• Today is: Thursday, May 30, 2024

“ဖယ်ဒရယ်လား ဖက်ဒရယ်လား”

“ဖယ်ဒရယ်လား ဖက်ဒရယ်လား” (မေစစ်မုန်း)

******************************************

နှစ်အတော်ကြာ မြန်မာ့အသိုင်းအ၀န်းမှာ ထိလွယ်ရှလွယ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ စကားဟာ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပြန်လည် အသုံးပြုလာတယ်။ အသုံးပြုလာရခြင်းကလည်း အာဏာသိမ်း စစ်အုပ်စုရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နာမည်ရဖို့၊ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ဖို့၊ ဖက်ဒရယ်မက်လုံး ပေးပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု လမ်းစခင်းဖို့ စတင်ကြိုးစားတဲ့ လုပ်ဆောင်ချက်ပါပဲ။ ဒါပေမယ့် ဖက်ဒရယ်အကြောင်း ပြောတဲ့နေရာမှာ တပ်ကပြောနေတဲ့ ဖယ်ဒရယ်၊ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ အခြား လူထုအခြေပြုအဖွဲ့အစည်းတွေ ပြောနေတဲ့ ဖက်ဒရယ် မတူဘူးဆိုတာကို ပြောကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြရင်းနဲ့ သတိထားမိလာပါတယ်။

အဲ့ဒီမှာပဲ ၂၀၀၄ – ၂၀၀၅ – ၂၀၀၆ ကာလများက ဖက်ဒရယ်ပြည်ထောင်စု(မူကြမ်း)ရေးဆွဲရေး ကော်မတီ အစည်းအဝေးရဲ့ အဖွင့်မှာ ခေါင်းဆောင်တစ်ဉီးပြောခဲ့တဲ့ စကားလေးကို သတိရမိပါတယ်။ “ဖယ်ဒရယ်”လား၊ “ဖက်ဒရယ်”လားဆိုတာ ကျနော်တို့ ကွဲပြားဖို့လိုပါတယ်။ “ဖယ်ဒရယ်”ဆိုတာ ဖယ်ထုတ်တာ (အတူတကွ နေထိုင်ဖို့ စဉ်းစားထားသူတွေကို ဖယ်ထုတ်တာ၊ အပြုသဘောမဆောင်တာ)၊ “ဖက်ဒရယ်” ဆိုတာကတော့ ဖက်တွယ်ထားတာ (အတူတကွ နေထိုင်ခြင်းမှ ရာသက်ပန် အတူယှဉ်တွဲနေထိုင်ဖို့ ကြိုးစားတာ)လို့ အဓိပ္ပါယ်ရတယ်ဆိုပြီး အန်ကယ်ယူဂျင်း (သမ္မတစဝ်ရွှေသိုက် သားကြီး)က ပြောခဲ့ပါတယ်။ အဓိက သူ့ထောက်ပြချက်ကတော့ ဆွေးနွေး ကြတဲ့အခါ ဖက်တွယ်ပြီး လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးကို ဉီးတည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုသာ ရည်မျှော်ရင်း ဆွေးနွေးခဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုပြောရခြင်းကလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ တိုက်ပွဲ၀င်နေကြသူတွေ ဖြစ်လို့ပါ။ ဒါကြောင့် ကိုယ်ကံကြမ္မာလည်း ကိုယ်ဖန်တီးနိုင်အောင် အတူတကွ ယှဉ်တွဲနေနိုင်အောင် စဉ်းစားဆွေးနွေးဖို့ အသေအချာ လမ်းညွှန်လိုက်တာပါ။

 

DPNS ပါတီကတော့ မြန်မာပြည်ကို ပြန်လည် အခြေချတဲ့အခါမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဉီးတည်ချက်ကို ဆုပ်ကိုင်ပြီး ဖက်ဒရယ်အကြောင်း ဆွေးနွေးတိုင်း ထည့်ပြောလေ့ရှိပါတယ်။

 

ဒီနေရာမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလား? ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုလားဆိုတာ ဟာလည်း မေးခွန်းဖြစ်လာပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖြစ်၊ ဒီမိုကရေစီဖက်ဒရယ်ဖြစ်ဖြစ် သိပ်အရေး မကြီးဘူး၊ အဓိကကတော့ အဓိပ္ပါယ်ဖွင့်ဆိုမှု ရှင်းရှင်းလင်းလင်း ရှိထားရင် ဘယ်လိုစကားလုံးကို သုံးမလဲဆိုတာ ဆုံးဖြတ်လို့ရတယ်လို့ စာရေးသူထင်မိပါတယ်။ သို့သော် တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ် ပြည်ထောင်စု ပြောနေချိန်မှာ “ဒီမိုကရေစီရှိရင် ဖက်ဒရယ်ဆိုတာ တည်ဆောက်လို့ ရတယ်”လို့ စဉ်းစားတဲ့အုပ်စု အားသာ‌နေသယောင် ဖြစ်နေခဲ့ပါတယ်။ စစ်အာဏာရှင်တွေဟာလည်း အဲ့လို အဖုအထစ်တွေကို ကောင်းကောင်း အသုံးချလေ့ရှိပါတယ်။

 

စာရေးသူနားလည်ထားတာက ဖက်ဒရယ်နိုင်ငံဒီမိုကရေစီစနစ်ဟာ ခေါင်းနဲ့ပန်း၊ ပန်းနဲ့ခေါင်း ခွဲမရဘူးလို့ နားလည်ထားပါတယ်။ ခေါင်းနှစ်ဘက်ပဲဖြစ်ဖြစ်၊ ပန်းချည်းပဲ နှစ်ဘက်စလုံးဖြစ်နေရင် ငွေတန်ဖိုးဆိုတာ မရှိတော့ပါဘူးလို့ စောဒကတက်လိုက်မိပါတယ်။ သို့သော် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဒီမိုကရေစီစနစ်ရဲ့ အောက် မှာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အနုကြမ်းစီးခံလိုက်ရတယ် ဆိုတာကို သမိုင်း ဖြစ်စဉ်တွေနဲ့အတူ ထောက်ပြခဲ့ပါတယ်။

 

သမိုင်းကြောင်းအရ အားလုံးကြားဖူးနေတဲ့ တိုင်းပြည်လွတ်လပ်ရေးနဲ့အတူ ပင်လုံစာချုပ်အစပြုမှုတွေ ပြန်ပြောင်း ထောက်ပြကြပါတယ်။ ရှုထောင့်အရ ချည်းကပ်ဆွေးနွေး၊ ငြင်းခုန်မှု‌တွေ မတူကောင်းမတူမယ်။ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်‌တွေဟာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့ ဗမာအများစု (အနုကြမ်းစီး) ချုပ်ပစ်လိုက်တဲ့ အခြေအနေကိုတော့ အားလုံးက တညီတညွှတ်တည်း ထောက်ပြခဲ့ကြပါတယ်။ ဒါကြောင့်လည်း ၁၉၆၁ တောင်ကြီးညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အချက်အလက်တွေကို ပြန်လည်ဆွေးနွေး ထောက်ပြခဲ့တဲ့ သမိုင်း၀င်ညီလာခံ အထောက် အထားတွေ ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်း နေ၀င်းအိမ်စောင့်အစိုးရက အာဏာသိမ်းပလိုက်တာပါပဲ။ တိုင်းရင်းသားပြည်နယ်တွေ တနည်းအားဖြင့် နိုင်ငံတွေဟာ တပြည်ထောင်အာဏာရှင်စနစ် လက်အောက်မှာ ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့ ဖြစ်နေတာ ဒီနေ့ ဒီအချိန်ထိပါပဲ။

 

ဒါကြောင့် တိုင်းရင်းသားလူမျိုးစု (ဗမာမပါ)တွေဟာ ထိလွယ်ရှလွယ်လောက်တဲ့အထိ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အခေါ်အဝေါ်ကို မလိုလားတာပါပဲ။ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီလို့သာ အသုံးပြုကြပါတော့တယ်။ တကယ်တော့ မြန်မာနိုင်ငံရေးသမားအချို့ဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေကို ဖယ်ရှားခဲ့တာကြောင့် ယခင်က “ဖယ်ဒရယ်”ဖြစ်ခဲ့တာပါ။ ဗမာအများစု တနည်းအားဖြင့် ဒီမိုကရက်အင်အားစုတွေဟာ “ဖက်ဒရယ်ပြည်ထောင်စု” ကို လက်ခံလာတာ တွေ့ရပါတယ်။

 

ဖက်ဒရယ်နိုင်ငံကို တည်ဆောက်တော့မယ်ဆို ပြည်နယ်တွေရဲ့ လားရာ၊ စုစည်းမှုကို ထည့်မတွက်လို့ မရပါဘူး။ ယခင် ပင်လုံကတိက၀တ်များကို လွဲမှားစွာ အကောင်အထည်ဖော်မှုတွေ အသေအချာ ထည့်သွင်း စဉ်းစားရပါမယ်။ ဖက်ဒရယ်တည်ဆောက်ဖို့ ကြိုးစားတိုင်း ခံစားခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထိလွယ်ရှလွယ်တဲ့ အသုံးအနှုန်းတွေလည်း ရှောင်ရှားဖို့ လိုပါတယ်။ တဆက်တည်းမှာ အမှန်တကယ် ဖက်တွယ်ပြီး၊ အတူယဉ်တွဲနေထိုင်နိုင်ကြဖို့ ဖက်ဒရယ်မြည်သော (တန်းတူရေးနှင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အမှန်တကယ် ကျင့်သုံးနိုင်သော) ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို့ ရည်မျှော်ရင်း အားလုံး ရှေ့သို့ချီ အာရုံစုစည်းကြပါစို့ရယ်လို့ ဆန္ဒပြုလိုက်ပါတယ်။

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၂၆၊ ၂၀၂၁