• Today is: Sunday, February 25, 2024

နွေဦးအမြင် – ၂၀၂၁

နွေဦးအမြင် – ၂၀၂၁

  • ၁။ နိုင်ငံရေးဟောကိန်း မဟုတ်ပါ။ လက်တွေ့ကျကျ မြင်တဲ့ အမြင်လို့ ယူရင် ရပါတယ်။ သို့သော်လည်း နှုန်းစံသမားတွေကတော့ ကြိုက်မယ် မထင်ပါ။ ကြိုက်ခြင်း – မကြိုက်ခြင်းကို အသာထား၊ ပြည်သူလူထု အတွက် သတိချပ်စရာမို့၊ မဖြစ်မနေ ပြောရပါမယ်။
  • ၂။ လက်ရှိ တည်ဆဲအဖြစ်အပျက်တွေဟာ တော်ရုံနဲ့ ပြီးစီးနိုင်မယ်လို့ မမြင်ပါ။ မြန်မာတွေ အများစု ဘုရားရှေ့ ဆုတောင်းသလို “နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏” လို့ ဆုတောင်းတိုင်း မရပါ။ အားထုတ်မှ ရပါမယ်။ အားထုတ်တဲ့အခါမှာလည်း တစိုက်မတ်မတ် အားထုတ်ဖို့ လိုတယ်။ အဲသည့်မှာ၊ သက်လုံက စကားပြောလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိဒီမိုကရက်တစ်ဘက်တော်သားတွေဆီကို ဖက်ဒရယ်လစ်အင်အားစုတွေ စစ်ရေးအရ၊ နိုင်ငံရေးအရ တစ်ပေါင်းတစ်စည်းတည်း ဖြစ်နိုင်ရေးဟာ ရလဒ် အဖြေကို ထုတ်သွားမယ် ထင်ပါတယ်။ သို့သော်လည်း လူထုအတွက်ကတော့ “အကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးကို ရင်ဆိုင်ရန် အသင့်” ဆိုတဲ့ စိတ်ကို မွေးမြူပြီး၊ သတိနဲ့ အသိနဲ့ လုံ့လဝီရိယနဲ့ အမြော်အမြင်နဲ့ တော်လှန်ရေးသက်လုံကို တောင့်ခံသွားရမယ်လို့ ယူဆပါတယ်။
  • ၃။ ဖက်ပြိုင်နေတဲ့အုပ်စုအားလုံးဟာ မဖြစ်မနေငြိမ်းချမ်းရမယ်ဆိုတဲ့ ဘုံမြင်ကွင်းအပေါ်မှာ ရပ်ခံမနေကြ ပါ။ အချင်းချင်း အပြန်အလှန် အပြုတ်တိုက်၊ အပြတ်ရှင်းလမ်းစဉ်ကို လျှောက်နေကြတယ်ဆိုတာ ပြည်သူ တွေ နားလည်ပြီး ဖြစ်မှာပါ။ “သွားရမည့် ခရီးကား ဝေးသေး၏” လို့ တွက်ဆထားစေချင်ပါတယ်။ တကယ် လည်း ဝေးနေပါသေးတယ်။ ဒီတော့ လူထုဟာ တော်လှန်ရေးသက်လုံကို မကျအောင် ဘယ်လို ဖြည့်ကျင့် ထားမလဲ၊ ဘယ်လို ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ တွက်ဆထားဖို့ လိုမယ် ထင်ပါတယ်။
  • ၄။ လူထုမှာ “ရပ်တည်မှု အကျပ်အတည်း” တဖြည်းဖြည်းနဲ့ ကြီးလာပါလိမ့်မယ်။ တော်လှန်ရေးသက်လုံကို မြှင့်ဖို့အတွက်၊ “ရပ်တည်မှုအကျပ်အတည်း” ကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတာ စဉ်းစားထားဖို့ လိုပါ လိမ့်မယ်။ ရပ်တည်မှုအကျပ်အတည်းက “နွေဦးတော်လှန်ရေးရဲ့ ထောက်ပံ့ရေးအင်အား” ကို ချိနဲ့စေပါလိမ့် မယ်။ ဒီ့အတွက် နှစ်ဖက်စလုံးမှာ အားမနည်းဖို့ ၊ ပြင်ဆင်ဖို့ လိုမယ် ထင်ပါတယ်။ ပြင်နေကြတယ်လို့လည်း ယုံကြည်ပါတယ်။ သို့သော်လည်း မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်မြင်ပြီး ပြင်ဆင်ဖို့ ဖြစ်ပါတယ်။
  • ၅။ ဖက်ပြိုင်အင်အားစုတွေဟာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” လမ်းကြောင်းပေါ် တော်ရုံနဲ့ တက်မလာနိုင်သေးပါ။ စစ်ရေးအရ ရလဒ်သိသိသာသာ တစ်ဆစ်ချိုးပြောင်းလဲသွားနိုင်ရင်တော့၊ လမ်းစ တွေ့နိုင်ပါလိမ့်မယ်။ သို့သော် “သူမသာ ကိုယ်မသာ” အခြေအနေမျိုးမှာ၊ လွန်ဆွဲအားပြိုင်မှု ကြီးထွားနိုင်ပါ သေးတယ်။ ဒီလိုအားပြိုင်မှုကာလဟာ – စစ်ပန်းချိန် မရောက်သေးသရွေ့၊ စစ်ရေးအရ အားပြိုင်နေကြအုံး မှာ ဖြစ်ပါတယ်။ မတည်ငြိမ်တဲ့အခြေအနေမှာ၊ စားဝတ်နေရေး ကျပ်တည်းမှု တဖြည်းဖြည်း ကျယ်ပြော လာပါလိမ့်မယ်။ အသက်အန္တရာယ်ကျရောက်မှုနဲ့ နေ့စဉ် လုပ်ကြံသတ်ဖြတ်မှုတွေက ကာလအတိုင်းအတာ တစ်ခုအထိ ဆက်ရှိနေပါလိမ့်မယ်။ လက်နက်ကိုင်လမ်းစဉ်ကြောင့်၊ ဘေးထွက်ဆိုးကျိုးတချို့ ကြုံရနိုင်ပါ တယ်။ ဒီဘက်ခေတ်မှာ နိုင်ငံရေးထဲမပါဝင်တဲ့ သာမန်ပြည်သူလူထုလည်း အချိန်မရွေး သေကြေနိုင်ပါ တယ်။ ဒါ့ကြောင့် သတိချပ်နိုင်ဖို့ လိုပါတယ်။
  • ၆။ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းကို ရောက်လာပါပြီ။ မြန်မာ့နွေဦးတော်လှန်ရေးဟာ တစ်နှစ်ပြည့်ဖို့ သိပ်မလို တော့ပါ။ ယေဘုယျရှုမြင်မှုအရ၊ လူထုဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဘယ်လို စခန်းသွားကြမလဲဆိုတာ တွေးဆထားဖို့ လိုပါတယ်။ ကျနော့် ယူဆချက်ကတော့ – ယခုလျှောက်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လျှောက်လမ်းဟာ ၂၀၂၂ ခုနှစ်အကုန်လောက်မှာ ရလဒ်အားဖြင့် သိသိသာသာ ပြောင်းလဲဖို့ မျှော်လင့်ပါတယ်။ အကယ်၍သာ တစ်ဆစ်ချိုးအပြောင်းအလဲမျိုး မလုပ်နိုင်ရင်၊ မဟာဗျူဟာ ပြင်ဆင်ချက် တချို့ လုပ်ကောင်းလုပ်ရမယ် ထင်ပါတယ်။ ပန်းတိုင်ကို မပြောင်း၊ မဟာဗျူဟာကို ပြောင်းချင်ပြောင်းနိုင် တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
  • ၇။ လက်တွေ့သောရလဒ်အဖြစ် ပေါ်ထွက်စေချင်တာကတော့ ၊ လွတ်မြောက်နယ်မြေသစ် တစ်ခု တစ်ဖက်ဖက်မှာ ဖြစ်ဖြစ်၊ ဒေသတစ်ခုခုမှာဖြစ်ဖြစ် ပီပီပြင်ပြင် ပေါ်လာဖို့ မျှော်လင့်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဒိုမီနိုသက်ရောက်မှုသဘောအတိုင်း လွတ်မြောက်နယ်မြေ တည်ဆောက်နိုင်မှု ဧရိယာ ကျယ်လာမယ်လို့ ထင်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်လို့ ယူဆပါတယ်။
  • ၈။ နိုင်ငံရေးဦးဆောင်မှုအလွှာမှာ၊ နိုင်ငံရေးအမြင်နဲ့ တက်ကြွလှုပ်ရှားသူ အမြင် မတိုးတိုက်မိဖို့ လိုမယ်လို့ ယူဆပါတယ်။ လက်ရှိ မြန်မာ့နွေဦးရဲ့နိုင်ငံရေးထိပ်ပိုင်းဦးဆောင်မှုအလွှာမှာ၊ တက်ကြွလှုပ်ရှားသူနယ်ပယ် ကနေ ထိုင်ထားသူတွေ ခပ်များများ ပါဝင်နေပါတယ်။ နိုင်ငံရေးသမားအများစုဟာ တက်ကြွလှုပ်ရှားသူ အဖြစ် လှုပ်ရှားရင်း နိုင်ငံရေးသမားတွေ ဖြစ်လာကြတယ်ဆိုပေမယ့်၊ အခြေခံအားဖြင့် ရှုမြင်ပုံ ကွာခြားကြ လေ့ရှိပါတယ်။ အထူးသဖြင့် လူမျိုးစုတွေအချင်းချင်းအကြား နိုင်ငံရေးပဋိညာဉ်သဘော စုဖွဲ့ ဆွေးနွေးကြ တဲ့နေရာမှာ၊ “deliberate politics” နဲ့ “agitate politics” အကြား မျှခြေညှိနိုင်ကြဖို့ ဖြစ်ပါတယ်။ ပို၍ တိတိကျကျ ပြောရရင်၊ မဟာဗျူဟာအမြင်ကို ပိုဇောင်းပေးဆွေးနွေးနိုင်ကြဖို့ ဖြစ်ပါတယ်။
  • ၉။ လိုရင်းအချုပ်ကတော့ သုံးချက်ပဲ ဖြစ်ပါတယ်။ (၁) “သွားရမယ့်ခရီးက ဝေးသေးတယ်” “ခြေသာလျှင် ယာဉ်” သဘောထားပြီး လူထုဟာ ဆက်လျှောက်ရအုံးမယ်။ လူထုအတွက် “ရပ်တည်မှုအကျပ်အတည်း” ကို ဘယ်ပုံ ဖြေရှင်းမလဲဆိုတာ ၂၀၂၂ ခုနှစ်နှစ်ကုန်အထိ ကြိုတင်တွက်ဆပြင်ဆင်ဖို့နဲ့ တော်လှန်ရေး သက်လုံကို မြှင့်ဖို့ “ထောက်ပို့အင်အားကျမသွားဖို့” စဉ်းစားထားရမယ့် အကြောင်း ဖြစ်ပါတယ်။ (၂) လက်နက်ကိုင်လျှောက်လမ်းဟာ စစ်ရေးရလဒ်အခုအဖြစ် တစ်ဆစ်ချိုး အပြောင်းအလဲကို တွေ့ရဖို့၊ တစ်ဖက်ဖက်မှာ လွတ်မြောက်နယ်မြေ အဖြစ် အောင်ပွဲခံထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ​ရှေ့သွားနမူနာ လည်း ဖြစ်ပြီး၊ ဒိုမီနိုသဘော လိုက်လာနိုင်တဲ့ လွတ်မြောက်ဧရိယာတွေအတွက် ကနဦးရလဒ်လို့ ထင်ပါတယ်။ (၃) ထိပ်ပိုင်းနိုင်ငံရေးဦးဆောင်မှုအလွှာမှာ – “မဟာဗျူဟာနိုင်ငံရေးနည်းနာ” နဲ့ “တက်ကြွ လှုပ်ရှားနိုင်ငံရေးနည်းနာ” အကြား တိုးတိုက်မှု နည်းစေဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် အားလုံးသဘောညီ နိုင်ငံရေးပဋိညာဉ်တစ်ခု ဆွေးနွေးဆုံးဖြတ်ကြရမှာ၊ လက်တွေ့ကျတဲ့ မဟာဗျူဟာ အမြင် ကဲ စေဖို့ ဖြစ်ပါတယ်။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၂၂၊ ၂၀၂၁