• Today is: Sunday, April 14, 2024

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့် ဆက်သွယ်မေးမြန်းချက် အစီအစဉ်

ဒီတပတ်မှာတော့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ရဲ့ (အတွင်းရေးမှူး) နိုင်အောင်မိုင်းနဲ့ ဖက်ဒရယ်ဂျာနယ် သီးသန့် ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်လိုက်ပါတယ်။

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၄၊ ၂၀၂၁

မေး။ ။ပထမဆုံးအနေနဲ့ ဆရာတို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ရဲ့ ဘယ်လို ပုံစံနဲ့ ဖွဲ့စည်းထားသာကို အရင်ဦးဆုံးပြောပေးပါ။

ဖြေ။ ။ဖက်ဒရယ်ဂျာနယ်နဲ့ အင်တာဗျူးခွင့်ရတဲ့အတွက် ဝမ်းသာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီကို ၁.၂.၂၀၂၁ နေ့မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဥပက္ခာ ပြုပြီး မြန်မာစစ်တပ်မှ အာဏာသိမ်းခဲ့သည်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်တီကို မတ်လ ၂၅ ရက် ၂၀၂၁ ခုနစ်တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီမှာ ပါဝင်တဲ့နိုင်ငံရေးအင်အားစုများကတော့ ပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ တအာင်း လူမူရေး အဖွဲ့အစည်းများနှင့် တအာင်းနိုင်ငံရေးခေါင်းဆောင်များတို့ဖြင့် ဖွဲ့စည်းထားပါတယ်။

မေး။ ။ တစ်ချို့တိုင်းရင်းသားအုပ်စုက ဖက်ဒရယ်အဆင့်ကို ကျော်ပြီး စဉ်းစားနေတယ်လို့ ကြားရတယ်။ တချို့က Pre-Panglong ကို ပြန်သွားချင်တာမျိုးပေါ့။ ဆိုတော့ ဆရာတို့ အဖွဲ့က ဘယ်လိုသွားဖို့ စဉ်းစားထားပြီလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံရေးအခြေအနေများက တိုင်းရင်သားများက တစ်ဖွဲ့နှင့်တစ်ဖွဲ့က နိုင်ငံရေးဖြစ်စဉ် နိုင်ငံရေးခံ ယူချက် မတူညီခြင်း၊ နိုင်ငံရေးနောက်ခံမတူညီမူသောကြောင့် လက်ရှိနိုင်ငံရေးဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်း အကျင်းများကလည်း မတူညီတာကိုတွေ့မြင်သိရှိရပါတယ်။ တိုင်းရင်သားများအားလုံးက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တည်ဆောင်ရေးနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို လိုလားနေတယ်ဆိုတာ တိုင်းရင်းသားများအားလုံး အသိပါဘဲ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်တီအနေနဲ့ အဖွဲ့အစည်းကိုစတင်ဖွဲ့စည်းချိန်ကတည်းက အဖွဲ့၏ ရည်ရွယ်ချက်များကို ချမှတ်ထားပါတယ်။ အဲဒါတွေကတော့

(၁) အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊

(၂) တအာင်းဒေသအတွင်းရှိ ပြည်သူများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး

(၃) တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး

(၄) တအာင်းပြည်နယ် တည်ဆောက်ရေး

(၅)ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး စသည့်တို့ ဖြစ်ပါသည်။

ကျနော်တို့ကတော့ ဖက်ဒရယ်ကိုပိုပြီး ဉီးတည်သွားချင်ပါတယ်.. ဖက်ဒရယ်ရမှ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးက ရနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ဆိုလိုချင်တဲ့ ဖက်ဒရယ်က အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုဆိုလိုခြင်းဖြစ်တယ် ဉပမာ – ဖက်ဒရယ်ပြောလိုက်တာနဲ ့ပြည်နယ်သစ်ကို လက်မခံနိုင်တာမျိုးတော့မဖြစ်သင့်ဘူး.. ပြည်နယ်သစ်လိုချင်သူတွေက တောင်းဆိုခွင့်ရှိတယ်… Criteria ပြည့်မှီတယ်ဆိုရင် ပြည်နယ်သစ် တည်ထောင်ခွင့်ရှိတယ်.. တပြိုင်နက်တည်းမှာ ကျနော်တို့ပြောတဲ့ ဖက်ဒရယ်က ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိပြီး ဒေသန္တရအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေလွတ်လပ် စွာရှိနေရ မယ်… လူနည်းစုအခွင့်အရေးတွေကာကွယ်နိုင်ရမယ်…. ဒီလိုမျိုးဖက်ဒရယ်ကိုပိုလိုချင်ပါတယ်…

မေး။ ။ NUG/NUCC နဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိပါသလား။ ဘယ်အဆင့်ထိ ချိတ်ဆက်ထားမှု ရှိပြီလဲ။

ဖြေ။ ။ NUG အစိုးရအနေနဲ့ နိုင်ငံပြောင်းလဲရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ယုံကြည်ပါတယ်၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံအနေနဲ့ NUG အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအနေဖြင့် ပါဝင်ဆောင်ရွက်နေပါတယ်။ နောက်ပြီး CRPH အဖွဲ့အတွင်လည်း အတွင်းရေးမှူးအဖွဲ့ နေရာမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ NUCC က Federal Democracy Charter 1,2 ကိုပြန်လည် ဆန်းစစ်ချိန် ကစပြီး ယခုအချိန်ထိပါဝင်လာနေတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်က လူထုကို ကိုယ်စားပြုပြီး လူထုအကျိုးကိုဆောင်ရွက်နိုင်ရန်နှင့် ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေသော အဖွဲ့အစည်းများကို စုစည်းပြီး အာဏာရှင်စနစ် ပြုတ်ချနိုင်ရေးအတွက်  NUG နှင့် NUCC တို့က ချိတ်ဆက်ဆောင်ရွက်ဖို့လိုအပ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်ဆောင်ရွက်နေတဲ့ မည်သည့် အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။

မေး။ ။ ဆရာတို့အနေနဲ့ ပြည်နယ်အစိုးရ ဖွဲ့ဖို့ အစီအစဉ်ရှိပြီလား။ ဘယ်လိုပြင်ဆင်ထားပါသလဲ။ NUG နှင့် အနိုင်ရပါတီ/ကိုယ်စားလှယ်များအခန်းကဏ္ဍကို ဘယ်လိုထည့်သွင်း စဉ်းစားထားပါသလဲ။

ဖြေ။ ။ အနာဂတ်အတွက် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ တအာင်းပြည်နယ် တည်ဆောက်ရေးကတော့ အစိုးရတစ်ရပ် (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းနဲ့ ပြည့်မှီနိုင်အောင်စီမံလုပ်ဆောင်ရမှာ ကျနော်တို့တာဝန်ပဲလို့နားလည်ထားပါတယ်။ 

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ၏ လုပ်ငန်းစဉ်ကဏ္ဍတစ်ခုအနေနဲ့လက်ရှိမှတော့  CRPH  ၏ လမ်း ညွန်ချက်များနှင့်အညီ ကြားကာလ တအာင်းဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- Ta’ang Region Administration အဖွဲ့ကို ဖွဲ့စည်းထားပြီး အကာအကွယ်ကင်းမဲ့နေတဲ့ လူထုကိုကူညီနိုင်ရန်အတွက် ဆောင်ရွက်ပေးနေတယ်။

မေး။ ။ ဆရာတို့အဖွဲ့ရဲ့ အဓိက စိန်ခေါ်မှုက ဘာတွေဖြစ်နေတယ်ဆိုတာကို ပြောလို့ရမလဲ။

ဖြေ။ ။ တအာင်းဒေသမှာ လက်နက်ကိုင်ဖွဲ့အစည်းများပြားတဲ့အတွက်ကြောင့် ဒေသခံပြည်သူများကို ဖိနှိပ်ခြင်း၊ စစ်သားစုဆောင်ခြင်း၊ ငွေကြေးကောက်ခံနှင့် ကိုဗစ်ရောဂါကြောင့်ရယ် အလုပ်လုပ်ရတာ ခက်ခဲဖြစ်တယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေးအရ နားလည်ထားတဲ့ ဖက်ဒရယ်အခြေခံမူတွေကို လက်တွေ့ကျကျ လက်မခံနိုင်သေးတဲ့ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ညှိနှိုင်းရတဲ့အခါမျိုးတွေလည်းရှိတယ်။ ကျနော်တို့ နိုင်ငံက လူမျိုးကြီးဝါဒက ကြီးစိုးထားတော့ ဗမာလူမျိုးကြီးဝါဒအပြင် တခြားတိုင်းရင်းသားလူမျိုးများကလည်း လူမျိုးကြီးဝါဒကလည်း ကျင့်သုံးနေတယ်။ အဲဒါတွေကို ဖြေရှင်းဖို့က လူမျိုးကိုအခြေခံပြီး စဉ်းစားနေကြတဲ့အခါ စိန်ခေါ်မှုအများကြီးရှိတယ်… ကျနော်ထင်တယ် လူမျိုးကြီးဝါဒ ကိန်းအောင်းနေသရွေ့တော့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ကအလှမ်းဝေးနေဉီးမယ်…

သာဓကအားဖြင့် ရှမ်းပြည်နယ်မှာဆိုရင် ကျနော်တို့ တအာင်းလူမျိုးတွေကို ခေတ်အဆက်ဆက်က ဖိနှိပ်ထား တာအများကြီးပဲ …. လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအများဆုံးခံရတဲ့ လူမျိုးစုထဲမှာ တအာင်းလူမျိုးစုလည်း ပါတယ်… ဒါကိုဖြေရှင်းဖို့ဆိုရင် လူမျိုးကိုအခြေခံပြီးဖြေရှင်းလို့မရဘူး… အရင်းအမြစ်ကို အခြေခံပြီး ဘယ်သူမှားတယ်မှန်တယ် ဘယ်လိုပကတိ အမှန်တရားနှင့်တရားမျှတမူ အခြေခံပြီး ဖော်ဆောင်ဖို့လိုအပ်တယ်။ ငါ့လူမျိုးကျူးလွန်တာမို့လို့ ငါလျစ်လျူရှုမယ်ဆိုရင်တော့ စိတ်မျိုးမရှိဖို့လိုအပ်တယ်။

မေး။ ။ NUG က D-Day ကြေညာထားတာ နှစ်လနီးပါးရှိပေမယ့် ပြည်မ(ရန်ကုန်-မန္တလေး-နေပြည်တော်)မှာတော့ စစ်ပွဲတွေကို မမြင်တွေ့သေးဘူး။ အခုလို စစ်ပွဲခေါ်သံ ကြေညာခဲ့တာက စစ်ရေးအရ မဟုတ်ဘဲ UNGA ကုလညီလာခံနဲ့ ချိန်ကိုက်ပြီး နိုင်ငံရေးသက်သက်နဲ့ ကြောညာတာလားလို့  တစ်ချို့က မေးခွန်းထုတ်ကြတာရှိတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။D Day ကြေညာပြီးနောက်ပိုင်းမှ ပြည်မမှာအာဏာရှင်ကို ဆန့်ကျင်တဲ့ပုံစံ သိသိသာသာပြောင်းလဲသွား တာကိုတွေ့ရပါတယ်။ ပြည်မမှ မြို့သိမ်းတိုက်ပွဲ မလုပ်ဆောင်နိုင်သော်လည်း မြို့ပြောက်ကျားတိုက်ပွဲတော့ များလာတာကိုတွေ့ရပါတယ်။ D Day ကို အဲအချိန်မှာကြေညာခဲ့လို့ အခုချိန်ထိခရီးရောက်လာတယ်လိုတော့ သုံးသပ်မိပါတယ်။

အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူလူထုကို နည်းလမ်းပေါင်းစုံဖြင့် အပြစ်လိုက်ရှာတာမျိုးတွေ လုပ်ပြီး မတရားဖမ်းဆီးမှုများ ပြုလုပ်နေပါတယ်။ အာဏာသိမ်းစစ်ကောင်စီနှင့် အတိုက်အခံလုပ်နေတာက ဒေသခံ PDF  ပိုများနေတာကို တွေ့ရတယ်၊ NUG အစိုးရကလည်း နိုင်ငံတကာနှင့် ပြည်သူ့လူထု ပိုမိုလက်ခံလာနိုင်အောင် အလုပ်ပိုလုပ်ဖို့တော့ လိုအပ်တယ်။

မေး။ ။ အခုဆိုရင် လူထုလှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နည်းလမ်းတစ်ခုတည်း မဟုတ်တော့ဘဲ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်အထိကို ဉီးတည်လာနေတာပါပြီ။ အဲဒါဟာ ဆယ်စုနှစ် သုံးခုကြာ ဒေါ်အောင်ဆန်းစုကြည့် ကိုင်စွဲထားတဲ့ လမ်းစဉ်မဟုတ်လေတော့ အကယ်၍ သူလွတ်လာရင် NUG/NUCC နဲ့ လက်ရှိ နွေဉီးတော်လှန်ရေး အပြောင်းအလဲ၊ အက်ကြောင်း သို့မဟုတ် ဂယက်ရိုက်မှု ရှိနိုင်မလား။

ဖြေ။ ။ပြည်သူလူထု လှုပ်ရှားက အကြမ်းမဖက်ဘဲ တိုင်းပြည်တည်ဆောက်ဖို့ ကြိုးစားခဲ့သော်လည်း အာဏာသိမ်း စစ်ကောက်စီ၏ အကြမ်းဖက်ဖိနှိပ်မှုမျိုးစုံတို့ကို အသက်ပေးပြီးခံခဲ့ရတယ်။ အခုလို လက်နက်ကိုင်လိုက်ရတာက လူထု ကရွေးချယ်ခဲ့တာမဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီကတွန့်ပို့လိုက်တာဖြစ်တယ်။

နွေဉီးတော်လှန်ရေးက လူငယ်တွေ ဦးဆောင်လာလို့ ဒီလောက်အထိ အရှိန်တက်လာတာဆိုတာမမှားဘူး.. တကယ်လို့သာ လူငယ်တွေရဲ့ ပါဝင်မှုက ဒီလိုအရှိန်အဟုန်မကြီးဘူးဆိုရင် တော်လှန်ရေးက ဒီလောက်အထိ အင်အားကြီးမှာမဟုတ်ဘူး.. ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည် က လက်ခံအသိအမှတ်ပြုရမယ်လို့ထင်ပါတယ်။ နွေးဦးတော်လှန်ရေးက အာဏာသိမ်းစစ်ကောင်စီကို ပြုတ်ကျရေးအတွက် ပြည်သူ့လူထုမှ ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးဖြစ်နေတယ်။

နောက်တစ်ခုက NUCC Platform ကို ဒေါ်အောင်ဆန်းစုကြည် ကလက်မခံနိုင်ဘူးဆိုရင်တော့ … ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ်က အလှမ်းဝေးနေဉီးမယ်လို့ သုံးသပ်မိတယ်… ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာ တစ်ခါမှ မရှိဖူးတဲ့ အခင်းအကျင်းဖြစ်တယ်… NUCC ဟာ စစ်တပ်မပါပဲ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုဖြစ်သလို ဖက်ဒရယ်အခြေခံမူကို Political Guidance ပေးမဲ့ အခန်းကဏ္ဍဖြစ်တဲ့အတွက်ကြောင့် အင်မတန်အရေးကြီး ပါတယ်… ဒါကြောင့် NUCC ၏ လုပ်ပိုင်ခွင့် တာဝန်ဝတ္တရားတွေက မြန်မာနိုင်ငံမှာရှိနေတဲ့ စုစည်းထားတဲ့ အစုအဖွဲ့အားလုံးရဲ့ မူပိုင်တွေဖြစ်တယ်။

မေး။ ။ CRPH ရဲ့ Federal Democracy Charter (FDC) မှာ တိုင်းရင်းသားတွေလိုလားတဲ့‘အခြေခံမူ”တွေက တော်တော်လေးတော့ ပြည့်စုံပြီးပေါ့နော်။ သို့သော် တိုင်းရင်းသား တစ်ချို့လိုလားတဲ့ “နိုင်ငံတော်နာမည်ကို လူမျိုး တစ်ခုတည်းအခြေမခံဘဲ နာမည်သစ်နဲ့ ပြောင်းလဲရေးနဲ့ ဗမာ(မြန်မာ) လူမျိုးအခြေခံသော ပြည်နယ်ထားရှိရေး စတဲ့ အဆင့်ထိ လိုက်လျောဖို့က ဗမာ(မြန်မာ)နိုင်ငံရေးခေါင်းဆောင်များဘက်က လိုက်လျော်နိုင်မလား။

ဖြေ။ ။ ယခုပြင်ဆင်နေတဲ့ FDC မှာပါတဲ့ ဖက်ဒရယ်အခြေခံမူကတော့ အတော်အသင့် ပြည့်စုံတယ်ထင်ပါတယ်။ တိုင်းပြည်၏ အမည်ကို ပြောင်းလဲဖို့လိုပြောတဲ့အချိန်မှာ ပြည်သူလူထုက ပြောင်းလဲဖို့ လိုအပ်တယ်လို့ ခံယူထား လျှင် လူထု၏ ဆန္ဒကို မလွဲမသွေဆောင်ရွက်ပေးရမယ်ဖြစ်တယ်။ လက်ခံနိုင်တဲ့ အားလုံးက လက်ခံဖို့လိုအပ်တယ်။ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင် တိုင်းရင်းသားများက လိုလာနေသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နိုင်ငံခေါင်းဆောင်များက လက်ခံဖို့အသင့်ဖြစ်ဖို့လိုတယ်။

မေး။ ။ နောက်ဆုံး မေးခွန်း အနေနဲ့ပါ နိုင်ငံကကာနဲ့ ဒေသတွင်း နိုင်ငံများရဲ့ အခန်းဏ္ဍ ဘယ်လောက်အထိ အရေးပါသလဲ။ လူထုက ဘယ်လောက်ထိ မျှော်လင့်ရမှာလဲ။ 

ဖြေ။ ။ အာဏာသိမ်း စစ်ကောင်စီကို အစိုးရအနေဖြင့် အသိအမှတ်မပြုဖို့ နိုင်ငံတကာ ဖိအားပေးဖို့ လိုအပ်သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး အနိုင်ရတဲ့ပါတီနှင့် NUG အစိုးရကိုလည်း ထောက်ခံပေးဖို့ လိုအပ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာက ဖိအားပေးနေတာ အတိုင်းအတာတစ်ခုထိတော့ ရောက်ရှိနေပါတယ်။ စစ်အာဏာရှင် ပြုတ်ကျရေးအတွက်က နိုင်ငံတကာ၏ ဖိအားတစ်ခုတည်းနဲ့ သွားပြီး ပြောင်းလဲဖို့တော့ ခက်နေအုံးမယ်။ ပြည်သူလူထုအင်အား တိုင်းရင်းသား လက်နက်ကိုင် အင်အား PDF အင်အား အဖွဲ့အစည်းများ အားလုံးက စုပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်ဖို့ လိုအပ်နေပါတယ်။