမှတ်သရုပ်အားဖြင့် ကွဲပြားတာတွေရှိလို့ ဘာသာရေးကို တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ အသုံးမပြုဖို့ ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ တိုင်းပြည်တည်ဆောက်ရေးကိစ္စကို ဘာသာရေးနည်းအားဖြင့် ကိုင်စွဲပြီး လုပ်ဆောင်ခဲ့တဲ့ ဦးနုဟာ – ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက် လေးခဲ့ရပါတယ်။ (အတန်းကျောင်းပညာရေးမှာ ဗုဒ္ဓဘာသာသင်ခန်းစာတွေ သင်ကြားရေး စီမံကိန်းနဲ့ပတ်သက်ပြီး ဦးနု ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေကို လေ့လာပါ) ဘာသာရေးအမှတ်တံဆိပ်ကို ကိုင်ပြီး တိုင်းပြည်တည်ဆောက်ရေးကို ကြိုးပမ်းပေမယ့် ဦးနုရဲ့ စေတနာ ဟာ ဝေဒနာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာကို မကိုးကွယ်တဲ့ နိုင်ငံသား၊ လူမျိုးစုတွေနဲ့ပတ်သက်ရင် ဘေးထွက်ဆိုးကျိုး ထွက်ခဲ့တာတွေ ရှိပါတယ်။ ဒါ့ကြောင့် တိုင်းပြည်တည်ဆောက်ရေးမှာ soft power နည်းအား ဖြင့် ချည်းကပ်လုပ်ဆောင်ရမယ်ဆိုပေမယ့်၊ ဘာသာရေးနဲ့ ပြန်လည် သိုင်းဝိုင်းခြင်းကို လက်ရှောင်ထားကြဖို့ ဖြစ်ပါတယ်။

ဒီတော့ တိုင်းပြည်တည်ဆောက်ရေးမှာ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ယဉ်ကျေးမှုအရ၊ လူမှုရေးအရ ပေါင်းစည်းနိုင်ဖို့ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုတာမှာ ဘာတွေ ပါဝင်သလဲ။ ယဉ်ကျေးမှုဆိုတာ ဘယ်လို သဘောရှိပါ သလဲ။ ယဉ်ကျေးမှုရဲ့ သဘာဝက ဘာလဲ။ ယဉ်ကျေးမှုနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ လူမျိုးစုအချင်းချင်း အစေးကပ်အောင် လုပ်ကြဖို့ ဆိုတာမှာ၊ ဘယ်လို နည်းတွေ ဟန်တွေနဲ့ လုပ်ဖို့ လိုပါသလဲ။ အဲသည်လို လုပ်ရင်လည်း ဘယ်သူက တာဝန်ယူပြီး လုပ်မှာပါလဲ။

ယဉ်ကျေးမှု ဆိုတာ

ယဉ်ကျေးမှုဆိုတာကို အနက်ဖွင့်ချင်ပါတယ်။ အင်္ဂလိပ်လိုတော့ culture လို့ သုံးနှုန်းပါတယ်။ ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ လူအများ မျှဝေလက်ခံထားတဲ့ အိုင်ဒီယာအစုအပေါင်း၊ လူအများမျှဝေလက်ခံထား တဲ့ ယုံကြည်မှု အစုအပေါင်း၊ လူအများ မျှဝေလက်ခံထားတဲ့ ဓလေ့ထုံးစံအပေါင်းအစုပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုရဲ့ သဘောဟာ ဓာတ်တူရာ စုလေ့ရှိပါတယ်။ ဓာတ်သဘောတူတဲ့ ယဉ်ကျေးမှုအစုအဖွဲ့တွေဟာ တဖြည်းဖြည်းချင်း နီးကပ်ပြီး အချင်းချင်း ပေါင်းစည်းတတ်ကြပါတယ်။ ဓာတ်တူရာယဉ်ကျေးမှုအစုလေးတွေ အချင်းချင်း ပေါင်းစည်း ပြီးတော့ ယဉ်ကျေးမှုဗားရှင်းအသစ် ပေါ်ထွက်လာတတ်ပါတယ်။ အဲသည့်အခါ ယဉ်ကျေးမှုဟာ ပိုလို့ ကျယ်ပြန့်လာ ပြီး ပိုလို့ အင်အားကြီးမားလာပါတယ်။ ယဉ်ကျေးမှုတွေဟာ အချင်းချင်း ဓာတ်ပြုတတ်တဲ့သဘော ရှိတယ်။ မတူသော ဓာတ်သဘောတွေ ထိပ်တိုက်တိုးပြီး ပဋိပက္ခတွေလည်း ဖြစ်တတ်ကြတယ်။ ယဉ်ကျေးမှုများ တိုးတိုက်မှု ဖြစ်စဉ်ဟာ ၂၁ ရာစုအတွင်းမှာ အသွင်ပုံစံ အမျိုးမျိုးနဲ့ ပေါ်ထွက်လာပါတယ်။

နိုင်ငံတကာနိုင်ငံတွေအချင်းချင်းမှာ တိုးတိုက်မှု ဖြစ်စဉ်တွေ ရှိသလို၊ လူအုပ်စုအချင်းချင်းအကြားမှာလည်း ယဉ်ကျေးမှုချင်း တိုးတိုက်မှု ဖြစ်စဉ်​တွေ ရှိပါတယ်။ ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ အမြင်သဘောထားကို လက်ကိုင်ထားနေသရွေ့ ယဉ်ကျေးမှုတွေဟာ အစဉ် တိုးတိုက်နေမယ်၊ တူရာ ပေါင်းစည်းဖို့တောင် မဖြစ်နိုင်ဘူး။ ဒီနေရာ တူတယ်ဆိုတာ ဓာတ်ခံအားဖြင့် တူတယ်၊ အခြေခံအားဖြင့် တူတယ်၊ ဆင်းသက်ရာအားဖြင့် တူမျှတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပထဝီအရ – နောက်ဆက်တွဲ

တကယ်ချုပ်လိုက်ရင် ဒေသ မျိုးကွဲတွေအပေါ်မှာ အခြေခံပြီး ယဉ်ကျေးမှု ပုံစံ အမျိုးမျိုး ပေါ်ထွက်လာတာဖြစ်ပါတယ်။ ပထဝီအရ ကွဲပြားခြင်း ဟာ ယဉ်ကျေးမှုကွဲပြားခြင်းကို ပံ့ပိုးပေးတယ်။ အဲသည့်အခါ ယဉ်ကျေးမှုအုပ်စုတွေ အချင်းချင်း အားပြိုင်ကြပါတယ်။ မြေလုပွဲနဲ့ အင်ပါယာ ချဲ့ထွင်ပွဲတွေဟာ ယဉ်ကျေးမှုတွေကို ပဋိပက္ခဖြစ်စေတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လည်း ယဉ်ကျေးမှုတွေကြောင့် မြေလုပွဲတွေ ချုပ်ငြိမ်းသွားပြီး လူ့အဖွဲ့အစည်းတစ်ခုတည်း အဖြစ် ပေါင်းစည်းနေထိုင်နိုင်ကြတယ်။ ဒီနေ့ခေတ်ဟာ ယဉ်ကျေးမှုရှုထောင့်အရ မြင်ကွင်းကျယ်ကျယ် ချဲ့ထွင်ကြည့်ရမယ့် ကာလဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ လက်နက်နည်း တစ်ခုတည်းကသာလျှင် တိုင်းပြည်နဲ့ လူမျိုးကို တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ယဉ်ကျေးမှုအရ တိုင်းပြည်ကို တည်ဆောက်နိုင်ကြဖို့ ဖြစ်ပါတယ်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအလုပ်

တိုင်းပြည်တည်ဆောက်ရေးဆိုတာ အမျိုးသားအမှတ်သရုပ်ကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါတယ်။ လူမျိုးစု တွေ ကွဲပြားနေတဲ့ နိုင်ငံမျိုးမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ တစ်မျိုးသားလုံး ပေါင်းစည်းညီညွတ်ရေးကို မလုပ်နိုင် ရင် ပဋိပက္ခတွေနဲ့သာ ဒင်းကြမ်း ပြည့်နေမှာ ဖြစ်ပါတယ်။ လူမျိုးစုခေါင်းဆောင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင် အများစု ဟာ တိုင်းပြည်ကို တည်ဆောက်တဲ့အခါမှာ နိုင်ငံရေးအရသာလျှင် တည်ဆောက်ဖို့ အားသန်ကြပါတယ်။ နိုင်ငံရေး နည်းအားဖြင့် မစွမ်းနိုင်တဲ့အရာတွေမှာ ဇွတ်တိုးလုပ်ဆောင်နေရင် အလုပ်မဖြစ်ပါ။ အမာထည်ရဲ့ စွမ်းရည်တွေကိုပဲ ကြည့်မနေဘဲ၊ အပျော့ထည်တွေရဲ့ စွမ်းပကားကိုလည်း မြင်နိုင်ရပါလိမ့်မယ်။ ယဉ်ကျေးမှု အနုပညာအားဖြင့် ကွဲပြားနေတဲ့ လူအုပ်စုတွေကို နှလုံးကြည်မွှေ့အောင် လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရေတို လုပ်ရမှာ မဟုတ်ပါ။ ကဏ္ဍတစ်ခုတည်းက လုပ်ရမှာလည်း မဟုတ်ပါ။ အဖွဲ့အစည်းက လုပ်ဆောင်ရမှာလည်း မဟုတ်ပါ။ တိုင်းပြည် တည်ဆောက်ရေးအမြင် ရှိတဲ့ နယ်ပယ်အသီးသီး၊ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးက ပညာတတ် စာတတ်တွေ အနုပညာသမားတွေ စာပေသမားတွေ အသိရှင် အတတ်ရှင်တွေက ကိုယ်စီကိုယ်စီ လုပ်နေရမှာ ဖြစ်ပါတယ်။

သီချင်း ဂီတတွေဟာ သက်သေ

  • ဂီတမှာ ဘာသာစကား မရှိဘူး။
  • ဂီတမှာ လူမျိုး မရှိဘူး။
  • ဂီတမှာ ဘာသာရေး မရှိပါဘူး။
  • ဘာသာစကားအရ ဘယ်လောက်ပဲ ကွဲပြားနေသည် ဖြစ်စေ၊ လူသားအားလုံးဟာ အနုပညာနဲ့ ဂီတတွေကို ခံစားနိုင်စွမ်း ရှိကြတယ်။
  • လူမျိုးအရ ဘယ်လောက်ပဲ ကွဲပြားနေသည် ဖြစ်စေ၊ လူသားအားလုံးဟာ အနုပညာနဲ့ ဂီတတွေကို သက်ဝင်ခံစားနိုင်စွမ်း ရှိကြတယ်။
  • ကိုးကွယ်ယုံကြည်မှု ဘယ်လောက်ပဲ ကွဲပြားနေသည် ဖြစ်စေ၊ လူသားအားလုံးဟာ အနုပညာနဲ့ ဂီတတွေကို စီးမျောခံစားနိုင်စွမ်း ရှိတယ်။
  • ဂီတဟာ သက်သေပါပဲ။

ပဋိပက္ခနဲ့ တင်းအားတွေ လျော့ဖို့

ကွဲပြားနေတဲ့ လူအုပ်စုနဲ့ ပဋိပက္ခတွေ၊ အာဃာတာတွေကို တင်းအားလျော့အောင် ဖိအားတွေ လျော့နိုင်အောင် ယဉ်ကျေးမှုအားဖြင့် အနုပညာအားဖြင့် လုပ်နိုင်ကြပါတယ်။ အနုပညာရဲ့ အင်အား၊ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးနိုင်စွမ်းကို အထင်မသေးသင့်ပါ။ ချက်ချင်းလက်ငင်းအားဖြင့် ပုံပေါ်လာနိုင်သောအရာတွေ မဟုတ်ပေမယ့်၊ ရေရှည် အမြော် အမြင် ရှိရှိ ဖန်တီး သိုင်းဝိုင်းကြရင် နိုင်ငံအတွင်းမှာ ရှိတဲ့ လူမျိုးရေး အကွဲအအက်တွေကို တစ်စုံတရာ ရင်ကြားစေ့ နိုင်ပါလိမ့်မယ်။ လူအတော်များများဟာ လက်တလော အရေးပေါ်ကိစ္စတွေနဲ့ လက်ငင်းအရေးကြီးတာတွေကို အာရုံစိုက်ရင်း ခေါင်းအေးအေးထားပြီး ရေရှည် တစိုက်မတ်မတ် လုပ်ရမယ့် အရေးကြီးကိစ္စတွေအပေါ် ဂရုမပြုမိကြ တော့ပါ။

မြန်မာပြည် လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ ကျော်လာပေမယ့် ၊ တိုင်းပြည်တည်ဆောက်ရေးကို အခုအချိန်အထိ အောင်အောင်မြင်မြင် မလုပ်နိုင်သေးတာ၊ အမာထည်နည်းကိုချည်း အားကိုးလို့ ဖြစ်ပါတယ်။ နိုင်ငံရေးနည်းအားဖြင့် မတတ်စွမ်းနိုင်တာတွေကို လူ့အဖွဲ့အစည်းအတွင်းမှာ ယဉ်ကျေးမှု အနုပညာနည်းအားဖြင့် ပြည်သူတွေထဲက ပြည်သူတွေကပဲ အချင်းချင်း ဖန်တီး စုစည်းကြဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုလို့ ပြောတဲ့အခါ စာပေ ဂီတ ပန်းချီ စတဲ့အရာတွေတင် မကဘူး၊ အားကစားတွေနဲ့လည်း စုရုန်းသိုင်းဝိုင်းကြဖို့ ဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးဟာ သိမ်မွေ့တဲ့အရာဖြစ်ပါတယ်။ စီးပွားရေးအရ ကူးလူးဆက်ဆံနေရုံနဲ့ မလုံလောက်ပါ။ လူမျိုးစုအချင်းချင်းကြားမှာ ရှိတဲ့ နှလုံးသားဓာတ်ခံတွေကို ယဉ်ကျေးမှုနည်းအားဖြင့် လှုပ်နှိုးပြီး အမျိုးသားအမှတ်အသားသစ်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။

နိုင်ငံတည်ဆောက်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေး မတူ

စီးပွားရေးကို တည်ဆောက်တာ၊ စစ်ရေးကို တည်ဆောက်တာ၊ အုပ်ချုပ်မှုစနစ်တွေကို ပြုပြင်တည်ဆောက်တာ၊ ပေါ်လစီနဲ့ အင်စတီကျူးရှင်းတွေကို တည်ဆောက်တာဟာ နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေ အချင်း လူမျိုးအားဖြင့်၊ ဘာသာစကားအားဖြင့်၊ ကိုးကွယ်ယုံကြည်မှုအားဖြင့်၊ ဒေသအားဖြင့် ဘယ်လောက်ပဲ ကွာခြားနေပါစေ – တိုင်းချစ် ပြည်ချစ်စိတ်နဲ့ အမျိုးသားရေးဝိသေသခြင်းရာ တစ်ခုတည်းအောက်မှာ အတူတကွ​ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင် နိုင်ရေးကို လုပ်ဆောင်တာ တိုင်းပြည်တည်ဆောက်ရေးဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေး အလုပ်တွေကို နိုင်ငံရေးနည်းအားဖြင့်သာ ဦးတည်လုပ်ဆောင်ရမှာ မဟုတ်ဘူး။ ယဉ်ကျေးမှု အနုပညာနည်းနဲ့ ရေရှည် တစ်ယောက်ကို တစ်ယောက် လက်တွဲနိုင်အောင် ၊ နားလည်မှုတွေ ရှိအောင်၊ ချစ်ကြည်မြတ်နိုးနိုင်အောင် လုပ်ဆောင် နိုင်ပါလိမ့်မယ်။

တိုင်းပြည်တည်ဆောက်ရေးမှာ နိုင်ငံရေးအရ မစွမ်းနိုင်တာတွေကို ယဉ်ကျေးမှုအရ စွမ်းနိုင်အောင် ပေါင်းစည်း နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအလုပ်ကို ယဉ်ကျေးမှုအနုပညာနည်းအားဖြင့် လုပ်ဆောင်ကြဖို့၊
  • နိုင်ငံရေးအရ မစွမ်းနိုင်တာတွေကို ယဉ်ကျေးမှုနည်းအရ စွမ်းအောင် လုပ်နိုင်ကြဖို့၊
  • တိုင်းချစ်ပြည်ချစ်စိတ် တည်ဆောက်ရေးမှာ စာပေ ကဗျာ သီချင်း ဂီတ ပန်းချီ စတဲ့အနုပညာ ယဉ်ကျေးမှုတွေ အပြင် အစားအသောက်နဲ့ ပတ်သက်တာ၊ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တာ၊ အားကစားနဲ့ပတ်သက်တာ စတဲ့အရာတွေနဲ့လည်း တည်ဆောက်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။

 

မင်းသေ့ (ဆောင်းပါး) 

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၇၊ ၂၀၂၁